ဒီ Topic ကိုရေးခိုင်းတဲ့သူများလို့ ရေးလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းပါတယ်။ နားလည်ရအလွယ်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးရေးထားပါတယ်။
ကြယ်တွေဘယ်လို သေဆုံးကြလဲ မသိခင် သူတို့တွေ ဘယ်လိုတည်မြဲနေကြလဲ အရင်သိဖို့လိုပါတယ်။
ကျွန်တော်တို့ရဲ့ နေနဲ့ဥပမာ ပေးပြီး ပြောချင်ပါတယ်။
နေက အစိုင်အခဲမရှိတဲ့ ဓာတ်ငွေ့လုံးကြီးဆိုတာ သိကြမှာပါ။ ဓာတ်ငွေ့လုံးကြီးက ဘယ်လောက်တောင် ကြီးလဲဆိုရင် သူ့အထဲကို ကမ္ဘာအလုံးပေါင်း ၁သန်းကျော်လောက်ထည့်လို့ရပါတယ်။

ဒီဓာတ်ငွေ့လုံးကြီး ဘယ်လိုတည်မြဲနေလဲဆိုတော့ ဆွဲအားနဲ့တွန်းအားမျှခြေမှာ ရှိနေလို့ပါ။
ဆွဲအားကတော့ Gravity ပါ။ သူ့ကြောင့် နေမှာရှိတဲ့ လောင်ကျွမ်းနေတဲ့ ချော်ရည် (Hot Plasma) တွေဟာ တဖြည်းဖြည်းနဲ့ အလယ်အူတိုင်နားကို ရောက်လာပါတယ်။ (ဆွဲအားဆိုတော့ ဆွဲချတာပေါ့…)
အောက်ရောက်လေလေ ဖိသိပ်ခံရလေလေဖြစ်လို့ Hydrogen တွေကနေ Helium တွေဖြစ်ကုန်ပါတယ်။
အဲ့လိုဖြစ်တဲ့အခါ စွမ်းအင် (Energy) ထွက်ပါတယ်။ အဲ့ဒီစွမ်းအင်က Gravity ကို တွန်းပြီး အပြင်ထွက်ဖို့ ကြိုးစားပါတယ်။ (သူက တွန်းအားပါ)
ဒီနှစ်ခု မျှခြေမှာရှိနေရင် ဓာတ်ငွေ့လုံးကြီး တည်မြဲနေတာပေါ့။

ဒါပေမယ့် တွန်းအားက စွမ်းအင်ထွက်လာမှ ဖြစ်လာပါ။ ဒီတော့ စွမ်းအင်ထွက်အောင် Hydrogen တွေနေ Helium ဖြစ်လာဖို့လိုပါတယ်။ Hydrogen တွေက နေမှာ အပေါများဆုံးများပဲ။ (နေရဲ့ 91% က Hydrogen ပဲလို့ဆိုတယ်)
ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ Hydrogen တွေကုန်ခမ်းလာမှာပါ။ အဲ့ဒီအခါမှာ ဆွဲအား (Gravity) က တွန်းအားထက်ပိုသွားပါပြီ။
အရမ်းဖိသိပ်ခံရတဲ့အခါ Helium တွေအချင်းချင်းပေါင်းနိုင်သွားပါတယ်။ (အရင်က Hydrogen ကိုပဲ ပေါင်းအောင်လုပ်နိုင်တာပါ)
အဲ့ဒီအခါမှာ Carbon တွေ၊ Oxygen တွေအထိဖြစ်လာပြီး နေက အကြီးကြီးဖြစ်လာပါတယ်။ Red Giant Star လို့ခေါ်ပါတယ်။

အဲ့ဒီအခါမှာ နေက ဘယ်လောက်ထိကြီးလာမလဲဆိုတော့ သူနဲ့အနီးဆုံး Mercury နဲ့ Venus ထိကို ရောက်လာမှာပါ။ တွက်ချက်မှုတွေအရတော့ အဲ့ဒီလိုဖြစ်လာရင် ကမ္ဘာမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ပါဘူး။
အပူရှိန်ပြင်းလွန်းလို့ လေထုနဲ့ ရေထုက ရှိတော့မှာမဟုတ်ပါဘူး။
ကမ္ဘာဆိုတာ မီးမြှိုက်ထားတဲ့ ကျောက်ခဲကြီးလိုပဲ ကျန်ခဲ့မှာပါ။
ကမ္ဘာကြီးဒီလိုအဆုံးသတ်မှာကို တွေးပြီး စိတ်မပူကြပါနဲ့။ ဒါကနောက် နှစ်ပေါင်း ၅ ဘီလီယံလောက်မှ ဖြစ်လာမှာပါ။ (အခု ကမ္ဘာ့သက်တမ်းက နှစ်ပေါင်း ၄.၅ ဘီလီယံရှိပါပြီ)

ကမ္ဘာလောက်မမြန်ပေမယ့် အင်္ဂါဂြိုလ် (Mars) လည်း အချိန်တစ်ခုကြာတဲ့အခါမှာ ပူလာမှာပါပဲ။ ဒါကြောင့် ခုချိန်မှာ အင်္ဂါဂြိုလ်မှာ သွားနေဖို့ ပြင်နေကြတာလည်း အဖြေတစ်ခုတော့ ဟုတ်မနေပါဘူး။
ကြာသပတေးဂြိုလ် (Jupiter) နဲ့ စနေဂြိုလ် (Saturn) မှာတော့ နေလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီအဖြေတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ Red Giant Star တွေက မတည်မြဲပါဘူး။ နှစ်ပေါင်း ၁ ဘီလီယံလောက်ပဲ ခံပါတယ်။
အဲ့ဒီအချိန်အတွင်းမှာ အခြားနေရာ တစ်ခုမှာနေဖို့ ပြင်ဆင်ထားပြီးသားဖြစ်သင့်ပါပြီ။ မဟုတ်ရင်တော့ ဒါဟာ လူသားတွေရဲ့အဆုံးသတ်ဖြစ်သွားပါလိမ့်မယ်။
Red Giant ဖြစ်ပြီး နှစ်ပေါင်း ၁ ဘီလီယံလောက်ကြာတဲ့အခါမှာ နေရဲ့အပေါ်ယံအလွှာကြီးက ဆက်ပြီးမတည်မြဲတော့ပါဘူး။ ဒီတော့ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။
သေဆုံးခါနီးကြယ် (နေ) ကို ကမ္ဘာကနေ လှမ်းကြည့်လိုက်ရင် ခုလိုမျိုး လုံးလုံးဝိုင်းဝိုင်းလေး မြင်ရမှာမဟုတ်ပါဘူး။ အောက်ပါပုံအတိုင်း မြင်တွေ့ရမှာပါ။ ဒါကို Planetary Nebula လို့ခေါ်ပါတယ်။

အဲ့ဒီကနေမှ နောက်ဆုံးကျန်ခဲ့တာကို White Dwarf Star လို့ခေါ်လိုက်ပါတယ်။
သေးသေးကျစ်ကျစ်၊ လင်းလင်းလက်လက် အရာကလေးတစ်ခုကျန်ခဲ့တာကို ပြောတာပါ။
ဒါက Medium-Sized Star တစ်ခုဖြစ်တဲ့ နေရဲ့ နိဂုံးပါပဲ။


ဟုတ်ရော ဟုတ်ရဲ့လားလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ခုလိုမျိုးပုံစံတူဖြစ်ရပ်မျိုးကို ကမ္ဘာကနေ အလင်းနှစ် ၄၀၀ ဝေးတဲ့နေရာမှာ ပညာရှင်တွေ ရှာတွေ့ပြီးပါပြီ။
အဲ့ဒီနေရာမှာ White Dwarf Star တစ်ခုနဲ့ သူ့ကို လှည့်ပတ်နေသေးတဲ့ ဂြိုလ်တွေကိုပါ တပါတည်း တွေ့ခဲ့ကြတာပါ။
ဒီကြယ်လေးဟာ သူမသေဆုံးခင် အချိန်တစ်ခုအထိ ကျွန်တော်တို့ရဲ့နေလိုပဲ ထွန်းလင်းပေးခဲ့မှာပါ။
ဒါဟာ ကျွန်တော်တို့ Solar System ရဲ့အနာဂတ်ပါပဲ။
နေက Red Giant Star ဖြစ်လာမယ့် တချိန်တည်းမှာပဲ ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) ဟာ Andromeda Galaxy နဲ့ဝင်တိုက်ကြမှာပါ။
အဲ့ဒီအချိန်အထိ ကမ္ဘာမှာလူတွေကျန်နေသေးရင် ကောင်းကင်ကို ကြည့်တဲ့အခါ Andromeda Galaxy က တဖြည်းဖြည်းနဲ့ ပိုပိုလင်းလာမှာပါ။ (ခုချိန်မှာတော့ သေချာမမြင်ရပါဘူး)
အဲ့ဒီအချိန်မှာတော့ “ကြယ်တွေစုံတဲ့ည” တကယ်ဖြစ်ပါပြီ။

Galaxy ၂ခုဝင်တိုက်တယ်ဆိုလို့ ငယ်ငယ်က ရန်ဖြစ်တဲ့အခါ ဆရာမတွေက ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနှစ်လုံးကို ကိုင်ပြီး ဂွက်ကနဲ ဆောင့်ထည့်လိုက်သလို မမြင်ကြပါနဲ့။
Galaxy တွေထဲမှာ ကြယ်တွေက ခပ်ဝေးဝေးမှာပဲ ရှိနေကြတဲ့အတွက် ကြယ် ၂လုံးဝင်တိုက်ဖို့ Chance ကတော့ နည်းပါတယ်။
ဒါပေမယ့် Gas Cloud တွေဝင်တိုက်မိကြပြီး ကြယ်အသစ်တွေတော့ ဖြစ်လာကြမှာပါ။
နောက်ဆုံးမှာတော့ ဒီ Galaxy ၂ခုပေါင်းပြီး Galaxy အကြီးကြီးတစ်ခုဖြစ်လာမှာပါ။


ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း (Solar System) ကရော…?
ခုချိန်မှာတော့ Solar System က Milky Way Galaxy ရဲ့ဗဟိုချက်မနဲ့ အလင်းနှစ် ၂၅၀၀၀ ကွာဝေးပါတယ်။ ဒါပေမယ့် Galaxy ၂ခုဝင်တိုက်ကြတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ အိမ်လိပ်စာ ပြောင်းသွားမှာပါ။ တချို့ပညာရှင်တွေကတော့ Galaxy အသစ်ရဲ့အလယ်ဗဟိုကနေ အလင်းနှစ် ၁သိန်းလောက် ဝေးတဲ့နေရာကို ရောက်သွားမယ်လို့ဆိုတယ်။
အဲ့ဒီအချိန်ထိ လူတွေ အသက်ရှင်နေကြသေးရင်တော့ ကမ္ဘာမှာနေဖို့လည်း နေကြောင့် မဖြစ်နိုင်တော့ဘူး၊ တခြားနေရာရှာဖို့လည်း Galaxy ၂ခု ဝင်တိုက်တဲ့အတွက်ကြောင့် ကောင်းကင်မှာ ကြယ်အသစ်တွေဖြစ်ကုန်ပြီ။
ဒီမတိုင်ခင်တော့ ဘယ်လိုဖြေရှင်းကြမလဲ၊ ဘယ်နားသွားနေကြမလဲ သိလာကောင်းပါရဲ့။ နည်းပညာလည်း ခုထက်တိုးတက်လာကောင်းပါရဲ့။
Nuclear War နဲ့ အချင်းချင်း မျိုးဖြုတ်ပြီး မသေခဲ့ကြရင်တော့ အနာဂတ်မှာ လူသားတွေဆက်လက်တည်မြဲဖို့ ပြင်ဆင်ကြရဦးမှာပါ။

(Part 2 မှာတော့ Black Hole တွေအကြောင်းပြောမှာမို့ ဆက်ဖတ်ပေးကြပါဦး)
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။