ဟိုရက်ကပဲ စာဖတ်သူတယောက်က comment
လာမန့်ပြီး မေးခွန်းတခု မေးထားတယ်ဗျ။
သခွားသီးပေါ် မြွေတက်ရင် ခါးတယ်ဆိုတာ ဟုတ်လားပေါ့။
သူမေးတော့မှပဲ အိမ်ကအမေပြောတာ သတိရမိတယ်။ မြွေဖြတ်သွားလို့ မြွေလျှပ်ပြေးသွားလို့ သခွားသီးတွေခါးကုန်ပြီ လို့ ခဏခဏကြားဖူးတယ်။
ဒီလိုပဲ…ခပ်ပေါ့ပေါ့နေလိုက်မိတာ…
အခုတော့ စာဖတ်သူတွေမေးတော့မှ “ဟုတ်သားပဲ အဲ့တာဘာလို့လဲမသိဘူး” ဆိုပြီး စာရေးသူတယောက် ရှာဖွေဖတ်ရှုမိပါတော့တယ်။
ကဲ …သခွားသီးပြဿနာကို ဖြေရှင်းကြည့်ရအောင်လား။

သခွားသီးကို cucumber လို့ခေါ်ပြီး melon တို့ squash တို့စတဲ့ ဘူးဖရုံ၊ ဖရဲသီး တွေနဲ့ အမျိုးအရင်းကြီးဖြစ်ပါတယ်တဲ့။
သခွားသီးက အမျိုးအစား အများကြီးရှိတယ်ဗျ။
ကျနော် တွေ့သလောက် အမျိုး ၃၀ – ၄၀ လောက်ရှိပြီး တချို့ဟာတွေကပဲ စားလို့ကောင်းတာပါ။

သခွားသီးအမျိုးအစားပေါ်မူတည်ပြီး ခါးတဲ့အမျိုး မခါးတဲ့အမျိုးဆိုပြီး ရှိတယ်တဲ့။

ကျနော်တို့ စားနေတာက မခါးတဲ့အမျိုးပါ။
ဒါပေမယ့် သူလဲ ခါးလာတတ်ပါတယ်တဲ့။ ဘယ်လိုဖြစ်ရင် ခါးတတ်လဲပေါ့။
သခွားသီးကို ခါးစေတဲ့ဓာတ်ကို cucurbitacin လို့ခေါ်ပါတယ်။
အဲ့ cucurbitacin ဆိုတဲ့ဓာတ်က ပုံမှန်ဆိုရင် အသီးမှာမရှိဘဲ သခွားပင်ရဲ့ အရွက်နဲ့ ပင်စည်အကိုင်းအခက်တွေမှာပဲ ရှိတာပါ။
အရွက်နဲ့ အကိုင်းအခက်တွေမှာ Cucurbitacin ဆိုတဲ့အခါးဓာတ်ရှိတဲ့အတွက် သခွားပင်ကို ပိုးကောင်တွေ တိရစ္ဆာန်တွေ လာမစားအောင် ကာကွယ်တဲ့သဘောပါ။

ပိုးကောင်တွေ တိရစ္ဆာန်တွေပေါများတဲ့နေရာမှာဆိုရင် အဲ့သခွားပင်က cucurbitacin အခါးဓာတ်ကို ပိုထုတ်လေဖြစ်ပါတယ်။
ဒီအချက်က စိတ်ဝင်စားစရာပါ။
ဘယ်အကောင်တွေပေါတဲ့ နေရာမှာဆိုရင် ပိုခါးတတ်လဲဆိုတော့ အများအားဖြင့် အပင်စားအကောင်လေးတွေပါ။
မြွေက သခွားပင်တော့ မစားပါဘူး။ အဲ့တော့ မြွေနဲ့ သခွားသီးခါးတာနဲ့က မဆိုင်လောက်ပါဘူး။
သို့သော် ဖြစ်နိုင်တဲ့ယူဆချက်တခုကတော့ (ကျနော့်အတွေးပါ)
သခွားပင်ကိုစားတတ်တဲ့အကောင်ထဲမှာ Vole လို့ခေါ်တဲ့ လယ်ကြွက်လို့ပဲခေါ်မလား ကြွက်လိုမျိုး တွင်းအောင်းအကောင်တွေ ပါပါတယ်

အဲ့တော့ လယ်ကြွက်ပေါတဲ့နေရာမှာ သခွားပင်က ပိုခါးတတ်ပြီး ကြွက်ရှိရင် မြွေဆိုတာလာမှာဖြစ်လို့
မြွေကြောင့် ခါးတာလို့ ထင်မြင်မိတာဖြစ်နိုင်ပါတယ်။

ဒါကို ဆေးပညာမှာတော့ epiphenomenon လို့ခေါ်တယ်ဗျ။ (psychology အယူအဆနဲ့ နဲနဲကွာနိုင်)
ဥပမာပြရရင် မနက်စောစောထရင် အလုပ်ပိုပြီးတယ်လို့ဆိုကြတယ်။ ဒါပေမယ့် မနက်စောစောထလိုက်လို့ အလုပ်ပိုပြီးတာမဟုတ်ဘဲ စောစောထတဲ့လူမှာ motivation ပိုရှိနေတာ
ကြောင့် အလုပ်ပိုလုပ်ဖြစ်လို့ အလုပ်ပြီးတာပါ။
နောက်ဥပမာတခုကကျ
ပိုးသတ်ဆေးသောက်ရင် ရင်သားကင်ဆာပိုဖြစ်တယ်ဆိုတဲ့ ဥပမာပါ။
တကယ်တမ်းက ပိုးဝင်ရင် ယောင်ယမ်းမှုဖြစ်ပြီး ရင်သားကင်ဆာပိုဖြစ်တတ်တာပါ။
ပိုးဝင်တော့ လူတွေက ပိုးသတ်ဆေးသောက်မိတယ်။ နောက်တော့ ပိုးဝင်တာကိုမေ့သွားပြီး
ပိုးသတ်ဆေးသောက်မိတာကိုပဲ သတိထားမိတော့ ဆေးကြောင့် ရင်သားကင်ဆာဖြစ်တာလို့ထင်သွားပါတယ်။
(စကားချပ်။ အပေါ်က ရင်သားကင်ဆာကိစ္စက ဥပမာပေးတာပါ…တကယ့်ဆေးပညာအရ ပြောနေတာမဟုတ်ပါ။)

အဲ့လိုပဲ ကြွက်ကြောင့် သခွားပင်ပိုခါးတယ်… ကြွက်ကြောင့် မြွေလာတယ်။
ဒါပေမယ့် လူတွေရောက်လာတော့ ကြွက်ကပြေးပြီ or အစားခံလိုက်ရပြီဆိုတော့ မြွေပဲတွေ့တယ်။
အဲ့တာနဲ့ပဲ မြွေကြောင့် ခါးတယ်ထင်ကြတာလို့ ကျနော်တွေးမိပါတယ်။

စိုက်ပျိုးရေးသိပ္ပံက ကျွမ်းကျင်သူတွေကတော့ သခွားသီးခါးတာက
၁။ သခွားပင်က ရေကောင်းကောင်းမရလို့
၂။ နေသိပ်ပူလွန်းလို့
၃။ အာဟာရချို့တဲ့လို့
၄။ အပင်တွေပြည့်ကြပ်ပြီး အာဟာရကိုလုနေရလို့
၅။ stress တခုခုရှိလို့
(အံမယ် လူတွေလိုပဲ သခွားသီးကလဲ stress နဲ့ပဲ…
ဥပမာ ပိုးမွှားကျတာတို့
Cold stress ဆိုတဲ့ အပူအအေးမမျှတတာ)
စတာတွေကြောင့် ခါးတာလို့ ဆိုပါတယ်။
သခွားတပင်က ခါးတဲ့အသီးသီးပြီဆို နောက်ပိုင်းလဲဆက်ခါးတော့မှာမို့ အပင်ကိုနုတ်ပစ်လိုက်ရတတ်ပါတယ်တဲ့။
သခွားသီးမှာ cucurbitacin များလွန်းရင်း သိပ်ခါးလွန်းရင် မစားသင့်ပါဘူးတဲ့။ လူကို ပျို့အန်စေတတ်ပါတယ်တဲ့။
ကဲ….ဘာကြောင့်ပဲခါးခါး အခါးသက်သာအောင်ဘယ်လိုလုပ်ကြမလဲ။
အခါးဓာတ်က အကိုင်းကနေ အသီးထဲကိုကူးလာတာမို့ အကိုင်းနဲ့ဆက်နေတဲ့ အရင်းဖက်က ပိုခါးပါတယ်။
အဲ့တာကြောင့် အရင်းကို လက်တလုံး ၂လုံးလောက်ဖြတ်ပြီးမှ စားလဲရပါတယ်။

နောက်ပြီး အခွံနဲ့ အခွံနားကပ်တဲ့အသားကလဲ ခါးတတ်တာမို့ အခွံခွာစားတာ နဲ့ အလယ်သားကိုပဲ လှီးစားလို့ရပါတယ်။

တလုံးလုံးခါးနေရင်တော့ မနှမြောနေပဲ လွှင့်လိုက်သင့်ပါတယ်တဲ့။ ဟင်းထည့်ချက်ရင် အဲ့ဟင်းပါ ခါးတူးသွားတတ်လို့ပါတဲ့။
ဆားနဲ့နယ်လိုက်ရင်လဲ ခါးတာသက်သာသလို သကြားသုတ်ရင်လဲ မခါးတော့ပါဘူးတဲ့ (မှန်လိုက်တာ အခုမှပဲသိတော့တယ်။)
နောက်ဆုံးအနေနဲ့ တချို့ခါးတာတွေက သခွားသီးကမခါးဘဲ စားတဲ့သူကိုက အခါးဆန်းဆန်းတင့် (sensitive) တဲ့သူဖြစ်ရင် ပိုခါးတတ်ပါတယ်တဲ့။
လူတယောက်နဲ့တယောက်မှာ အခါးဓာတ်ကိုအရသာခံတဲ့ taste bud တွေအရေအတွက်မတူလို့ လျှာမတူရင် ခါးတာကိုခံစားတာလဲမတူတတ်ပါဘူး။
အဲ့တော့ သင်တယောက်ပဲခါးနေပြီး ကျန်တဲ့အိမ်သားတွေက သိပ်မခါးဘူးဆိုရင် သင်ကိုယ်ကအခါးအရသာကို ပိုခံစားတတ်တဲ့သူဖြစ်လောက်မှာပါ။
ဒီလောက်ဆိုရင် သခွားသီးပြဿနာကို ချင့်ချိန်စဥ်းစားနိုင်လောက်ပြီထင်ပါတယ်ဗျ။

Thanks for your time!
လင်းမူ
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
အကိုပြောတာအများကြီးဖြစ်နိုင်ပါတယ်
တခုသိချင်တာလေးကအိမ်ကအကြီးကိုစမ်းမေးကြည့်တော့မြွေဖြတ်လို့ပဲပြောတယ် အ့တာခုအကြောင်းပြောပြလိုက်တော့သူကသူတို့စိုက်တုန်းကတပင်ထဲကိုတချို့အသီးကခါးပီးတချို့အသီးကမခါးဘူးဆိုတာရောတဲ့အ့တာလေးသိချင်လို့ပေးပါဦး😁
LikeLike
ကျနော်တို့ထပ်ရှာကြည့်ရသလောက်ကတော့ cucurbitacin ရဲ့ပမာဏက သခွားသီးအရင့်အနုပေါ်မှာလဲ ဆိုင်သေးတယ်လို့ဆိုပါတယ်။ သခွားသီးနုနုလေးတွေဆို ပမာဏနည်းပြီး အရွယ်ရောက်လာရင်တော့ ပမာဏများလာပါတယ်။ မခူးမဆွတ်ဘဲ ဒီတိုင်းထားလိုက်ရင် တဖြည်းဖြည်းညိုးလာတဲ့အလုံးတွေမှာ cucurbitacin ပမာဏပြန်ကျလာတာကိုတွေ့ရပါတယ်။
LikeLike