အိုင်ကျူ test လား၊ ဂျင်းတက်လား?

အိုင်ကျူစစ်ဆေးတဲ့နည်းလမ်းဆိုပြီး online မှာ ခဏခဏတွေ့ရပါတယ်။

ဒီတိုင်းရိုးရိုး newsfeed မှာပေါ်လာရင် သိပ်စိတ်မဝင်စားပေမယ့် ကိုယ်နဲ့သိတဲ့ဘော်ဒါတယောက်ကများ My IQ score is 130 ဆိုပြီးများ share ထား တင်ထားရင် အတော်လေး စိတ်လှုပ်ရှားလာပါတယ်။

ဟာ..ဒီကောင်ဖြေတာတောင် IQ 130မှတ်ရတယ်။
ငါဆို ပိုများမှာပဲ…ဝင်ဖြေကြည့်ဦးမှဆိုပြီး ပြိုင်ဆိုင်ချင်စိတ်ကလေး ကြွားချင်စိတ်ကလေးဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိ IQ test ဆိုတာဝင်ဖြေရော။

Test ထဲမှာက ကိန်းဂဏန်းတွေရွေးရတာပါမယ်။
Pattern တွေရွေးရတာ….တြိဂံပုံ လေးထောင့်ပုံရွေးရတာတွေ အစုံပဲပါပါတယ်။

ဖြေရင်း ခေါင်းမူးရင်း ရမ်းဖြေရင်း အဖြေတခုထွက်လာပါတယ်။

Your IQ score is 110 ပေါ့…

အဲ့တာနဲ့ ရလာတဲ့အမှတ်ကို ဘဝင်ကျမှာမဟုတ်ပါ။ သူများတွေဖြေတာကျ အမှတ်ကောင်းတယ်… ငါကျအမှတ်က သူတို့လောက်မများဘူး… ဘာလဲ test ပဲစစ်တာမှားနေတာလား… ငါပဲ ဉာဏ်နည်းနေတာလား ဆိုပြီး စိတ်ညစ်တတ်ကြပါတယ်။

အဲ့လိုမဟုတ်ရင်လဲ သင့်အမှတ်က သူများတွေရတာထက်များနေတယ်ဆို သင်က တကယ်ပဲ ပါရမီရှင် ဉာဏ်ကြီးရှင်ဖြစ်နေပြီလား။ အိုင်ကျူ test က တကယ်ပဲ လူတွေရဲ့ဉာဏ်အစွမ်းကို တိုင်းတာလို့ရသလား။

Google မှာခေါက်ကြည့်လိုက်ရင် အိုင်းစတိုင်းရဲ့ အိုင်ကျူက 160 လို့ရှာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် သင်သိပါသလား….အိုင်းစတိုင်းက ဘယ်တုန်းကမှ အိုင်ကျူ test မဖြေခဲ့ပါဘူး။ (ဖြေစရာလဲမလိုပါဘူး…အဲ့လောက်လဲအားမနေဘူးလေ)

အိုင်ကျူစစ်တဲ့စနစ်မှာ အမှတ်အများဆုံးက ၁၆၀ မှတ်ဖြစ်လို့ အိုင်းစတိုင်းက ဉာဏ်အရမ်းကောင်းမှာပဲဆိုပြီး 160မှတ်ပေးထားတာပါ။

ရယ်စရာကောင်းတာတခုက အိုင်ကျူ test ကိုထွင်ထားတာက သာမန်လူတွေကို စစ်ဖို့မဟုတ်ဘဲ မူကြိုကလေးတွေမှာ ဉာဏ်ရည်မပြည့်တဲ့ကလေးတွေ စာမလိုက်နိုင်တဲ့ကလေးတွေကို ရှာဖို့ ထွင်ထားတာပါ။

စထွင်ခဲ့တုန်းက ပြင်သစ်ပြည်ကစခဲ့တာပါ။ ၁၉၀၄ ခုနှစ်တုန်းက ပြင်သစ်အစိုးရက ကလေးတွေကျောင်းမှာ စာမလိုက်နိုင်တာရှိရင် ကြိုသိရအောင်
ဉာဏ်ရည်နိမ့်တဲ့ကလေးတွေကို ဖြေးဖြေးသင်ပေးဖို့ စဥ်းစားကြပါတယ်။

အဲ့တုန်းက စိတ်ရောဂါပညာရှင် Alfred Binet ရယ် သူ့တပည့် Théodore Simon ရယ်ပေါင်းပြီး ဉာဏ်ရည်တိုင်းတာတဲ့ စနစ်ကိုထွင်ခဲ့ပါတယ်။ Binet- Simon Scale ဆိုပြီးခေါ်ကြပါတယ်။

၁၉၀၈ခုနစ်ရောက်တော့ Binet-Simon Scale ကိုထပ်ပြီး ပြုပြင်မွမ်းမံကြတယ်။ ကလေးတွေကို မေးခွန်းလွှာတခုပေးပြီး ဖြေခိုင်းတယ်….ရလာတဲ့အဖြေကို ပိုင်းဝေမှာထားပြီး ကလေးအသက်နဲ့ သင်္ချာအရ စားချလိုက်ပါတယ်။ ရလာတဲ့အဖြေကို ကြည့်ပြီး ဒီကလေးက စာလိုက်နိုင်မလား…ဉာဏ်ရည်မှီသလားဆိုတာကိုစစ်ဆေးခဲ့တာပါ။

IQ test အဖြေက ၇၀အောက်ရောက်နေရင် ဉာဏ်ရည်နည်းသူဟုသတ်မှတ်ပြီး 69 – 55 မှတ် = ဉာဏ်ရည်အနည်းငယ်နိမ့်သူ
54 – 40 မှတ် = ဉာဏ်ရည်အတော်နိမ့်သူ
39 – 25 မှတ် = ဉာဏ်ရည် အလွန်နိမ့်သူ
< 25မှတ် = ဉာဏ်ရည်ဆိုးရွားစွာနိမ့်သူ စသဖြင့် သတ်မှတ်ပါတယ်။

ပုံမှန်ကလေးဆိုလျှင် IQ ရမှတ် 85 – 115ခန့်ရှိတတ်ပါတယ်။ ဆိုလိုချင်တာက IQ test သည် ဉာဏ်ရည်နိမ့်နေသလားဆိုတာကိုပဲ အဓိကစစ်ဆေးဖို့ ထွင်ထားတာဖြစ်ပါတယ်။

ဉာဏ်ရည် ပိုကောင်းမကောင်းဆိုတာ IQ test နဲ့
လုံးဝမဆိုင်ပါ။ ပတ်ဝန်းကျင်အခြေအနေ၊ အတန်းပညာ၊ မျိုးရိုးဗီဇစတာတွေအကုန်လုံးပေါ် ဉာဏ်ရည်ကမူတည်နေပါတယ်။

ဘိုကျောင်းမှာတက်ရတဲ့ကလေးနဲ့ ရွာမှာနွားကျောင်းတဲ့အသက်တူကလေးကို IQ test ယှဥ်ဖြေပြီး ဘယ်သူဉာဏ်ပိုကောင်းတယ် ပြိုင်လို့မရပါ။ အတန်းပညာသင်ထားတဲ့ကလေးက ဉာဏ်ပိုကောင်းတာမဟုတ်ဘဲ အခွင့်အလမ်း (opportunity) ပိုရထားလို့ ကျောင်းတက်ခွင့်ရလို့ အမှတ်များနေတာပါ။

ရွာကကလေးကို ဉာဏ်နည်းတယ်ပြောလို့မရပါ။
ရွာကကလေးကိုလဲ တန်းတူစာသင်ပေးပြီး စစ်ဆေးရင် သူလဲအမှတ်ကောင်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုလိုချင်တာက IQ test ဆိုတာတကယ်တော့ ဂျင်းတမျိုးပါပဲ။

တလွဲဆံပင်ကောင်းပြီး IQ test ကိုဘဝကြီးထင်မှတ်ခဲ့ကြတာ သမိုင်းမှာရှိခဲ့ပါတယ်။ လူဖြူတွေက သူတို့ IQ အမှတ်များတယ်ဆိုပြီး အခွင့်အရေးတန်းတူမရလို့ အမှတ်နည်းတဲ့ လူမည်းတွေကို နှိမ်ကြတာ ခွဲခြားဆက်ဆံတာတွေ အများကြီးရှိခဲ့ပါတယ်။

အဆိုးတကာ့အဆိုးဆုံးကတော့
IQ အမှတ်နည်းတဲ့သူတွေက လောကမှာထားလဲ လူပိုတွေပဲလို့သတ်မှတ်ကြပြီး သူတို့ကို လူမှူဘဝဖူလုံရေးဘာညာ social welfare system တွေလုပ်ပေးလဲ နိုင်ငံတော် ဘတ်ဂျက်ကုန်တာပဲရှိမှာ… သူတို့ဆင်းရဲတာတွေ ဉာဏ်နည်းတာတွေက မပြောင်းလဲဘူးဆိုပြီးတွေးတာပါ။

အဲ့လိုတွေးပြီး ၁၉၃၃ ကနေ ၁၉၇၇ခုနှစ်အထိ
နော့ကယ်ရိုလိုင်းနားမှာ IQ အမှတ်ကို ကြည့်ပြီး သားဆက်ခြားဥပဒေထုတ်လိုက်ပါတယ်။ IQ အမှတ်နည်းတဲ့သူတွေအကုန်လုံးကို မျိုးဆက်ပြတ်သွားအောင် သားကြောဖြတ်ပစ်လိုက်တာပါ။

တော်တော်လေး ရက်စက်ပြီး လူတန်းစားခွဲခြားတဲ့အလုပ်ပါ။ IQ အမှတ်အနည်းအများက တကယ့်ဉာဏ်ရည်ကို မပြောနိုင်ဘဲနဲ့ ဒီလိုမျိုးဆက်ဖြတ်ပစ်တာ အတော်လူမဆန်တဲ့လုပ်ရပ်ပါ။

အထူးသဖြင့် ဒီဥပဒေကြောင့် လူမည်းအမျိုးသမီးတွေ အများကြီး ကိုယ်ဝန်မဆောင်နိုင်ဘဲ နစ်နာခဲ့ရလို့ အခုအချိန်ထိ သန်းပေါင်းများစွာလျော်ကြေးနစ်နာကြေးပြန်ပေးခဲ့ရပါတယ်။

ဒီလောက်ဆိုရင် IQ test နောက်ကွယ်က လူမဆန်မှုတွေ ယုတ်မာမှုတွေ တလွဲအသုံးပြုမှုတွေကို မျက်ဝါးထင်ထင် မြင်မိကြမှာပါ။ လူတွေရဲ့ ဉာဏ်ရည်အစွမ်းကို အမှတ်လေးတခုနဲ့ မဆုံးဖြတ်ကြပါနဲ့။

ဘတ်စ်ကတ်ဘောကစားတာတော်မတော်ကို အရပ်မြင့်မမြင့်တခုထဲနဲ့ ဆုံးဖြတ်လို့မရပါ။ ငါးကို သစ်ပင်ပေါ်တက်ခိုင်းပြီး ညံ့တယ်ပြောလို့မရပါ။

ထူးချွန်တဲ့ အားကစားသမားတွေကို IQ အမှတ်နဲ့ဆုံးဖြတ်ပြီး အားကစားတော်မတော် တိုင်းလို့မရပါ။ မိုဟာမက်အလီက အိုင်းစတိုင်လောက် အိုင်ကျူမမြင့်ပေမယ့် ကြိုးဝိုင်းထဲမှာ အိုင်းစတိုင်းကို အသာလေးထိုးပြသွားမှာပါ။

ဒီထက်ပိုပြီးပြည့်စုံစွာဖတ်ချင်ရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ “အိုင်ကျူမည်မျှပုံ၍ယုံရမည်နည်း”
စာအုပ်ကို ဖတ်ရှုကြည့်ကြဖို့ လမ်းညွှန်ချင်ပါတယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started