လူတိုင်း ဒီ Topic မျိုးကို အခါခါတွေ့ဖူးကြမှာပါ။ အောင်မြင်တိုးတက်၊ ကြီးပွားချမ်းသာရေးဟောတဲ့လူတွေ အကြိုက်ခေါင်းစဉ်တစ်ခုပေါ့။
လူတွေကလည်း ဒီလိုခေါင်းစဉ်မျိုးကိုပဲ တစိုက်မတ်မတ် စားသုံးချင်ကြတယ်။
ဆိုတော့… ခေတ်မီအောင် ကျွန်တော်လည်း တစ်ပုဒ်လောက်ရေးချင်ပါတယ်။
အရင်ခေတ်ကရေးထားတဲ့ အောင်မြင်တိုးတက်ရေးစာအုပ်တွေဖတ်ရင် ကြိုးစားဖို့လိုတယ်ဆိုပြီး ပြောကြတာပေါ့။
ဘဝမှာ အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီအတွက် မဆုတ်မနစ်နဲ့ ကြိုးစားရမယ်၊ လဲကျရင် ပြန်ထရမယ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အရောက်လှမ်းရမယ်။ (၁၀ တန်းစာစီစာကုံးရေးမှာ အလွတ်ကျက်ရေးကြတဲ့ စကားလုံးတွေပေါ့)
ဒါပေမယ့် ကြိုးစားတိုင်းလည်း ကြိုးစားသလို မဖြစ်ပြန်ဘူး၊ လဲကျတိုင်းလည်း ပြန်ထဖို့လည်း မလွယ်ပြန်ဘူး ဆိုတော့ အပေါ်ကရေးတာတွေကို လူတွေသိပ်မယုံကြတော့ဘူး။

အဲ့ဒီတော့ နောက်တစ်ဆင့်တက်ကြတာပေါ့။
“Work smart, not hard” လုပ်လာကြပြန်တယ်။ သိပ်မကြိုးစားနဲ့၊ ဉာဏ်လေးသုံး… ဆိုတာမျိုးပေါ့။
လဲကျရင်လည်း အမှားတွေကနေ သင်ခန်းစာယူပြီး ပြန်ထပါဆိုတာမျိုးပေါ့။
ဒါဟုတ်သလိုလိုတော့ ရှိလာတယ်။ သာမန်လူတွေတင်မဟုတ်ဘူး၊ ငပျင်းတွေလည်း ကြိုက်ကြတယ်။

ဒါပေမယ့် အောင်မြင်လာတဲ့အခါ မပျော်ကြပြန်ဘူး ဆိုပါတော့…။
(Idiots ရဲ့ “ဘာလိုနေသေးလဲ” သီချင်းလိုပေါ့ဗျာ…)
အဲ့ဒီတော့ နောက်တစ်ဆင့်ထပ်တက်တယ်။
ပုံပြင်လေးနဲ့ပြောကြတာပေါ့။ (တော်တော်များများကြားဖူးကြမှာပါ)
တစ်ခါက ငါးဖမ်းသမားတစ်ယောက် ကမ်းခြေက အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ထိုင်ပြီး မှိန်းနေတယ်။ ဘေးမှာလည်း အရက်ကလေးတစ်ခွက်နဲ့ အမြည်းနဲ့ပေါ့။
အဲ့ဒီအချိန်မှာ ငါးဖမ်းစက်လှေတွေပိုင်တဲ့ သူဌေးရောက်လာပြီး အလုပ်မလုပ်သေးဘူးလားလို့ မေးတယ်။
ဒီတော့ မလုပ်သေးဘူးလေ၊ အေးဆေးနားဦးမယ်လို့ ပြန်ဖြေတာပေါ့။
သူဌေးက မင်းအဲ့ဒီလိုဆို ဒီဘဝက တက်မှာမဟုတ်ဘူးလို့ ပြောတယ်။ (စဆရက သူဌေးပေါ့)

ဒီဘဝက တက်ရင် ဘာဖြစ်မှာမို့လို့လဲဗျာလို့ ငါးဖမ်းသမားက မေးတယ်။
မင်းငါးထွက်ရှာလို့ ငါးတွေတွေ့လာရင် ငွေရမယ်၊ ဒီလိုနဲ့ အလုပ်ကိုကြိုးစားပြီးဆက်လုပ်ရင် ငွေတွေထပ်ရလာမယ်၊ ငါးဖမ်းဆက်လှေတွေထောင်နိုင်မယ်၊ မင်းငါးထွက်ဖမ်းစရာမလိုတော့ဘူး၊ မင်းအောက်မှာ မင်းလိုကောင်တွေကို ခိုင်းနိုင်မယ်လေကွာ လို့ သူဌေးကပြောတယ်။
ငါးဖမ်းသမားကလည်း မလျော့ဘူး၊ အဲ့ဒီတော့ ဘာဆက်ဖြစ်မှာမို့လို့လဲဗျာ လို့ ဆက်မေးတယ်။ (အရက်သမားတွေ စကားများရင် ကြောက်ဖို့ကောင်းတယ်…)
အဲ့တော့ မင်းအေးအေးဆေးဆေး မပူမပင်ဘဲ နေလို့ရပြီပေါ့ကွ လို့ ပြန်ဖြေတာပေါ့။
ငါးဖမ်းသမားက ကျုပ် အခု ဘာလုပ်နေတယ်ထင်လို့လဲ တဲ့။
ပုံပြင်ကဒါပါပဲ။ အနှစ်ချုပ်လိုက်ရင်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ့်စိတ်နဲ့ပဲဆိုင်တာပါ၊ အရိပ်ကလေးအောက်မှာ အရက်သောက်ပြီး ရောင့်ရဲနေတာနဲ့ သူဌေးဖြစ်အောင် ဒုက္ခခံပြီး ရှာရမှာနဲ့ ဘယ်ဟာမှာ ပျော်မလဲပေါ့။
ဒီတော့ လူတွေရဲ့ Focus က အောင်မြင်မှုကနေ ပျော်ရွှင်မှုဖက်ရောက်လာကြတယ်။
အောင်မြင်တိုင်းလည်း မပျော်ရွှင်ဘဲ Suicide လုပ်သွားတဲ့ Case တွေကို မြင်လာရတာလည်း ပါတယ်။
နောက်တစ်ခုက အပြိုင်အဆိုင်အရမ်းများတော့ အောင်မြင်ဖို့ ခက်ခဲလာတာလည်း ပါတယ်။
မမီတဲ့ပန်းကို တုံးခုပြီး မလှမ်းတော့ဘဲ ကိုယ်မီသလောက်နဲ့ ရောင့်ရဲလိုက်ကြတဲ့သဘောပေါ့။
Mark Manson ရဲ့ The Subtle Art of Not Giving a Fuck မှာလည်း စာအုပ်အစမှာကတည်းကိုက “Don’t Try” လို့ပြောထားတယ်။ မကြိုးစားပါနဲ့တဲ့။ (ဒီစာအုပ်ကို မြန်မာပြန်ထားတာလည်း ရှိပါတယ်)
သူရေးထားတာကတော့ Body ပိုတောင့်ရမယ်၊ ပိုချမ်းသာလာရမယ်၊ ပိုအောင်မြင်လာရမယ်၊ ရုပ်ပိုချောလာရမယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လူတွေ စိတ်သောကတွေများနေကြတယ်လို့ဆိုတယ်။
ဒီလို ဝေးဝေးကကိစ္စတွေကို တွေးပြီး အမြဲစိတ်ဖိစီးနေမယ့်အစား မကြိုးစားနဲ့တော့လို့သူက ပြောချင်တာပါ၊ အောင်မြင်ချင်ရင် မကြိုးစားလည်း အောင်မြင်သွားတာပဲတဲ့။

“ကံ” သဘောကို ပြောတာမဟုတ်ပါ၊ ကောင်းတာတွေနောက်လိုက်ရင် မကောင်းတာတွေဖြစ်တတ်ပြီး မကောင်းတာတွေနောက်လိုက်ရင် ကောင်းတာတွေဖြစ်လာတယ်လို့ ဆိုချင်တာပါ။ (သူကတော့ ဒါကို Backwards Law လို့ခေါ်တယ်)
ဥပမာ Gym မှာ အပင်ပန်းခံကစားနေလို့ Body တောင့်လာတာမျိုး၊ ကိုယ့်ရဲ့အကြောက်တရားတွေ၊ စိုးရိမ်စိတ်တွေကို ရင်ဆိုင်လိုက်မှ သတ္တိတွေရှိလာတာမျိုး ကိုပြောချင်တာပါ။
သူက ဂရုမစိုက်ဖို့ ပြောတယ်ဆိုတာ အရာရာကို ဆိုလိုချင်တာမဟုတ်ပါဘူး၊ သေးနုပ်တဲ့ကိစ္စတွေကိုပါတဲ့။
အချို့တွေက ဆံပင်မလှဘူး အပြောခံရမှာကြောက်တော့ ဆံပင်ကို မဖြီးဘူး၊ လူတွေနဲ့ တရင်းတနှီး ပေါင်းသင်းဆက်ဆံရမှာ ကြောက်တော့ ငါ့ပြဿနာတွေကို နင်တို့နားမလည်ဘူးဆိုပြီး သူ့ကိုယ်သူ လူတထူးလို ထင်တတ်ကြတယ်။ လူတွေရဲ့ Defense Mechanism တွေပေါ့ဗျာ။ (စပျစ်သီး ချဉ်တယ်ဆိုတဲ့ မြေခွေးလိုပေါ့)
ဒါဟာသူပြောချင်တဲ့ ဂရုမစိုက်ခြင်း၊ မကြိုးစားခြင်းမဟုတ်ပါဘူးတဲ့။

သူကတော့ ပစ္စုပ္ပန်ကျကျနေစေချင်တဲ့ သဘော၊ စိတ်ပျော်ရွှင်ဖို့ကို အဓိက ထားလိုတဲ့ သဘောကို ပြောချင်တာပါ။ (သူဌေးနိုင်ငံတွေမှာတော့ ဟုတ်တာပေါ့…၊ အလုပ်မရှိရင်တောင် အစိုးရက တင်ကျွေးထားနိုင်တာကိုး)
ဒါပေမယ့် ကျွန်တော်ကတော့ အဆို တစ်ခုချင်းစီရဲ့ ဟာကွက်တွေကို ရှာကြည့်ချင်ပါသေးတယ်။
ကြိုးစားရင် ဒိုးပြားရမယ်ပြောခဲ့တဲ့ခေတ်၊ ခေါင်းသုံးဖို့ပြောတဲ့ခေတ်၊ မကြိုးစားတော့ဘဲ ပျော်ရွှင်ခြင်းကို အဓိကထားရှာတဲ့ခေတ် ၃ခေတ်ဆိုပြီး အကြမ်းဖျင်းခွဲလိုက်တာပေါ့။

မျက်စိမှိတ်ကြိုးစားခိုင်းနေတာက ဘာနဲ့တူလဲဆိုတော့ ခေါင်းမသုံးဘဲ စာအော်ကျက်နေသလိုပဲ။ ဉာဏ်မကူတော့ အချိန်သာကုန်သွားမယ်၊ အမှတ်ကောင်းကောင်းရဖို့ခက်ခဲမှာပါ။
ခေါင်းသုံးဖို့ပြောတာကတော့ ဟုတ်သလိုလိုရှိတယ်။ ဒါကို လက်ခံတယ်။
ဒါပေမယ့် အောင်မြင်တိုင်းပျော်ရွှင်တာ မဟုတ်ဘူးဆိုတော့ ပျော်ရွှင်မှုနောက်ကို လိုက်ချင်ကြပြန်တယ်။
မကြိုးစားနဲ့ဆိုတာတွေ ဖြစ်လာတယ်၊ အရက်သမားကို ကြည့်ပြီး အားကျလာတယ်။ ဘုရားဟောနဲ့ယှဉ်ရင်လည်း လောဘမကြီးဖို့၊ ချိုးခြံချွေတာကြဖို့ ပြောထားတယ်။
ခု ဖြစ်နေတဲ့ ပြဿနာက အောင်မြင်မှုကို သွားမလား၊ ပျော်ရွှင်မှုကို ယူမလားဖြစ်နေတာပေါ့။
နှစ်ခုလုံးလည်း ရနိုင်တာပဲ… ဘာလို့များ အငြင်းတွေပွားနေကြရလဲဆိုတော့ ၂ခုလုံးရဖို့ ခက်ခဲလို့ပါ။
ဒီတော့… ၂ခုလုံးကို 100% မယူချင်ဘဲ နည်းနည်းတော့လျော့ရမယ်။

ခုခေတ်မှာတော့ မကြိုးစားနဲ့ဆိုတဲ့ Mentality ကို ထဲထဲဝင်ဝင် နားမလည်ရင် ငပျင်းတွေဖြစ်သွားနိုင်တယ်ဆိုတာလည်း ဂရုပြုရမယ်။
ငယ်ဘဝမှာတော့ ငွေကို မလိုပါဘူးကွာလို့ ထင်စရာရှိတယ်။ (အိမ်ကကျွေးနေတာကိုး၊ မကျွေးရင်တောင် တစ်ကိုယ်ရည်၊ တစ်ကာယမို့ အဆင်ပြေတယ်)
ရောင့်ရဲတတ်တာဟာ တစ်ကိုယ်တည်းနေရင်တော့ ကောင်းတယ်။
ဒါပေမယ့် အိမ်ထောင်ပြုတဲ့အခါ ကိုယ်ယူတဲ့မိန်းမကရော ရောင့်ရဲတတ်တဲ့သူလားဆိုတာ ကြည့်ရမယ်။ မဟုတ်ရင် ကိုယ်က သစ်ပင်ရိပ်အောက် အရက်ကလေးတမြမြနဲ့ အနားယူချင်ပေမယ့် မိန်းမက လူတန်းစေ့နေချင်တော့ ငွေရှာပေးဖို့ နားပူနားစာလုပ်မှာပဲ။
အဲ့ဒီအခါမှာ သူဌေးကိုဖြေသလို ဖြေလိုက်လို့ကတော့ မိန်းမနဲ့သတ်ရမှာပေါ့။
အဲ့လိုဆိုရင် စိတ်ပျော်ရွှင်မှုဆိုတာလည်း မရှိနိုင်တော့ဘူးလေ။
ဒါကြောင့် ဉာဏ်သုံးပြီး ကြိုးစားပါလို့ ပြောချင်ပါတယ်။ အိမ်ထောင်မပြုလည်း မိဘတွေကို ကောင်းကောင်းထားနိုင်တာပေါ့၊ အိမ်ထောင်ပြုတော့လည်း မိန်းမက သဘောကျတာပေါ့။ (ဒါကတော့ ရွှေမြန်မာ လောကီ Version ပေါ့ဗျာ၊ လောကုတ္တရာကို သွားမယ်ဆိုရင်တော့ ဒါတွေသိဖို့မလိုပါဘူး)
ငွေရှိတိုင်း စိတ်မဆင်းရဘူးဆိုတာ မဟုတ်ပေမယ့် ငွေမရှိရင်တော့ စိတ်မချမ်းသာရမှာ သေချာပါတယ်။
ထမင်းရည်ပူ တူတူလျက်ကြတာက ဇာတ်လမ်းတွေ၊ ဝတ္ထုတွေထဲတော့ “ရို”တာပေါ့ ၊ လက်တွေ့ဘဝမှာ ၁လလောက် အဲ့လို လျက်ပြီးရင် ဘာတွေဆက်ဖြစ်လာမလဲ…။
ဒါပေမယ့် ငွေပဲရှာပေးပြီး တာဝန်မကျေတဲ့သူတွေလည်း အများကြီးရှိပါတယ်။
ကိုယ်အသက်ကြီးလာလို့ ကျန်းမာရေးမကောင်းရင် ငွေမရှိဘဲ ဘယ်သူက ကုပေးမှာလဲ။ ကိုယ့်ရဲ့ သားသမီးဆိုတာကရော သုံးလို့ရမယ်၊ မရဘူး သေချာတာမှမဟုတ်တာ… (ကိုယ်ရော မိဘအပေါ် ဘယ်လောက်တာဝန်ကျေခဲ့ပြီလဲ)
ငွေရှိတော့ရော ကုမရတဲ့ရောဂါဆိုရင် သေမှာပဲလေ…။
အဓိကက ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းမျှမျှတတလေး ရှိနေဖို့ကိုပြောချင်တာပါ။
ဒါကြောင့် အမြဲတမ်း ပျော်ရွှင်နေချင်လို့တော့ မရဘူးပေါ့ဗျာ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
