ကျနော်တို့သိတဲ့ ကြားဖူးတဲ့ရောဂါပိုးတော်တော်များများက လင်းနို့ဆီကလာတာပါ။
အဆိုးဆုံးဆိုတဲ့ ကုရအခက်ဆုံးဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေကို လင်းနို့ကသယ်ဆောင်ထားတာပါ။

အီဘိုလာဗိုင်းရပ်စ်က လူကိုအသေအကြေဖျားစေပြီး တကိုယ်လုံးက သွေးတွေယိုထွက်ရင်း သေစေတာပါ။ ဒါလဲ လင်းနို့ကလာတာပါ။ (…လို့ယူဆထားပါတယ်။)

2002-2003 ခုနှစ်လောက်က လူတွအများကြီးကိုဒုက္ခရောက်စေခဲ့တဲ့ SARS ဆိုတဲ့ရောဂါပိုးကလဲ
လင်းနို့ကတဆင့် ကြောင်ကတိုး (civets) တွေကိုကူးပြီး လူဆီရောက်လာတာပါ။

တခါ MERS ဆိုတဲ့ရောဂါပိုးကလဲ လင်းနို့ကနေ ကုလားအုတ်တွေကို ကူးပြီး လူကိုဆက်ကူးပါတယ်။

အခုနောက်ဆုံး လက်ရှိ ကိုမြင့်နိုင်ကြီးကလဲ ဘယ်ကလာမှန်းငြင်းနေကြတုန်းဆိုပဲမယ့် သဘာဝမှာတော့ လင်းနို့မှာတွေ့ရတတ်ပြန်ပါတယ်။
ဆိုတော့ ဒီလင်းနို့က လူတွေကို ဒုက္ခပေးတဲ့ ပိုးပေါင်းစုံသယ်ထားပြီး သူကိုယ်တိုင်ကျ ဘာရောဂါမှမခံစားရဘူးလား။
တကယ်တမ်းက လင်းနို့က တော်တော်လေးကို ထူးဆန်းတဲ့တိရစ္ဆာန်တမျိုးပါ။ ဥပမာပြောရရင် ပျံနိုင်တဲ့ နို့တိုက်သတ္တဝါဆိုလို့ လင်းနို့ပဲရှိတာပါ။
(အဲ့တာကြောင့်လဲ နာမည်မှာ “နို့”လို့ပါတာလားမသိပါ။)

သူပျံသန်းတဲအခါ စွမ်းအင်အများကြီးသုံးရပြီး ပျံနေတဲ့အခါ အပူထွက်ပါတယ်။
တခါတခါပျံလိုက်ရင် ၁၀၀ဒီဂရီဖာရင်ဟိုက်လောက်က အသာလေးကျော်ပါတယ်။
(လူတွေဆို ကိုယ်ပူချိန် ၁၀၀ကျော်ရင်နေလို့မကောင်းတော့ပါ။)
အဲ့လို အပူစွမ်းအင်ထွက်လို့ လင်းနို့ရဲ့ ဆဲလ်တွေမသေအောင် သူတို့ရဲ့ ခန္ဓာကိုယ်ကိုအများကြီး ပြောင်းလဲပေးထားပါတယ်။

ပျံဖို့စွမ်းအင်ရအောင် ဇီဝကမ္မဖြစ်စဥ် metabolism ကိုမြှင့်ရပါတယ်။
Metabolism များလာရင် oxidant လို့ခေါ်တဲ့ မကောင်းတဲ့ ဓာတ်တွေထွက်လာပါတယ်။
(Reactive oxygen species လို့ခေါ်ပါတယ်။)
အိုမင်းရင့်ရော်စေတဲ့ဓာတ်တွေများလာတယ်ပေါ့ဗျာ…
ဒါပေမယ့် လင်းနို့က သူ့ဆဲလ်တွေမပျက်စီးအောင် ပြန်လည်ပြုပြင်တဲ့ repair system ကိုအများကြီးအားဖြည့်ထားပါသတဲ့။
သာဓကတခုကတော့ သူတို့ရဲ့ chromosomes က telomere ဆိုတဲ့နေရာလေးက ဆဲလ်ပွားတိုင်း တိုတိုလာတဲ့ဖြစ်စဥ် အလွန်နှေးပါတယ်တဲ့။
လွယ်လွယ်ပြောရရင် လင်းနို့တွေကတော်ရုံနဲ့ အိုစာမသွားဘဲ အသက် ၃၀ကနေ ၄၀လောက်အထိ အေးဆေးနေလို့ရပါသတဲ့။
နောက်ထပ်ထူးခြားတာတခုက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအလွယ်တကူမသေအောင် ခုခံအားစနစ်ကိုလျှော့ချထားပါတယ်။
ခုခံအားစနစ်က နာမည်ကသာ ခန္ဓာကိုယ်ကို ကာကွယ်ပေးသယောင်ရှိတာပါ။
အမြဲမကာကွယ်ဘဲ ခုခံအားစနစ်ကြောင့် ပိုဆိုးရတဲ့ ရောဂါတွေလဲအများကြီးရှိပါတယ်။
ရောဂါပိုးတခုဝင်လာရင် ပိုးကြောင့်ဆဲလ်သေတာကနည်းနည်း၊ ခုခံအားစနစ်က ဝိုင်းဆော်ပလော်တီးခံရလို့ ဆဲလ်တွေသေကုန်တာကပိုများပါတယ်။
အဲ့တော့ လင်းနို့က သူ့ခုခံအားစနစ်ကို အလွန်ထိန်းထိန်းသိမ်းသိမ်းနဲ့ ထားတဲ့အတွက် ရောဂါပိုးတွေနဲ့ လင်းနို့နဲ့က ခင်ခင်မင်မင် အတူတကွရန်မဖြစ်ဘဲ နေနိုင်ကြပါတယ်။
အသေးစိတ်ပြောရရင် လင်းနို့ရဲ့ မျိုးရိုးဗီဇမှာကိုက လူနဲ့မတူတဲ့ အပိုင်းတွေရှိနေတာပါ။ ဆိုတော့ လင်းနို့တွေက ဗိုင်းရပ်စ်ရောဂါပိုးတွေကြောင့် ဘာမှဖျားနာခြင်းမရှိတာပါ။
အရမ်းတော့ လင်းနို့ကို အားမကျကြပါနဲ့ဦး။ ဗိုင်းရပ်စ်ကိုပဲ လင်းနို့ကခင်တာပါ။
တခြားရောဂါပိုးတွေဖြစ်တဲ့ ဘက်တီးရီးယားပိုး နဲ့ မှိုရောဂါပိုးတွေကိုတော့ ဆြာဘတ်လဲ မခံနိုင်ရှာပါဘူးတဲ့။

ဥပမာ လင်းနို့နှာတံဖြူရောဂါ (White nose syndrome) က fungal infection တမျိုးဖြစ်ပြီး လင်းနို့တွေကို သေစေတဲ့မှိုရောဂါပါ။

ဒါဖြင့်ရင် လင်းနို့ကနေ ရောဂါပိုးဘာလို့ကူးကုန်တာလဲ။
လင်းနို့ဆီက ပိုးတွေက မျိုးစိတ်တခုနဲ့တခုကို ခုန်တတ်ပါတယ်။
ဥပမာ- ကြောင်ကတိုးဆီရောက်သွားတာတို့ ကုလားအုတ်ဆီကူးတာတို့ပါ။
အဲ့တော့ တောရိုင်းတိရစ္ဆာန်တွေနဲ့ အနေနီးလာတာတွေ၊ မြို့နေရာချဲ့ထွင်ရင်း တောအုပ်တွေနဲ့နီးလာတာတွေ ၊ ဟိုလျှောက်စား ဒီလျှောက်စားနဲ့ လင်းနို့တွေ တောရိုင်းကောင်တွေကို ထိတွေ့ကိုင်တွယ်စားသောက်တာတွေကြောင့် ပိုးတွေကူးကုန်တာပါ။
ဒါဖြင့်ရင် ပိုးမကူးအောင် လင်းနို့တွေ အကုန်သတ်ပစ်လိုက်လို့မရဘူးလား….။
လင်းနို့တွေက အဲ့လောက်တော့ မဆိုးရွားလှပါဘူး။
သူတို့ ecosystem နဲ့သူတို့ အေးအေးဆေးဆေးနေကြတာပါ။
လူတွေကသာ သူတို့နေတဲ့ဆီကို ရောက်ရောက်လာပြီး သူတို့ကိုဖမ်းဆီးရင်း ဒုက္ခရောက်တာပါ။
လင်းနို့တွေက အကျိုးပြုတဲ့နေရာတွေအများကြီးရှိပါတယ်။
သစ်ပင်ပန်းမန်တွေကို ဝတ်မှုန်ကူးပေးတာ၊ ပိုးမွှားအင်းဆက်တွေကိုစားသောက်ပေးတာ စတာတွေက လူတို့အတွက်ရော သဘာဝအတွက်ပါ ကောင်းကျိုးရှိလို့… လင်းနို့တွေကို မျိုးတုံးပစ်ရလောက်အောင်လုပ်ဖို့မလိုတာပါ။

လုပ်ချင်းလုပ်ရမှာက မဟုတ်ကဟုတ်ကတွေ စားသောက်နေတဲ့ ငတ်ကြီးကျတဲ့လူတစုကိုပါ။

ကဲဒီလောက်ဆိုရင် လင်းနို့တွေရဲ့ ထူးခြားတဲ့သဘာဝကို နားလည်လောက်ပြီလို့ယူဆပါတယ်။
Thanks for your time!
လင်းမူ
References:
https://m.youtube.com/watch?v=XiBXhCr_Jpw (အသေးစိတ်သိလိုလျှင် ကြည့်ပါ)
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။