One Subject, One Night နှင့် စာမေးပွဲဖြေခဲ့ခြင်းများ

လူတိုင်း စာမေးပွဲဖြေဖူးတာမို့ ဒီအကြောင်းကို ထွေထွေထူးထူးရှင်းပြနေစရာ မလိုပါဘူး။ တက္ကသိုလ်ရောက်လာတော့ လုပ်စရာ Activity တွေများလွန်းပါတယ်။
စာမေးပွဲဆိုတာလည်း နှစ်လတစ်ခါလောက် ဖြေနေရတာပါပဲ၊ Tutorial ဆိုတာလည်း ခဏခဏပါပဲ။
သတိရမိသလောက်တော့ ကိစ္စတစ်ခုလုပ်မယ်ကြံလိုက်တိုင်း စာမေးပွဲနဲ့ နီးနေလိုက်၊ Tutorial နဲ့ကပ်နေလိုက်ဖြစ်နေတာပါပဲ။

နေ့တိုင်းစာလုပ်ဖြစ်ဖို့ဆိုတာလည်း ခက်ခဲပါတယ်။
အချိန်ပိုနေရင်တောင် စာလုပ်ဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့ ယှဉ်လာရင် ဘာကိုရွေးကြလဲ ကိုယ့်ဘာသာသိကြမှာပါ။
ဒီတော့ အများအားဖြင့် စာမေးပွဲနားနီးမှ ကပ်တွန်းကြတာပေါ့။
ထူးခြားတာက အဲ့ဒီအချိန်ရောက်လာရင် လူက ဘာကျက်ကျက်၊ ဘာမှတ်မှတ် မှတ်မိလွယ်နေတာပါ။ (စာမေးပွဲခန်းထဲဝင်ခါနီးအချိန်ဆိုရင် မှတ်မိအလွယ်ဆုံးပါပဲ…)

Exams are coming.

ဆိုတော့… ခုရေးမယ့်အကြောင်းက အနားနီးမှ ကပ်တွန်းတာ ကောင်းလားဆိုတာ ဆွေးနွေးချင်တာပါ။ စာမေးပွဲခန်းထဲဝင်ခါနီး ဉာဏ်အလင်းပွင့်နေတဲ့တာကို ပြောချင်တာ မဟုတ်ပါဘူး။

ကိုယ်က Research Paper ၃ခုကို ၃ပတ်အတွင်း အပြီးတင်ရမယ်ဆိုပါစို့။
၁ပတ်ကို ၁ခုတင်လို့ရတယ်၊ တစ်ခုစီကို ၃ပတ်အတွင်း ကိုယ်ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုရွေးပြီး တင်လို့ရတယ်၊ ၃ခုလုံးကို နောက်ဆုံးအပတ်မှ တင်လို့ရတယ်ဆိုရင် ဘယ်ဟာကို ရွေးမလဲ။
အသင့်တော်ဆုံးကတော့ ၃ခုလုံးကို နောက်ဆုံးအပတ်မှ တင်လိုက်တာပါ။ ဒါဆို ၃ခုလုံးကို Perfect ဖြစ်အောင်ပြင်ဆင်ဖို့ အချိန်ရတယ်လေ။ ဟုတ်တယ်မလား။

စမ်းသပ်မှုတစ်ခုကို ပြောပြချင်ပါတယ်။
ကျောင်းသားတွေကို ခေါ်ပြီး ၃ဖွဲ့ခွဲလိုက်တယ်။ အပေါ်ကလိုပဲ ကိုယ်နှစ်သက်ရာ Deadline တစ်ခုစီကို ရွေးခိုင်းလိုက်တယ်။ ဘယ်အဖွဲ့အမှတ်အကောင်းဆုံးရတယ်လို့ထင်လဲ။

၁ပတ်ကို ၁ပုဒ်တင်ရတဲ့အဖွဲ့က အမှတ်အကောင်းဆုံးရတာပါ။ နောက်ဆုံးပိတ်မှ ၃ပုဒ်လုံးတင်တဲ့အဖွဲ့က အမှတ်အနည်းဆုံးပါပဲ။
နောက်ဆုံးပိတ်မှ ၃ပုဒ်လုံးတင်တဲ့သူတွေကတော့ “လေ” နေချိန်များပါတယ်။ ငါလုပ်နိုင်ပါတယ်…၊ အနားနီးမှ ကပ်တွန်းလိုက်ရင် မီပါတယ်… ဆိုတာမျိုး၊ ကိုယ့်လုပ်နိုင်စွမ်းကို ပိုတွက်တာမျိုး ဖြစ်တတ်တယ်။
၁ပတ် ၁ပုဒ်တင်တဲ့အဖွဲ့မှာ “လေ” နေချိန်သိပ်မရှိပါဘူး။ သူတို့ကလည်း ဒီလိုဖြစ်တတ်ကြောင်းသိလို့ ဒီလို Deadline ကို ရွေးတာပါ။
သူတို့အတွက် စိတ်ရှုတ်ထွေးစရာသိပ်မရှိပါဘူး။ အချိန်စာရင်းအတိုင်းလိုက်လုပ်ရုံပါပဲ။ (ပင်ပန်းတာတော့ ပိုမှာပါ)

Download ဆွဲထားပြီး နားမထောင်ဖြစ်တဲ့ သီချင်းတွေ၊ Netflix ထဲမှာ နောက်မှကြည့်မယ်ဆိုပြီး Save ထားတဲ့ဇာတ်လမ်းတွေ ဘယ်လောက်များနေပြီလဲ။ (ကျွန်တော့မှာတော့ တော်တော်များနေပြီ)
ပညာရှင်တွေကတော့ ကိုယ့်ရဲ့ Collection ကသာ တိုးလာမယ်၊ ကိုယ်ကတော့ ဒီဇာတ်လမ်းတွေ၊ သီချင်းတွေကို နားထောင်ဖြစ်ဖို့ Chance ကနည်းတယ်လို့ ဆိုတယ်။

ဒါကိုလည်း စမ်းသပ်ကြည့်ထားတာလည်း ရှိပါတယ်။
လူတွေကို သူတို့ကြည့်ဖို့ ဇာတ်လမ်း ၃ပုဒ်ရွေးခိုင်းတယ်။ အဲ့ဒီထဲက ၁ပုဒ်ကို ခုချက်ချင်းကြည့်ရမယ်၊ နောက်တစ်ခုကို နက်ဖြန်၊ နောက်တစ်ခုကို သန်ဘက်ခါမှာကြည့်ရမယ်ပေါ့။
ဇာတ်လမ်းတွေကို ၂မျိုးခွဲထားတယ်။ အပျော်ကြည့်တဲ့ကားနဲ့ လေးနက်တဲ့ကားပေါ့။ လူတွေကတော့ ၂မျိုးလုံးကို ရွေးကြတယ်။

ဒါပေမယ့် ဘယ်ဇာတ်ကားကို ခုချက်ချင်းကြည့်မလဲလို့ မေးတော့ တော်တော်များများက အပျော်ကြည့်တဲ့ကားမျိုးကိုပဲ ရွေးကြတယ်။ အဲ့ထဲမှာလည်း တော်တော်များများရွေးကြတာက Comedy တွေပဲ။ (ကျွန်တော်လည်း အဲ့ဒီလိုပဲ၊ အားရင် Comedy ပဲ ကြည့်တာ)

ဒါနဲ့ ဇာတ်ကား ၃ကားလုံးကို ခုချက်ချင်းအပြီးကြည့်ရမယ်လို့ ပြောလိုက်တဲ့အခါ လေးနက်တဲ့ကားတွေကို သိပ်မရွေးကြတော့ဘူးလို့ ဆိုတယ်။
ဒီတော့ လူတွေက ခုချက်ချင်းလုပ်ရမယ့် ခက်ခဲတဲ့ အလုပ်တွေကိုဆို မလုပ်ချင်ကြဘူးဆိုတာပဲ။

ကိုယ့်က ဝိတ်ချနေတယ်ဆိုပါစို့။ ခုချိန်မှာ အသီးနဲ့ မာလရှမ်းကော ဘယ်ဟာစားမလဲလို့ မေးရင် ဘာဖြေမလဲ။ အသီးပဲစားမှာပေါ့လို့ ဖြေမှာပါ၊ ဟုတ်တယ်မလား။
နောက်တစ်ပတ်နေလို့ ပန်းသီးတစ်လုံးနဲ့ မာလရှမ်းကောတစ်ပွဲ ၂ခုထဲက ၁ခုကို အလကားကျွေးရင် ဘယ်ဟာကို ရွေးမလဲ။ တော်တော်များများကတော့ မာလရှမ်းကောပဲ ရွေးကြမှာပါ။ ပန်းသီးကို နောက်မှ စားတာပေါ့ လို့ ပြောကြမှာပါ။

အပေါ်မှာ ပြောခဲ့တာတွေ အကုန်လုံးကို Present Bias လို့ခေါ်ပါတယ်။
ကိုယ်အခုလိုချင်နေတာ၊ စားချင်နေတာကို နောက်တစ်ချိန်မှာ လိုချင်နေမှာ၊ စားချင်နေမှာ မဟုတ်ဘူးလို့ ကိုယ့်ဘာသာထင်မိခြင်းပါပဲ

ခုချိန်မှာ မာလရှမ်းကောစားချင်ပေမယ့် နောက်ရက်ကျရင် ပန်းသီးပြန်စားလို့ရတာပဲ၊ ခုချိန်မှာ စာမေးပွဲအတွက် စာဖတ်မှာထက် နောက်ရက်မှာ ဖတ်ချင်စိတ်ပေါ်လာမှာပဲ စသဖြင့် ထင်မိခြင်းပါ။
ကိုယ့်ရဲ့ လက်ရှိအတွေးအခေါ်နဲ့ နောက်တစ်ချိန်ဖြစ်လာမယ့် အတွေးအခေါ်နဲ့ မတူလောက်တော့ဘူးလို့ လွဲမှားပြီး ထင်မိခြင်းပါ။

ဒါကြောင့်လည်း Facebook မှာ “New Year, New Me” လို့ 1st January မှာတင်ခဲ့ပြီး နှစ်လယ်လောက်ရောက်လာတဲ့အခါ နှစ်ကတော့ တဝက်ကုန်သွားပြီ၊ ဘာမှအရာမထင်လိုက်ဘူး…တို့၊ နှစ်တဝက်ကို အောင်မြင်စွာဖြုန်းတီးလိုက်ပါပြီ… တို့ မြင်ရတာဖြစ်တယ်။

နောက်တစ်မျိုးကတော့ သိပ်မသိသာပါဘူး။ ခုလုပ်ရမယ့် အလုပ်ကို နောက်မှလုပ်မယ်ဆိုတာခြင်းတူပေမယ့် သူကတော့ နည်းနည်းကွဲပါတယ်။
ဒီလူတွေကို Motivation စားသုံးသူတွေလို့ ကျွန်တော်က ခေါ်ချင်ပါတယ်။

ကိစ္စတစ်ခုကို ပြင်ဆင်တဲ့ Phase က မတက်တဲ့သူတွေပါ၊ သူတို့ကိုကြည့်လိုက်ရင် အမြဲ တစ်ခုခုလုပ်နေတာပဲမို့ အလုပ်တွင်မယ်ထင်ရပေမယ့် အဲ့ဒီလိုဖြစ်မလာပါဘူး။
ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်မယ်ဆိုပြီး သင်တန်းတွေတက် ပြင်ဆင်နေပေမယ့် တကယ်လက်တွေ့ဘာမှ မလုပ်ကြတဲ့သူတွေ၊ Motivation ရမယ့် စာတွေ၊ ဟောပြောပွဲတွေနောက် လိုက်ပေမယ့် ဘာမှဟုတ်တိပတ်တိ မလုပ်တဲ့သူတွေပေါ့။ ကြာလာတော့ Motivation တွေပဲ စွဲလမ်းနေမိပြီး ခရီးမတွင်တတ်ပါဘူး။

ကျွန်တော်စာရေးတဲ့အခါမှာလည်း Idea ကို ခေါင်းထဲမှာ 100% ရုပ်လုံးပေါ်လာမှ ရေးမယ်ဆိုရင် စာတစ်ပုဒ်တောင် ရေးဖြစ်မှာမဟုတ်ပါဘူး။
စိတ်ထဲထင်တာ ချရေးပြီး ပြန် Edit လိုက်တာပါပဲ။

ဆိုတော့… လုပ်သင့်တဲ့ကိစ္စကို ထလုပ်ပစ်လိုက်တာက နောက်မှလုပ်မယ်ဆိုတာကို Counter ပြန်လုပ်နိုင်တာပေါ့။ ဒါပေမယ့် ဒီလောက်လွယ်မနေလို့ပဲ လူတွေခက်ခဲနေတာပေါ့။
ဒါကြောင့် နည်းလမ်းတွေကို တီထွင်လာကြတယ်။

စာမေးပွဲနီးရင် Facebook Log Out လုပ်သွားတဲ့သူတွေ၊ အစားလျော့စားဖို့အတွက် ဝယ်ထားတဲ့ Junk Food တွေကို လွှင့်ပစ်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ရအောင်ထိန်းချုပ်နေတာပါ။
မနက်မှာ မထမခြင်း အသံဆိုးကြီးနဲ့ အော်နေတဲ့ Alarm တွေ၊ Internet ကို ညမှာ သုံးမရအောင်ဖျက်ပစ်တဲ့ App တွေ ကလည်း ဒီသဘောပါပဲ။

ဒီတော့ ကိုယ်က ကပ်တွန်းတတ်တဲ့အကျင့်ရှိနေရင် ရှိနေကြောင်း သေချာသိနေဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါလုပ်ရင်… ရပါတယ်ကွာ လို့တွေးနေမိရင်တော့ ပြင်ဆင်ဖို့နဲ့ ဝေးနေဦးမှာပါ။
ကိုယ့်အကြောင်းကိုယ် သေချာသိမှ နောက်တစ်ခါအတွက် ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started