ဒီအပိုင်းမှာတော့ အမေးများတဲ့ မေးခွန်းတွေကို ညီကိုတို့ နှမတို့ နားလည်သွားအောင် ဖြေပေးလိုက်ပါတယ်။
(ရှေ့အပိုင်းကို ဒီမှာဖတ်ပါ)
အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)
https://ouo.io/6WODbb
၁။ ၁၂နာရီခြားပြီး ဒုတိယတလုံးကိုသောက်တဲ့အခါ စောသောက်မိရင် ထပ်သောက်စရာလိုသလား?
အရေးပေါ်တားဆေး ၂လုံးကို ၁၂နာရီခြားသောက်တဲ့အခါ နောက်ကျပြီးမသောက်မိဖို့က ပိုအရေးကြီးပါတယ်။
အချိန်စောပြီးသောက်မိတာက ပြဿနာမရှိပါ။
ထပ်သောက်ဖို့မလိုပါ။
၂နာရီအတွင်း အန်ပစ်လိုက်မှသာ ထပ်သောက်ရပါမယ်။

၂။ မတော်တဆ ကိုယ်ဝန်ရှိသွားရင် တားဆေးက ကလေးကို သေစေမလား?
သောက်ရတဲ့ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲတားပေးတာပါ။ ကိုယ်ဝန်ရသွားရင် ဘာအာနိသင်မှမရှိတော့သလို ကလေးကိုလဲ အန္တရာယ်မဖြစ်စေပါ။
မတော်တဆ ကိုယ်ဝန်ရသွားရင်တောင် တားဆေးကြောင့် ကလေးမှာ ကိုယ်လက်မစုံလင်တာ ၊လမစေ့ဘဲမွေးတာ ၊ကြပ်မပြည့်တာ စတာတွေ ဘာမှမဖြစ်တတ်ပါ။
အရေးပေါ်တားဆေးက ကလေးကိုဖျက်ချတဲ့ ဖျက်ဆေးမဟုတ်ပါ။ကလေးဆိုတာဖြစ်မလာခင် ကြိုကာလိုက်တဲ့ဆေးမို့ ပါဏာတိပါတာကံထိုက်မှာလဲ မစိုးရိမ်ရပါ။
၃။ အရေးပေါ်တားဆေးသောက်တိုင်း ကိုယ်ဝန်မရတာသေချာလား?
၁၀၀% တော့ ဘယ်အရာမှမကာကွယ်နိုင်ပါ။ နည်းလမ်းမှန်မှန်နဲ့ အချိန်မကျော်ဘဲ သောက်နိုင်ရင် ၉၈% လောက်အထိကာကွယ်ပေးနိုင်ပါတယ်။

၄။ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကိုရော တားဆေးက ကာကွယ်ပေးသလား?
လုံးဝမကာကွယ်ပါဘူး။
ကွန်ဒုံးသုံးခြင်း တခုတည်းကသာ အေအိုင်ဒီအက်စ်ရောဂါ၊ ကာလသားရောဂါ စတဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်တာပါ။ ဒါကြောင့် ကွန်ဒုံးသုံးဖို့ အရေးကြီးပါတယ်။

၅။ အရေးပေါ်တားဆေးသောက်ရင် နောက်ပိုင်းကလေးမရတော့တာ မြုံသွားတာတွေ ဖြစ်နိုင်လား?
လုံးဝမဖြစ်ပါဘူး။
အရေးပေါ်တားဆေးက တကြိမ်တခါပဲ ရေတိုသောက်တာဖြစ်လို့ အမျိုးသမီးရဲ့မျိုးပွားခြင်းကို မထိခိုက်ပါ။ အများထင်သလို တားဆေးကြောင့် မြုံသွားတာ ကလေးမရတော့တာနဲ့ လုံးဝမဆိုင်ပါ။
၆။ အရေးပေါ်တားဆေးသောက်ထားရင် နောက်တကြိမ် လိင်ဆက်ဆံမိတာကိုရော ကာကွယ်လား?
မကာကွယ်ပါဘူး။
အရေးပေါ်တားဆေးဆိုတာ ဖြစ်ပြီးခဲ့တဲ့ လိင်ဆက်ဆံမှုကိုပဲ တကြိမ်သာကာကွယ်ပေးတာပါ။ အရေးပေါ်တားဆေးသောက်ထားတာပဲ ဆိုပြီး နောက်တကြိမ် ထပ်ပြီး sex ကိစ္စရှိလာမယ်ဆိုတိုင်း အကာကွယ် ကွန်ဒုံးသုံးရပါမယ်။
သို့မဟုတ် ရေရှည်အတွက် သောက်ရမယ့် နေ့စဥ်သုံး လစဥ်သုံးတားဆေးမျိုးကို ပြောင်းသုံးရပါမယ်။

အရေးပေါ်တားဆေးရဲ့သဘောက အရေးပေါ်တကြိမ်ပဲကာကွယ်တာပါ။
၇။ အရေးပေါ်တားဆေးက ဘာဆိုးကျိုးတွေရှိလဲ?
ယေဘုယျအားဖြင့် ဘာဆိုးကျိုးမှမရှိတတ်ပါ။
အနည်းငယ် ပျို့ချင် အန်ချင် ခေါင်းမူးတာလောက်ပဲဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေးပေါ်တားဆေးနဲ့ မတည့်တဲ့လူမရှိသလောက်နည်းပါတယ်။
၈။ အရေးပေါ်တားဆေးသောက်ထားရင် ရာသီထိမ်တာ နောက်ကျတာဖြစ်တတ်လား?
အမျိုးသမီး ၆၀% လောက်မှာတော့ ရာသီရက်အပြောင်းအလဲဖြစ်တတ်ပါတယ်။
တချို့က ၃ရက်လောက်စောလာတတ်ပြီး တချို့က ၃ ရက်လောက် နောက်ကျတတ်ပါတယ်။

နောက်ကျတဲ့သူတွေက ကိုယ်ဝန်ရသွားပြီလားလို့ စိတ်ပူတတ်ပါတယ်။ မပူပါနဲ့။ ရာသီပုံမှန်လာနေကျရက်ကိုကျော်ပြီး
တပတ်လောက်အထိစောင့်ကြည့်လို့ရပါတယ်။ တပတ်လောက်စောင့်လို့မှ မလာသေးရင် ဆီးစစ်တံဝယ်ပြီး ဆီးစစ်ကာ အဖြေရှာကြည့်နိုင်ပါတယ်။

၉။ အရေးပေါ်တားဆေးကို အမြဲနေ့တိုင်းသောက်သင့်သလား?
လုံးဝ လုံးဝ မသောက်ရပါ။
ရေရှည်သောက်ဖို့ အရေးပေါ်တားဆေးကို ထုတ်ထားတာမဟုတ်ပါ။ ရေရှည်သောက်ရင် ကျန်းမာရေးကို ထိခိုက်တတ်ပြီး ကိုယ်ဝန်ရသွားနိုင်ခြေပိုပို များလာပါတယ်။
တကြိမ်တခါ အမှားပြင်ဖို့သာ ဆောင်ထားပြီးသောက်သင့်ပါတယ်။ ရေရှည်ကိုယ်ဝန်တားချင်ရင် တခြားသောက်ဆေး ထိုးဆေးတွေနဲ့ ကွန်ဒုံးကိုရွေးလို့ရပါတယ်။

၁၀။ အရေးပေါ်တားဆေးကို ဆရာဝန်ဆီမသွားဘဲ သောက်လို့ရသလား?
ရပါတယ်။
ဆေးသောက်တဲ့နည်းလမ်းတွေသေချာသိရင် မိမိဘာသာသေချာသောက်ပြီး နေလို့ရပါတယ်။ ဆေးသောက်ပြီးရင်လဲ ဆရာဝန်နဲ့ပြစရာမလိုပါ။
ကိုယ်ဝန်ရှိ မရှိသိချင်တာဖြစ်ဖြစ်၊ ဆေးအကြောင်းတခုခုသိချင်တာရှိရင်တော့ ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်လို့ရပါတယ်။
ညီကိုတို့ နှမတို့ ထပ်သိချင်တာရှိရင် science nuts telegram မှာလဲ မေးထားလို့ရပါတယ်။
အပူအပင်ကင်းစွာနဲ့ လူငယ်ဘဝကို ဖြတ်ကျော်နိုင်ပါစေ။
Min Ko Gyi
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။