အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)

ပထမပိုင်းရေးအပြီးမှာ စာဖတ်သူတချို့ကမေးကြတယ်။

သေးပေါက်ချလိုက်တော့ စက်တွေရော စိုပြီး
ထိခိုက်ကုန်လားတဲ့။

အာကာသဝတ်စုံက အကြမ်းဖျင်းခွဲလိုက်ရင် အဓိက ၂ထပ်အနည်းဆုံးပါပြီး ယာဥ်မှူးဝတ်တဲ့အပိုင်း ရယ် စက်တွေတပ်ထားတဲ့အပိုင်းရယ်ဆိုပြီး ၂ထပ် (၂ လွှာ) ပါပါတယ်။

အလွှာ ၂ခုကြားကိုတော့ အောက်ဆီဂျင်ပေးဖြတ်ထားပါတယ်။

ဝတ်စုံကြီးကလှောင်ပိတ်ပြီး အိုက်လို့ ချွေးတွေဘာတွေ ထွက်ရင် oxygen ကအမြဲဖြတ်စီးနေလို့ လေအေးပေးထားသလိုဖြစ်ပြီး ချွေးတွေခြောက်သွားပါရောတဲ့။

အခုလဲ မြေပြင်က မောင်ဉာဏ်ကောင်းသိပ္ပံပညာရှင်တွေက တပ်ထားတဲ့စက်တွေကို ခဏပိတ်ထားလိုက်ပြီး အာကာသယာဥ်မှူးကို သေးပေါက်ခွင့်ပေးလိုက်တယ်။

အလွှာကြားမှာ oxygen flow ကဖြတ်စီးနေလို့ ခဏအကြာမှာ ရှုးရှုးလေးများ ခြောက်တောက်တောက်ဖြစ်လာပါရော။ (ချွေးတွေခြောက်သွားသလိုပေါ့)

အဲ့ကျမှ ပိတ်ထားတဲ့ စက်တွေပြန်ဖွင့်ပြီး လိုရာခရီးကိုဆက်သွားနိုင်ပါသတဲ့။

ကဲ မောင်ဉာဏ်ကောင်းတို့ တကွက်ပြလိုက်ပါပြီ။

အစောပိုင်းခေတ်တွေမှာ အာကာသယာဥ်မှူးဖြစ်ရတာက ထင်သလောက်ပျော်စရာမကောင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

ဒီအညစ်ကြေးစွန့်ရတဲ့ ပြဿနာကလဲ တခုအပါအဝင်ပဲပေါ့။

ဘယ်လောက်ပဲ တိုတောင်းတဲ့ အာကာသခရီးပဲဖြစ်ဖြစ် ဒုံးပျံလွှတ်ဖို့ ပြင်ဆင်ရတာကိုက နာရီနဲ့ချီကြာလို့ အာကာသယာဥ်မှူးက အဲ့ဒုံးပျံမထွက်မချင်း
အထဲမှာ စောင့်နေရတာပါ။

သေးကြိုပေါက်ထားလဲ မထူးပါ။

အာကာသယာဥ်မှူး Shepard ရဲ့အခက်အခဲကြောင့် နာဆာ (NASA) က ဒီကိစ္စကို ဖြေရှင်းဖို့လုပ်ကြပါတယ်။

ရေတိုနည်းနဲ့ဖြေရှင်းကြည့်ကြရအောင်ဆိုပြီး နောက်တခေါက် အာကာသထဲကိုသွားဖို့လုပ်တဲ့ အာကာသယာဥ်မှူး Gus Grissom အလှည့်ကျတော့ ရှုရှုးခံဖို့ သေးခံခါးပတ်ကိုချုပ်ပေးလိုက်ပါတယ်။

သေးခံခါးပတ်မှာ ဝတ်စရာခါးပတ်နဲ့ ကွန်ဒုံးတခုကိုသုံးကာ ခါးမှာချိတ်ထားတဲ့ သေးအိတ်နဲ့ဆက်သွယ်လိုက်ပါတယ်။

ဉာဏ်ကြီးရှင်များရဲ့ ဖြေရှင်းချက်က ဝတ်စုံမှာ
သေးအိတ်ချိတ်ထားတဲ့ ခါးပတ်ပုံစံလုပ်လိုက်တာပါ။

ဒီမှာ ကြုံလို့ ရယ်စရာတခုပြောပြပါဦးမယ်။

တကယ်လား ဟာသလားတော့ မသေချာပါဘူး။

ရှုရှုးခံဖို့ခါးပတ်မှာ ကွန်ဒုံးကိုသုံးတော့ ပြဿနာက ကွန်ဒုံးက size ၃ မျိုးလာပါသတဲ့။

Small ရယ် Medium ရယ် Large ရယ်ပေါ့။

အဲ့မှာ အမေရိကန်သားလူထွားကြီးတွေပီပီ နာမည်အထိခိုက်မခံဘူးဆိုပြီး Large size တွေချည်းပဲသုံးပေးပါလို့ တောင်းဆိုကြပါရော။

တကယ်လဲစွပ်ကြည့်တော့ ကွန်ဒုံး large size တွေက ကြီးနေတော့ ကွက်တိမကျဘဲ ကျွတ်ကျွတ်ကျပါလေရော။

ဒါပေမယ့် ဘယ်သူမှလဲ small size ကိုမယူချင်ကြဘူး။ အရှက်ကလဲအကွဲမခံချင်ဘူး ဒီနေရာမှာတော့။

အဲ့တာနဲ့ မောင်ဉာဏ်ကောင်း သိပ္ပံပညာရှင်တွေက အဲ့ကွန်ဒုံး size တွေကို S, M, L ဆိုပြီး မခေါ်တော့ဘဲ

Large ရယ် Gigantic ရယ် Humongous ရယ်ဆိုပြီး နာမည်ပြောင်းခေါ်လိုက်ပါသတဲ့။

အဲ့လိုပြောင်းခေါ်ပေးလိုက်မှပဲ အမေရိကန်လူထွားကြီးတွေ Large size လို့နာမည်ပေးထားတဲ့ (တကယ်က small size) ဟာလေးတွေကို သုံးပါတော့သတဲ့ဗျာ။

ဟာသပဲထင်ပါတယ်ဗျာ။ တကယ်ဟုတ်မဟုတ်တော့မသေချာလို့ပါ။

နောက်ပိုင်းကျတော့ အဲ့လိုဖြစ်သလိုလေး ကွန်ဒုံးနဲ့လုပ်ထားတာကို ပိုအဆင်မြင့်တဲ့ design နဲ့ အိတ်တွေအဖြစ်ပြောင်းလိုက်ပါတယ်။

အတွင်းခံပုံစံဖြစ်သွားပြီး နောက်ပြန် မပြန်စီးအောင် တလမ်းသွားအဆို့ရှင် (one way valve) တပ်ပေးထားလိုက်တယ်။
အောက်မှာပုံပြပေးထားပါတယ်။

External urine collection device လို့နာမည်ပေးလိုက်ပြီး အချိန်ကြာကြာနေရမယ့် ခရီးအတွက် အိတ်အပိုလေးတွေခပ်များများ ချိတ်ပေးထားလိုက်တယ်။

တအိတ်ပြည့်ရင် နောက်တအိတ်သုံးပေါ့ဗျာ။

၁၉၆၃ ခုနှစ်မှာ အာကာသယာဥ်မှူး Gordon Cooper အလှည့်ကျ ဆီးအိတ်ကလေးတွေ ခါးမှာချိတ်ပြီး အာကာသထဲသွားတဲ့အခါ သေးပေါက်ရတာတော့ အခက်အခဲမရှိခဲ့ပေမယ့် ခရီးစဥ်အပြီးသတ်မယ့်အချိန်မှာ စက်ကိရိယာတချို့က ဘာကြောင့်မှန်းမသိဘဲ ချို့ယွင်းပြီး ထိန်းချုပ်မရဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ manual control နဲ့ပဲ ထိန်းပြီးအာကာသယာဥ်ကို ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။

အဲ့တာနဲ့ စက်ချို့ယွင်းမှုကို အဖြေရှာကြတော့ သူ့ဆီးအိတ်ထဲက ဆီးတချို့ ယိုဖိတ်ပြီး စက်တွေစိုကုန်လို့များစက်တွေကြောင်ကုန်တာ ဖြစ်လောက်မယ်လို့
ယူဆခဲ့ကြပါတယ်။

တော်တော်ဒုက္ခပေးတဲ့ အညစ်အကြေးစွန့်ပြဿနာပါ။

ဒါတောင် ရှုရှုးပြဿနာပဲရှိပါသေးတယ်။

နောက်တပိုင်းမှာ အီအီးပြဿနာလာပါတော့မယ်။

စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပေးကြပါဦး။

ဇာတ်ရှိန်မြင့်လာတော့မှာပါ။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started