မထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာတိုင်း တိုက်ဆိုင်လိုက်တာ… ဆိုတာမျိုးဖြစ်တတ်ကြပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ အဓိပ္ပါယ်တစ်ခုခုများရှိနေမလား၊ ဒါက ဘာသဘောပါလိမ့် ဆိုတာမျိုး ဖြစ်လာတတ်တယ်။
ဆိုတော့… ဒါတွေကို မပြောခင် လူတွေရဲ့စိတ် ဘယ်လိုအလုပ်လုပ်လဲ အရင်ကြည့်ရအောင်ဗျာ။
၁၈၉၈ တုန်းက Futiity ဆိုတဲ့ဝတ္ထုတစ်ပုဒ်ထွက်ခဲ့ဖူးပါတယ်။ Titanic သင်္ဘောကြီးမမြုပ်ခင် ၁၄ နှစ်မှာရေးခဲ့တာပါ။ ဘာအကြောင်းလဲဆိုတော့ Titan ဆိုတဲ့ သင်္ဘောကြီးပေါ်က ဇာတ်လမ်းတွေအကြောင်းပါ။ (Titanic နဲ့ နာမည်ခြင်း ဆင်ပါတယ်)

ဒီသင်္ဘောကြီးက Titanic လိုပဲ ကမ္ဘာမှာ အကြီးဆုံးပါ။ သူလည်း Titanic လိုပဲ ရေခဲတုံးကြီးကို April ညသန်းခေါင်ယံမှာ ဝင်တိုက်တာပါ။ တိုက်တဲ့နေရာလည်း တူတူပါပဲ။
ဒီတော့ မြုပ်သွားတာပေါ့၊ လူတစ်ဝက်ကျော်သေသွားကြတယ်။ (ဒါလည်း Titanic လိုပဲ…)
သင်္ဘောပေါ်မှာ လူ ၃၀၀၀ ပါတာလည်း တူတယ်။
ဒါဆိုရင် စာအုပ်ကို ၁၄နှစ် ကြိုရေးတဲ့သူက အကြားအမြင်ရနေတာလား? (စာဖတ်သူ ဒီနေရာမှာပဲ တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်စေချင်ပါတယ်)

၁၅၀၀ ခုနှစ်အကျော်လောက်မှာ ပြင်သစ်က အကြားအမြင်ဆရာ Nostradamus က ဟောချက်ထုတ်ခဲ့တယ်။ (မြန်မာလိုဆို တဘောင်ပေါ့)
“ဆာလောင်နေတဲ့ တိရစ္ဆာန်ရိုင်းတွေ မြစ်ကိုဖြတ်လာလိမ့်မယ်၊ Hister ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေ အများအပြားဖြစ်လိမ့်မယ်၊ သူ့ကြောင့် လူတော်တွေဟာ လှောင်အိမ်ထဲထည့်ခံရလိမ့်မယ်၊ ဂျာမနီသားတွေ ဥပဒေ မလိုက်နာကြတော့ဘူး…”
“အနောက်ဥရောပရဲ့ ဝေးလံတဲ့ဒေသက လူဆင်းရဲတွေဆီမှာ သူ့ကိုမွေးတယ်၊ သူ့စကားတွေမှာ လူအများကို ယစ်မူးစေမယ်၊ အရှေ့ဥရောပမှာ သူကျော်ကြားလာလိမ့်မယ်…”

Hister ဆိုတာ Hitler နဲ့ဆင်တယ်၊ ဒီအကြောင်းကလည်း Hitler ကိုပြောထားတဲ့အတိုင်းပဲ။ ၁၅၀၀ ခုနှစ်လောက်က ဘိုးတော်က ဒါတွေဘယ်လိုသိလဲ။ သူကတော့ အကြားအမြင်ဆရာလို့ သူ့ကိုယ်သူယူဆတယ်။

ဒါတွေဟာ တိုက်ဆိုင်မှုတွေပါပဲလို့ ပြောရင် လက်ခံနိုင်မလား။ (ဒီလောက်တောင် တူနေတာကို ဘာကြောင့်တိုက်ဆိုင်မှုလို့ ဆိုရတာလဲ မေးချင်ကြမှာပါ)
ပထမဥပမာနဲ့ ပြောရရင် ဝတ္ထုထဲမှာ လူ ၁၃ ယောက်ပဲ နောက်ဆုံးမှာ အသက်ရှင်တယ်ဆိုတာ လူ ၇၀၆ ယောက် အသက်ရှင်တဲ့ Titanic နဲ့လွဲနေပါတယ်။
Titan က ခရီးတွေအများကြီးသွားခဲ့တဲ့ သင်္ဘောပါ။ ဝတ္ထုထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့လူတွေက Polar ဝက်ဝံကြီးနဲ့ Fighting Play ကျပါသေးတယ်။

ဒုတိယဥပမာနဲ့ ပြောရရင် ဒီအကြားအမြင်ဘိုးတော်ဟာ မထင်မရှား ဟောခဲ့တဲ့ ဟောကိန်းပေါင်း ၁ထောင်လောက်ရှိနေပါတယ်။
ဒီတော့… မတူတာတွေ ဒီလောက်ရှိနေပေမယ့် လူတွေကတော့ တူတာတွေကိုပဲ ရှာယူပြီး Mystery တစ်ခုဖြစ်နေကြတာပေါ့။ တကယ်ဆိုရင် အချက်အလက်တွေ အကုန်တူနေသင့်တာ မဟုတ်ဘူးလား၊ ဟောကိန်းအတော်များများ မှန်နေသင့်တာမဟုတ်ဘူးလား။
ဒါကြောင့် ဒီလိုတွေမဖြစ်အောင် Science မှာတော့ Hypothesis တစ်ခုကို ဟုတ်ကြောင်း သက်သေပြရုံတင်မကဘဲ မဟုတ်ကြောင်းလည်း သက်သေပြပေးရပါတယ်။ အဲ့လို မဟုတ်ကြောင်း မပြနိုင်သေးရင် ဖြစ်နိုင်သေးတယ်လို့ ယူဆတယ်။

ချဲထိုးလို့ ပေါက်သွားတဲ့အခါ၊ Online Shop တွေကနေ Give Away ရတဲ့အခါ၊ ကိုယ်ရွေးကျက်ထားတဲ့အပုဒ် စာမေးပွဲမှာပါလာတဲ့အခါ ငါတော်တော်ကံကောင်းနေပါလား၊ ညအိပ်တုန်းက ဘယ်ဘက်လှည့်မအိပ်ဘဲ ညာဘက်လှည့်အိပ်မိလို့ထင်တယ်၊ အမေ့ကို နှိပ်ပေးလိုက်လို့ထင်တယ်၊ စာမေးပွဲခန်းထဲမဝင်ခင် စာအုပ်ကို ၃ခါပုတ်လိုက်လို့ထင်တယ် စသဖြင့် ကိုယ်သန်ရာ တွေးတတ်ကြတယ်။
အမေကို နှိပ်ပေးနေရဲ့သားနဲ့ ချဲမပေါက်ခဲ့တဲ့ အကြိမ်ရေဘယ်လောက်ရှိခဲ့လဲ၊ Online Shop တွေရဲ့ Comment တွေမှာ လိုက်မန့်ပြီး Give Away မပေါက်တာ ဘယ်နှခါရှိခဲ့ပြီလဲ၊ စာအုပ် ၃ခါပုတ်တိုင်း ကိုယ်ကျက်ထားတာ မတိုးတာ ဘယ်နှခါရှိပြီလဲ မေ့သွားတတ်ကြတယ်။

တိမ်တွေမှာ ပုံတွေပေါ်နေတယ်၊ လထီးဆောင်းတယ်၊ နေကြတ်တယ်၊ လကြတ်တယ် ဒါတွေအကုန်လုံးက ကိုယ့်စိတ်ကြောင့်ပဲ Deeper Meaning တစ်ခုခုရှိနေတတ်တယ်။

စကြဝဠာထဲမှာ ကမ္ဘာကြီးတစ်လုံး နေရဲ့အဝန်းအဝိုင်းမှာ ဖြစ်လာတာ တော်တော်ထူးဆန်းပါတယ်။ အထူးသဖြင့် လူတွေအသက်ရှင်ဖို့ လိုအပ်တဲ့အရာတွေ တပါတည်းရှိနေတာ ပိုထူးဆန်းတာပေါ့။
ဒီတော့ တစ်ယောက်ယောက်က ဖန်ဆင်းထားတာဖြစ်မယ်လို့ ယူဆလိုက်တာပေါ့။
ဒီတော့ လူတွေက အရာရာမှာ အဓိပ္ပါယ်တစ်ခုခုရှိရမယ်လို့ မြင်တတ်ကြတယ်။ ဒီအတွက် တစ်ခုခုမှားယွင်းလာတဲ့အခါမှာ ဘာမှန်းမသိတဲ့အရာကို အပြစ်တင်လို့ရတာပေါ့။
ဥပမာ ချဲမပေါက်တာ အမေ့ကို မနှိပ်ပေးမိလိုက်လို့ကွာ ဆိုပြီး ပြောတာမျိုး၊
စာအုပ်ကို ၃ခါမပုတ်မိဘဲ မေ့သွားတဲ့အခါ ငါမပုတ်မိလိုက်လေခြင်းဆိုပြီး စာမေးပွဲခန်းထဲမှာ နောင်တရနေနိုင်တာမျိုးပေါ့။။
“Soul Mate” ဆိုတာလည်း ဒီသဘောပါပဲ။ မြန်မာပြည်က လူပေါင်း သန်း ၅၀ ထဲက သူနဲ့ဆုံဖို့၊ အကြိုက်ခြင်းတူဖို့၊ ကိုယ်နဲ့သဘောထားခြင်းတိုက်ဆိုင်ဖို့ ဘယ်လောက်တောင် ဖြစ်တန်စွမ်းနည်းလိုက်မလဲ။ ဒါပေမယ့် သူနဲ့တွေ့တယ်။
နတ်ဖက်တဲ့ ဖူးစာပေါ့… မဟုတ်ဘူးလား။
လူတွေက အရာရာကို Pattern တွေအဖြစ်နဲ့မြင်တတ်ကြတာကိုး…။ ဖြစ်တန်စွမ်းတွေက နည်းကောင်းနည်းနိုင်ပေမယ့် သုညမဟုတ်ဘူးဆိုတာကို မေ့နေတတ်တယ်။
ဒါကြောင့်ပဲ စာမေးပွဲမှာ MCQ ဖြေနေတုန်း C ချည်းပဲ ၄ခါလောက် မှန်တယ်ဖြေမိနေတဲ့အခါ ကိုယ့်ကိုယ်ကို မယုံသင်္ကာဖြစ်လာတတ်ကြတယ်။ တကယ်တော့ ၁ပုဒ်စီမှာ C ဖြစ်ဖို့ Chance က 20% ရှိနေတာပါပဲ။

အဆိုးတွေပြီးရင် အကောင်းတွေလာမှာပေါ့ဆိုတာလည်း ဒီသဘောပါပဲ။ အဆိုးကြီးပဲ ဖြစ်လာအောင်ရော၊ အကောင်းကြီးပဲ ဖြစ်လာအောင်ရော ဘယ်သူမှ လုပ်နေတာမဟုတ်ပါဘူး၊ ဒါကြောင့် အဆိုးပြီးရင် အကောင်းတွေလာပြီလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။
ဒီအချက်ကို သေချာနားလည်သွားရင် လောကကြီးမှာ မဖြစ်နိုင်ဘူးလို့ ကိုယ်ထင်တဲ့ ကိစ္စ ၁ခုဖြစ်လာတာဟာ တိုက်ဆိုင်မှုပဲဆိုတာ လက်ခံနိုင်သွားမှာပါ။
ပရမ်းပတာဖြစ်နေတဲ့ လောကကြီးကို အဓိပ္ပါယ်ရှိအောင် လုပ်နေတာကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။