သဘာဝတရားက ဘာလို့ နှာခေါင်း ၂ပေါက်ပေးထားတာလဲ?

ငယ်ငယ်က ဆိုရိုးစကားလေးတခုကြားဖူးမလားမသိဘူး။

“God gives us 2 eyes to observe more,
2 ears to listen more, but only 1mouth to talk less” တဲ့။

ဘုရားသခင်က မျက်စိ၂ဖက်ပေးထားလို့ များများလေ့လာကြည့်ရှုပေးပါ။နား၂ဖက်ပေးထားလို့ များများနားစွင့်ထားပါ။ ပါးစပ်တပေါက်ပဲ ထည့်ပေးထားလို့ လျှာမရှည်နဲ့အာမချောင်ပါနဲ့လို့ အဓိပ္ပာယ်ရပါတယ်။

ဘုရားသခင်ကို နောက်တခွန်းလောက်ပြန်မေးရင် ဘယ်လိုဖြေမလဲမသိဘူး။

နှာခေါင်းပေါက် ၂ဖက်ကျဘာလုပ်ဖို့လဲ….
လေများများရအောင်လား?

လေပိုရှုလို့ရအောင်ဆို အလယ်တည့်တည့်မှာ ခပ်ကြီးကြီး တပေါက်ထဲ ဖောက်ထားပေးလိုက်လို့မရဘူးလားပေါ့။

တော်တော်ကတ်သီးကတ်သပ်လုပ်တယ်မထင်ပါနဲ့ဗျ။

ဒီနေ့မှာ သဘာဝတရားကြီးက ဘာလို့များ နှာခေါင်းပေါက်ကို ၂ဖက် ထားပေးထားရတာလဲ အဖြေရှာကြည့်ရအောင်။

သိပ္ပံပညာရှင်တွေလေ့လာချက်အရ နှာခေါင်းပေါက် ၂ ဖက်က အနံ့ခံနိုင်စွမ်းချင်း မတူတာကို စသတိထားမိကြတယ်။

ညာဖက်နှာခေါင်းပေါက်က တချို့အနံ့တွေကို ပိုခံလို့ရပြီး ဘယ်ဖက် နှာခေါင်းပေါက်ကကျ တချို့ အနံ့တွေကို ပိုအနံ့ရတယ်လို့ ဆိုကြတယ်။

ဒါက ပုံမှန်လူတွေရဲ့ ၈၅% လောက်မှာဒီလို တဖက်စီအနံ့ရတာမတူပါဘူးတဲ့။

ဒါပေမယ့် သိပ်မသိသာလှလို့ ပုံမှန်သတိမထားမိကြပါဘူး။ ဘာလို့ မတူတဲ့ နှာခေါင်းပေါက်တွေက အနံ့ရတာချင်းမတူတာလဲပေါ့။

အဲ့တာနဲ့ စမ်းသပ်ချက်တခုလုပ်ကြည့်ကြတယ်။

နှာခေါင်းတဖက်စီကိုပိတ်ပြီး ကျန်တဲ့တဖက်နဲ့ အနံ့ခံခိုင်းတဲ့အခါ ညာဖက်နှာခေါင်းပေါက်က octane လို့ခေါ်တဲ့ ဓာတ်ဆီနံ့ကို ပိုအနံ့ရပြီး ဘယ်ဖက်နှာခေါင်းပေါက်ကကျ ပူရှိန်းနံ့ (peppermint) ကိုပိုအနံ့ရပါသတဲ့။

အဲ့ဒီစမ်းသပ်ချက်ကိုပဲ နောက်ထပ်နာရီအနည်းငယ်အကြာမှာ ထပ်စမ်းသပ်တော့ ပြောင်းပြန်ပြန်ဖြစ်သွားပါသတဲ့။

ဆိုလိုတာက အခုကျတော့ ညာဖက်က ပူရှိန်းနံ့ပိုရသွားပြီး ဘယ်ဖက်ကကျ ဓာတ်ဆီနံ့ပိုရပြန်ပါသတဲ့။

အနံ့တွေပိုရတဲ့အခြမ်းက တနေ့တာမှာ ပုံသေမရှိဘဲ ညာတလှည့် ဘယ်တလှည့် ပြောင်းနေပါတယ်တဲ့။

အဲ့တာကို Nasal cycle လို့ခေါ်ကြပါတယ်။

ဘာလို့ အဲ့လို တလှည့်စီအနံ့ပိုရတဲ့ဖက် ပြောင်းနေတာလဲဆိုတော့ လေပိုဝင်တဲ့ဖက်မတူကြလို့ပါတဲ့။

စာဖတ်သူတို့သတိထားမိမလားမသိဘူး။ နှာခေါင်း ၂ ပေါက်က လေဝင်တဲ့အားချင်းမတူပါဘူး။

လက်ချောင်းကို နှာခေါင်းအဝမှာ တေ့ထားပြီး မှုတ်ထုတ်ကြည့်ရင် တပေါက်နဲ့ တပေါက် လေအားမတူပါဘူး။

ပိုအားပြင်းတဲ့ဖက်ရှိပါတယ်။

တနည်းအားဖြင့် လေပိုရှုလို့ရတဲ့ဖက်နဲ့ လေသိပ်မဝင်တဲ့ဖက်ဆိုပြီး ရှိနေပါတယ်။

လေပိုဝင်တဲ့အပေါက် နဲ့ လေသိပ်မဝင်တဲ့အပေါက်ဆိုပြီး တလှည့်စီပြောင်းနေပါတယ်တဲ့။ ဘာလို့အဲ့လိုလေဝင်တာ မတူရတာလဲဆိုတော့ နှာခေါင်းပေါက်ထဲမှာ အတွန့်ခေါက်တွေရှိပါတယ်။

ဆေးပညာမှာတော့ Nasal concha (or) Nasal turbinate လို့ခေါ်ပါတယ်။

အောက်ကပုံမှာကြည့်ကြည့်ပါ။

နှာခေါင်းအဖတ်တွေလို့ပဲအလွယ်ပြောရအောင်။ နှာခေါင်းအဖတ်တွေက တခါတလေပိုကြီးလာပြီး ပိတ်မိရင် အဲ့ဖက်က လေဝင်တာနည်းသွားတတ်ပါတယ်။

ဘယ်အချိန်မှာ အဖတ်ကြီးကကြီးလာတတ်လဲဆိုတော့ သွေးပိုစီးတဲ့အခါပါ။ အမျိုးသားတွေ လိင်အင်္ဂါထဲကိုသွေးများများဝင်လာရင် erection ရသလိုပဲ နှာခေါင်းအဖတ်တွေထဲသွေးပိုဝင်ရင် ကြီးလာမယ် အဲ့အခါ နှာခေါင်းပေါက်ကို နဲနဲကျဥ်းစေလို့ လေဝင်တာနည်းမယ်။
လေဝင်တဲ့အားမတူရင်
အနံ့ရတာလဲ တဖက်နဲ့တဖက်မတူတော့ဘဲဖြစ်မယ်။ အဲ့လိုသဘောပါ။

သွေးကဘယ်အချိန်မှာပိုဝင်လဲဆိုရင် ပုံမှန်လူဆို တဖက်ဖက်ကိုစောင်းအိပ်လိုက်တဲ့အခါ သွေးတွေအောက်ကိုပိုစီးလာလို့ စောင်းအိပ်တဲ့အခြမ်းက နှာခေါင်းပေါက်က ပိုပိတ်တတ်ပါတယ်။

ကမ္ဘာ့ဆွဲအားကြောင့် အောက်ဖက်မှာ သွေးပိုစုတဲ့သဘောပါ။

တခါတလေ နှာစေးလို့ တဖက်ဖက်နှာပိတ်နေရင် ပိတ်တဲ့ဖက်ကို အပေါ်ရောက်အောင် တခြားဖက်စောင်းအိပ်လိုက်တဲ့အခါ သက်သာသွားတာ နှာပြန်ပွင့်သွားတာ ဒီသဘောတရားပါပဲ။

သွေးတွေကအောက်ဖက်နှာခေါင်းကိုစီးသွားတော့ နှာခေါင်းအဖတ်က မဖောင်းတော့ဘဲ ပြားသွားလို့ လေပိုဝင်ပြီး နှာပွင့်သွားတာပါ။

သဘာဝတရားကအဲ့လို နှာခေါင်း၂ဖက်ကို ပိတ်လိုက် ပွင့်လိုက်လုပ်ပေးထားတာ ဘာလို့လဲသေချာမသိကြပါဘူး။

ဖြစ်နိုင်တဲ့ယူဆချက်တခုက ညဖက်အိပ်တဲ့အခါ တဖက်ထဲကိုပဲ အကြာကြီးစောင်းဖိပြီးအိပ်ရင် ကြာလာရင် pressure effect နဲ့အိပ်ရာနာ (bedsore) တွေပေါက်လာတတ်ပါတယ်။

အဲ့လို တဖက်ထဲအကြာကြီးမအိပ်မိအောင် နှာခေါင်းတဖက်ကိုပိတ်ထားသလို ခံစားရတာနဲ့ တခြားတဖက်ကိုလှည့်အိပ်ဖြစ်အောင် လုပ်ပေးထားတာလို့ ယူဆကြပါတယ်။

တချို့ကလဲ လေဝင်တာမတူအောင်လုပ်ပေးထားတော့ အနံ့တွေခံတဲ့နေရာမှာ ပိုပြီးကောင်းစေတယ်လို့ယူဆပါတယ်။

နှာခေါင်းတဖက်နဲ့တဖက် အနံ့ရတာချင်းမတူလေ
အနံ့များများကို ပိုအနံ့ခံလို့ရလေ ဖြစ်တယ်လို့ ယူဆကြတာပါ။

ညဖက်မှာဆိုရင် အမှောင်ထဲမှာအနံ့ခံအားပိုကောင်းအောင် အနံ့နဲ့ခွဲလို့ရအောင် လုပ်ပေးတာလို့လဲ ဆိုကြပါသေးတယ်။

တချို့ chemical တွေက နှာခေါင်းထဲ အလွယ်တကူကပ်ပါတယ်။ (high-sorption-odorants) လွယ်လွယ်ကပ်တဲ့ chemical တွေကို လေပိုဝင်တဲ့ဖက်ကရှူရင် chemical တွေက Area များများကို ကပ်ကုန်ပါတယ်။ ဒါကြောင့် လွယ်လွယ်ကပ်တဲ့ ပူရှိန်းနံ့ဆိုရင် လေပိုဝင်တဲ့အပေါက်က အနံ့ပိုခံလို့ကောင်းပါတယ်။

တချို့ chemical ကကျ နှာခေါင်းထဲမှာ သိပ်မကပ်ပါဘူး။ (low-sorption-odorants) ဥပမာ- ဓာတ်ဆီနံ့ဆိုရင် ဖြေးဖြေးချင်း လေဝင်တဲ့အပေါက်က ပိုခံလို့ရပါတယ်တဲ့။

ဓာတ်ဆီနံ့ကို လေမြန်မြန်ရှူသွင်းတဲ့အပေါက်ဆို သိပ်မကပ်လို့ အနံ့သိပ်မရပါဘူးတဲ့။

ဒါတွေကို ပုံမှန်ဆို သိပ်သတိမပြုမိတတ်ကြပါဘူး။

သို့သော် အနံ့ပိုရတဲ့ဖက်ရှိနေတာ…
လေပိုဝင်တဲ့ဖက်ရှိနေတာကတော့…

အလကားသပ်သပ်မဟုတ်လောက်ဘူးဆိုတာ နားလည်လောက်ပြီမို့ ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started