ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း

ဆေးပညာမှာ ယုံကြည်မှုကိုအခြေခံပြီး ကုသတဲ့နည်းနာတွေရှိပါတယ်။ အဲ့တာကို Placebo effect လို့ခေါ်ပါတယ်။

Latin စကားမှာတော့ placebo ဆိုတာ I shall be pleasing လို့ဆိုသတဲ့။ ကောင်းချီးပေးခံရတယ်… ကျေနပ်စေတယ်ဆိုတဲ့သဘောပေါ့။

ယုံကြည်မှုနဲ့ဆေးကုတာက တကယ်ရောသက်သာလားဆိုတော့ သက်သာတဲ့ သာဓကတွေရှိပါတယ်။

စမ်းသပ်မှုတခုမှာ ဒူးနာနေတဲ့ လူနာတွေကိုရှာပြီး
အုပ်စု၂စုခွဲလိုက်တယ်။ ပထမအုပ်စုကို ဒူးနာပျောက်ဆေးလို့ရေးထားတဲ့ ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်တအုပ်စုကိုကျတော့ ဘာမှရေးမထားတဲ့ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။

နောက်ထပ် နာရီအနည်းငယ်ကြာတော့ ပထမအုပ်စုက ဒူးနာသက်သာတဲ့သူများပြီး ဒုတိယအုပ်စုကတော့ တံဆိပ်မပါတဲ့ မဟုတ်တဲ့ဆေးတွေလိမ်းခိုင်းတယ်ဆိုပြီး ပိုတောင် ဒူးနာကြပါသတဲ့။

တကယ်တမ်းက အဲ့ဆေး ၂မျိုးလုံးက အတူတူပါပဲ။
ဆေးမဟုတ်ဘဲ ရိုးရိုးဟင်းချက်ဆီတွေပါ။ ပုလင်းပဲကွာတာပါ။

ပထမအုပ်စုက ဒူးနာပျောက်ဆေးလို့ ယုံကြည်စွာနဲ့ လိမ်းတဲ့အခါ တကယ်လဲ နာတာသက်သာသွားပါတယ်။ ဒုတိယအုပ်စုကျတော့ ပြောင်းပြန်ပါ။

အစထဲက ဒီဆေးကမကောင်းလောက်ဘူးလို့တွေးပြီး လိမ်းတော့ ပိုဆိုးလာပါတယ်။ အဲ့တာကို Nocebo effect လို့ခေါ်ပါတယ်။

ယုံကြည်မှုရှိတဲ့သူတွေရဲ့ ဦးနှောက်ကို စစ်ဆေးကြည့်တဲ့အခါ Prefrontal cortex ဆိုတဲ့ ဦးနှောက်အရှေ့ဖက်မှာ ဟော်မုန်းတွေထွက်လာပါတယ်။

Oxytocin တို့ Dopamine တို့ Endorphin တို့စတဲ့ အနာကိုသက်သာစေတဲ့ ဟော်မုန်းတွေထွက်ပြီး ဦးနှောက်တခုလုံးကို ပြန့်သွားစေပါတယ်။

ဆိုတော့ လူနာက နာတာသက်သာသွားတာပေါ့။ ယုံကြည်မှုနဲ့ ဆေးကုတဲ့သူတွေကလဲ နာမည်ရတာပေါ့။

တချို့ဆို ရေမန်းက ကိုဗစ်ပျောက်တယ်ဆိုပြီးရောင်းစားတယ်။ ဘယ်ဆေးက ၉၆ပါးရောဂါကောင်းတယ်ဆိုပြီးရောင်းတယ်။

ပိုဆိုးတာမျိုးက ဗိုက်အောင့်နေတဲ့လူနာကို ဗိုက်ခွဲပေးမယ်ပြောပြီး မေ့ဆေးပေး… အရေပြားကိုဟန်ဆောင် ပြန်ချုပ်ပြီး ခွဲစိတ်ထားသယောင်လုပ်စားကြတာတွေလဲရှိခဲ့ပါတယ်။ ဒါကြောင့် သိပ္ပံနည်းကျကုနေတဲ့ ဆရာဝန်၊ ဆေးပညာရှင်တွေက ယုံကြည်မှုနဲ့ကုတာကို ဆန့်ကျင်တတ်ကြပါတယ်။

စမ်းသပ်ချက်တွေ သုတေသနတွေအရ…

Placebo effect နဲ့ဆေးကုတာက နာကျင်မှုအတွက်ပဲ အသုံးဝင်ပါတယ်။
ဥပမာ- ဒူးနာ၊ ခါးနာ၊ ဗိုက်အောင့်၊ ခေါင်းကိုက် စတာတွေတော့ သက်သာနိုင်ပါတယ်။ ကျန်တဲ့အရာတွေကို ပျောက်စေတယ်ဆိုတာကတော့ တဆိတ်လွန်လွန်းသွားပါတယ်။

လက်မခံနိုင်စရာလဲဖြစ်လာပါတော့တယ်။ ကိုဗစ်ပျောက်တယ်ဆိုပြီး ရေမန်းကို တစ်လီတာ ၂သောင်းနဲ့ရောင်းတာကတော့ အတော်လက်မခံနိုင်စရာကိစ္စတွေပါ။

ငါ့ဘာသာပိုက်ဆံရှိလို့ ဝယ်သောက်တာဆိုရင်လဲ တားမရရင်တော့ မတတ်နိုင်ပါ။ ဒါပေမယ့် ပိုက်ဆံကို မီးရှို့ပစ်သလိုပါပဲ။

ခံစားရတဲ့ လက္ခဏာခဏသက်သာချင်သက်သာမယ်… ရောဂါကိုမှ တကယ်မပျောက်တာ… ပြည်တည်နေတဲ့အနာလုံးကြီးကို မဖောက်ထုတ်
မကုသဘဲ အပေါ်ကနေမိတ်ကပ်လိမ်းပြီး မမြင်ရအောင်လုပ်နေသလိုပါပဲ။

အထူးသဖြင့် အဲ့လိုသတင်းမှားတွေပြန့်ကုန်တဲ့အခါ မသိနားမလည်တဲ့ ချို့တဲ့တဲ့ပြည်သူတွေက စုထားဆောင်းထားတာတွေနဲ့ ဆေးမဝယ်၊ အစာမဝယ်တော့ဘဲ အဲ့လိုဂျင်းတွေလိုက်ဝယ်မိပြီး ဒုက္ခလှလှရောက်ကုန်တော့တာပါပဲ။ ယုံကြည်ရာကိုပဲ ကိုးကွယ်ကြပါဆိုပေမယ့် အသိဉာဏ်လေးပါမှ အသက်ကိုဉာဏ်စောင့်မှာပါ။

ကြားဖူးတဲ့ ပုံပြင်လေးတပုဒ်နဲ့ အဆုံးသတ်ပါရစေ။

တိုင်းပြည်တပြည်ကို အပ်ချုပ်သမား ၂ယောက်ရောက်လာသတဲ့။ သူတို့က ကမ္ဘာ့အလှဆုံး နတ်ဝတ်တဲ့ဝတ်စုံကို ချုပ်တတ်တယ်ဆိုပြီး ဘုရင်ကြီးဆီကိုသွားပါတယ်။

ဘုရင်ကြီးကိုချုပ်ပေးမယ်ဆိုပြီး ရွှေငွေကျောက်သံပတ္တမြားတွေ တောင်းပါတယ်။ ရက်အနည်းငယ်ကြာတော့ ချုပ်ပြီးပြီဆိုပြီး ဝတ်ခိုင်းပါတယ်။

မဝတ်ခင်ကြိုပြောထားတာက နတ်ဝတ်စုံဖြစ်လို့ ဘုန်းကံရှိတဲ့သူပဲဝတ်ထားတာကိုမြင်ရတယ်ဆိုပဲ။ ဘုရင်ကြီးကလဲ ဘုန်းကံအနိမ့်မခံနိုင်တော့ ဝတ်စုံကိုလှတယ် လှတယ်ဆိုပြီး ဂျင်းထည့်သမျှ ခံနေတာပေါ့။

အမတ်ဝန်ကြီးတွေကလဲ ဘုန်းကံနိမ့်တယ်ဖြစ်မှာစိုးတော့ ဘုရင်ကို လှကြောင်းပါဖျာ့ နဲ့ပဲ ချီးကျူးကြတာပေါ့။ အဲ့နတ်ဝတ်စုံကြီးကို ဝတ်ပြီး တိုင်းခန်းလှည့်လည်တော့မှပဲ လမ်းဘေးက စကားပြောတတ်ခါစ ကလေးလေးက လှမ်းအော်လိုက်သတဲ့။

“ဟယ်…ဘုရင်ကြီးကလဲ..အနော့လိုပဲ…အဝတ်စားလဲမပါဘူး ကိုယ်လုံးတီးကြီးနဲ့” တဲ့။

ယုံကြည်မှုလွန်ကဲပြီး မျက်ကန်းမဖြစ်ကြပါစေနဲ့…
ကိုယ်လုံးတီးကြီးဖြစ်နေပါဦးမယ်ဗျို့…

Vector

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started