Covid-19 တတိယလှိုင်း မြန်မာပြည်မှာတော်တော်ဆိုးနေပါပြီ။ ဆိုးတာဘယ်လိုသိလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ ခပ်စိပ်စိပ်တွေ့လာရလို့ပါ။
ဆရာဝန်တွေ၊ Volunteer တွေလည်း ရသလောက် ကူညီနေကြပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အကူအညီရဖို့ ခက်ခဲနေတဲ့သူတွေသိဖို့ ဒီစာကို ရေးလိုက်ပါတယ်။ ဘယ်ဆေးသောက်ရမလဲ၊ ဘယ်လိုကုရမလဲဆိုတာကတော့ Call Center တွေကိုဖုန်းဆက်မေးတာ ပိုကောင်းပါတယ်။
ဒီစာရဲ့ရည်ရွယ်ချက်က Mask ကိုဘယ်လိုစွန့်ပစ်ကြမလဲ၊ COVID-19 လူနာရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့ အညစ်အကြေးကို ဘယ်လို Manage လုပ်ကြမလဲဆိုတာ သိစေချင်တာပါ။

COVID-19 ပိုးဟာ မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင်ပါတယ်။ အကြမ်းဖျင်း ၁နာရီကနေ ၇နာရီအထိ အသက်ရှင်ပါတယ်။ Plastic တွေပေါ်မှာ အကြာဆုံးပါပဲ။
လေ့လာချက်တွေအရ ၇ ရက်အထိတောင် ဒီပိုးကို မျက်နှာပြင်တွေပေါ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။
သိစေချင်တာက နေရာတိုင်းမှာ COVID-19 ပိုးတွေရှိနေနိုင်တယ်ဆိုတာပါ။ ပိုက်ဆံတွေ၊ ATM Card တွေ၊ လက်ကိုင်အိတ်တွေ၊ Bus ပေါ်က လက်ကိုင်တန်းတွေ စသဖြင့် နေရာအစုံမှာ ရှိနေတယ်လို့ တွေးထားလိုက်ပါ။

ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ 70% Alcohol သုံးလို့ရပါတယ်။ ဒီလိုသုံးလိုက်ရင် ၁မိနစ်အတွင်း ပိုးကသေသွားပါတယ်။ Alcohol နဲ့ မဖြန်းရသေးတဲ့အချိန်အထိ (သို့) လက်ကိုဆပ်ပြာနဲ့မဆေးရသေးခင် အချိန်အထိ လက်နဲ့ မျက်စိ၊ ပါးစပ်၊ မျက်နှာ၊ နှာခေါင်းကို မထိစေချင်ပါဘူး။
ကျွန်တော်ဆို အပြင်သွားပြီး ပြန်လာတိုင်း ဝယ်လာသမျှပစ္စည်းတွေကို Alcohol နဲ့လိုက်ဖြန်းပါတယ်။ ကိုယ့်လက်နဲ့ ကိုင်ခဲ့တဲ့ တံခါးလက်ကိုင်၊ အိမ်သော့၊ ကားသော့ စတာတွေပါ အပါအဝင် လိုက်ဖြန်းပါတယ်။ အင်္ကျီတွေ၊ ဘောင်းဘီတွေကို နေလှမ်းပါတယ်။ ခေါင်းလျှော်ပါတယ်။ (ဒါကတော့အပြင်ထွက်တိုင်းလုပ်ဖို့ အဆင်မပြေပါဘူး)
လက်ခဏခဏဆေးဖို့ လိုတဲ့အကြောင်းကတော့ အထွေအထူးပြောနေစရာလိုတော့မယ် မထင်ပါဘူး။

Mask တွေတပ်ပြီးရင်လည်း သေချာစွန့်ပစ်ဖို့လိုပါတယ်။ ချောင်းထဲ၊ မြောင်းထဲပစ်လိုက်တာ၊ လမ်းပေါ်လွှင့်ပစ်ခဲ့တာ၊ အမှိုက်ပုံထဲကို ဒီအတိုင်းပစ်လိုက်တာ၊ အိမ်နောက်ဖေးကို လွှင့်ပစ်လိုက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဒါဟာတာဝန်မဲ့လွန်းပါတယ်။
Mask တွေကို ပုံမှာပြထားတဲ့အတိုင်း ခေါက်ပြီး စွန့်ပစ်တာအကောင်းဆုံးပါ။

ပစ်တဲ့အခါမှာလည်း တစ်ရှုးဖြစ်ဖြစ်၊ ကျွတ်ကျွတ်အိတ်ဖြစ်ဖြစ် တစ်ခုခုခံပြီး ပစ်သင့်ပါတယ်။ ပြင်ပလေနဲ့မထိတွေ့စေချင်တာပါ။
ဒီလိုမလုပ်ဘဲ အမှိုက်အိတ်နဲ့ ရောပြီး ပစ်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အမှိုက်အိတ်ကို ခွေးဆွဲတာတို့၊ ကြွက်ကိုက်တာတို့ ဖြစ်သွားတဲ့အခါ Mask က ပြင်ပလေနဲ့ထိသွားနိုင်ပါတယ်။ ဒါကြောင့် Mask ကို တစ်ခုခုနဲ့ အရင်ထုပ်ထား လိုက်တာ အကောင်းဆုံးပါ။ ပစ်ပြီးရင် လက်ကို ဆပ်ပြာနဲ့ပြန်ဆေးဖို့ မမေ့သင့်ပါဘူး။

နောက်တစ်ခုက အိမ်သာတက်ရင် ဘယ်လိုလုပ်ကြမလဲဆိုတာပါ။ WHO ကတော့ COVID-19 ရှိတဲ့လူနာအတွက် အိမ်သာသီးသန့်ထားသင့်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခုလို ကိုယ့်အိမ်မှာကိုယ် ဆေးကုပြီး ဖြတ်သန်းကြမယ်ဆိုရင် ဒီလိုလုပ်ဖို့ မလွယ်ပါဘူး။
အဲ့ဒီတော့ အိမ်မှာလုပ်လို့ရတာက ဘိုထိုင်အိမ်သာဆိုရင် ရေဆွဲမချခင် အဖုံးပိတ်လိုက်တာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် တစ်နေ့ကို ၂ခါ သန့်ရှင်းရေး လုပ်သင့်ပါတယ်။

တကယ်လို့ လူနာက အိမ်သာဆီမသွားနိုင်ဘူးဆိုရင် Diaper (သို့) Bedpan နဲ့ခံပြီး အိမ်သာထဲကို ပြန်စွန့်ပစ်သင့်ပါတယ်။ ကိစ္စပြီးသွားရင် သန့်ရှင်းရေးလုပ်ဖို့ ရေနဲ့ဆပ်ပြာသုံးရင် ရသလို 0.5% Chlorine ဆေးရည်နဲ့ဆေးလည်း ရပါတယ်။ ဆေးထားတဲ့ရေကိုလည်း သေချာစွန့်ပစ်သင့်ပါတယ်။
COVID-19 လူနာနေတဲ့အခန်းကို ဖြစ်နိုင်ရင် ၁ရက် ၁ခါ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ WHO ကတော့ ဒီလိုသန့်ရှင်းရေးလုပ်ခါနီးရင် PPE အပြည့်အစုံ ဝတ်ခိုင်းပါတယ်။ ဒါပေမယ့် ကိုယ်အဆင်ပြေသလို လုပ်ရမှာပါ။ Mask ရယ် Face shield ရယ်နဲ့လည်း လုပ်ချင်လုပ်နိုင်ပါတယ်။

ကိုယ့်မှာ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် ခုချိန်မှာတော့ COVID-19 လို့ယူဆပြီး အနေအထိုင်ဆင်ခြင်သင့်ပါတယ်။ အပြင်လျောက်မသွားပါနဲ့။ အလုပ်လုပ်နေရင် ခဏ ခွင့်ယူလိုက်ပါ၊ အိမ်မှာပဲ အိမ်သားတွေနဲ့ မထိတွေ့အောင် ခွဲနေသင့်ပါတယ်။ ဒါပေမယ့် အသိနောက်ကျတော့ တစ်အိမ်လုံးကူးသွားကြတာတွေ တွေ့နေရပါတယ်။

ဖြစ်နိုင်ရင် Oxygen တိုင်းတဲ့ Pulse Oximeter လေးတွေ ဆောင်ထားသင့်ပါတယ်။ (ဂျင်းတွေလည်း တွေ့နေရလို့ သေချာစမ်းသပ်ပြီးမှ ဝယ်စေချင်ပါတယ်)

Oxygen မကျမချင်း အရမ်းစိတ်ပူစရာမရှိလို့ ရောဂါလက္ခဏာပြနေရင်တောင် အစိုးရိမ်မလွန်သင့်ပါဘူး။ အာဟာရပြည့်အောင် စားသောက်ပြီး ကိုယ့်ကြောင့်သူများတွေ မကူးသွားအောင် ရှောင်ရှားခြင်းနဲ့ COVID-19 တတိယလှိုင်းကို ဖြတ်ကျော်ကြတာပေါ့ဗျာ။
SAGAN