အခု ပြောမယ့်ရောဂါက တော်တော်ထူးဆန်းပါတယ်။ ဒီရောဂါရှိတဲ့သူတွေက အသံကို ကြားရုံတင်မဟုတ်ဘဲ အရောင်တွေအနေနဲ့မြင်ရသလို အနံ့အနေနဲလည်း ရတတ်ပါတယ်။ စကားလုံးတွေကို အရောင်နဲ့တွဲမြင်တာတွေရှိသလို လူတွေကိုလည်း အရသာတစ်ခုခုနဲ့တွဲမြင်တာတွေရှိပါတယ်။
ဒီရောဂါကို Synesthesia လို့ခေါ်တယ်။ လူတွေရဲ့ 2-4% လောက်မှာ ဒီလိုဖြစ်နေတတ်တယ်လို့ ပြောကြတယ်။ ဒီတော့ စာဖတ်နေတဲ့သူတွေထဲမှာလည်း ဒီလိုဖြစ်နေတဲ့သူတွေ ပါကောင်းပါနိုင်ပါတယ်။
စမ်းသပ်ချင်တဲ့လူတွေအတွက် စမ်းလို့ရအောင် နောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

အပေါ်က ပြောခဲ့တဲ့ ဥပမာတွေလောက်နဲ့တင် မကသေးပါဘူး။ ဒီရောဂါဟာ လူတွေရဲ့ အာရုံငါးပါးထဲက ၂မျိုးသွားပူးနေတာဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။
Synesthesia ဆိုတာ Greece စကား Synth (တူတူဖြစ်ခြင်း) နဲ့ Esthesia (ခံစားချက်) ကိုပေါင်းထားတာပါ။ ဒီတော့ Sense ၂ခုသွားပူးနေတာပေါ့။
ဒီလိုဖြစ်တဲ့လူတွေက မွေးကတည်းက (သို့) ငယ်ဘဝကတည်းက စဖြစ်တတ်တယ်။ ဒါကြောင့် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်ဆိုပြီး တွက်ဆထားကြတယ်။
အဓိကက ဦးနှောက်မှာ ရှုတ်ထွေးနေတာပါ။ အာရုံငါးပါးထဲက တစ်ခုစီဟာ ဦးနှောက်နဲ့ မတူညီနဲ့နေရာတွေကို နှိုးဆွတယ်။ ဥပမာ နံရံအစိမ်းရောင်ကြီးကို စိုက်ကြည့်နေတယ်ဆိုရင် ဦးနှောက်ရဲ့မြင်စေတဲ့နေရာ (Visual Cortex) ဆီကို သတင်းပို့တယ်။ အဲ့ဒီနေရာက ဦးနှောက်ရဲ့ အပိုင်း ၄ပိုင်းမှာ Occipital Lobe မှာရှိတယ်။

ဒါပေမယ့် Synesthesia သမားတွေကျတော့ ဒီနံရံကြီးရဲ့အရောင် အစိမ်းကို အရသာရနေတတ်တယ်။ အရသာခံတာက ဦးနှောက်ရဲ့ Parietal Lobe မှာရှိတာပါ။
ဒီတော့ ၂ခုပူးနေတဲ့သဘောပေါ့။ နံရံစိမ်းကြီးက ဘာအရသာရှိလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အရသာတစ်မျိုးစီရှိနေတတ်တယ်။

သာမန်လူတွေမှာလည်း Acid လို့ခေါ်တဲ့ LSD တွေသုံးရင် ဒီလိုမျိုးဖြစ်တတ်တယ်လို့ဆိုတယ်။ So High သွားတာပေါ့။ အရက်၊ ဆေးခြောက်တွေသုံးရင်လည်း ခုလိုမျိုးဖြစ်တတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ယာယီပဲ ဖြစ်တာပါ။

Wikipedia မှာတော့ ဒီရောဂါအမျိုးကွဲပေါင်း ၁၁မျိုးလောက်ရှိတယ်လို့ ရေးထားပါတယ်။ ဒီအထဲက စိတ်ဝင်စားစရာကောင်းတဲ့ အနည်းငယ်ကို ပြောပြချင်ပါတယ်။
Grapheme-Color synesthesia က အဖြစ်အများဆုံးထဲမှာ ပါပါတယ်။ သူတို့က စာလုံးတွေကို အရောင်နဲ့တွဲမြင်တာပါ။ ဥပမာ A ဆိုရင် အနီရောင်နဲ့တွဲမြင်တာမျိုးပါ။ အောက်ကပုံမှာကြည့်ပါ။

သာမန်လူတွေဆိုရင် ဘယ်ဘက်ကပုံလိုမြင်ရမှာပါ။ ဒီတော့ 2 လား 5 လား သဲကွဲဖို့ကြာပါတယ်။ ဒီရောဂါရှိတဲ့လူတွေကတော့ အရောင်တစ်မျိုးစီပေါ်နေလို့ ချက်ချင်းကို သဲသဲကွဲကွဲမြင်တတ်ကြပါတယ်။ ဒါက Colorblind ဖြစ်တာနဲ့ မတူညီပါဘူး။
နောက်တစ်ခုက Chromesthesia ပါ။ အသံတွေနဲ့ အရောင်တွေနဲ့ကို တွဲမြင်တာပါ။ ဥပမာ Piano မှာ C3 ကိုတီးလိုက်ရင် အရောင်တစ်မျိုးနဲ့မြင်တယ်၊ D3 ကိုဆို နောက်အရောင်တစ်မျိုးနဲ့မြင်တယ်။

ဒီလူတွေမှာ Musician တွေလိုချင်ကြတဲ့ Perfect Pitch ရှိနိုင်ပါတယ်။ သာမန်လူတွေဟာ Relative Pitch ပဲရှိကြပါတယ်။ ဒါက ဘာလဲဆိုတာ နည်းနည်းရှင်းပြချင်ပါတယ်။ (Music ဖက်ကို ရောက်သွားတာပေါ့)
ဥပမာ Note တစ်ခုကို ကြားတဲ့အခါ ဒါဟာ ဘာ Note လဲဆိုပြီး တန်းမသိကြပါဘူး။ အထိုင် Note (Root Note) ကနေပြီး လိုက်ရှာကြရတာပါ။ ဒါက သာမန်လူတွေပေါ့။
Chromesthesia သမားတွေကျတော့ Note တစ်ခုကို တီးပြလိုက်တာနဲ့ C5 ကွ၊ E5 ကွ စသဖြင့် တပ်အပ်ပြောနိုင်ကြပါတယ်။ သူတို့က အရောင်နဲ့ Note တွဲပြီးပေါ်နေတာကိုး။

နောက်တစ်ခုက Auditory-Tactile synesthesia ပါ။ အသံတစ်ခုကြားတာနဲ့ ကိုယ့်အသားကို လာထိသလိုခံစားရတာပါ။ သီချင်းသံကြားလို့ ကြက်သီးထတာမျိုး မဟုတ်ပါဘူး။ ဒါက သပ်သပ်ပါ။ ဒီအသံကြားလို့ ဒီနေရာကိုထိတယ်ဆို အဲ့အသံကြားတိုင်း ထိနေသလို ခံစားရတာပါ။

Mirror-Touch synesthesia ဆိုတာရှိပါသေးတယ်။ ဒါက အမြင်နဲ့ အတွေ့ပူးနေတာပါ။ ကိုယ်ကြည့်နေတဲ့လူတစ်ယောက် ပါးအရိုက်ခံလိုက်ရင် ကိုယ့်ပါးကို လာထိသလိုမျိုး။ နားရွက်ဆွဲခံရရင် ကိုယ့်နားရွက်လည်း လာထိသလိုမျိုး ခံစားရတာပါ။

နောက်တစ်ခုက Lexical-Gustatory synesthesia ပါ။ အရှားပါးဆုံး အမျိုးအစားတစ်ခုပါ။ သူ့မှာ စကားလုံးတွေနဲ့ အရသာတွေ ရောထွေးနေတာပါ။ ဥပမာ သစ်တောလို့ပြောလိုက်ရင် ရေခဲမုန့်အရသာရတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူး။
တချို့ဆိုရင် အမြင်နဲ့အရသာ တွဲနေတာရှိတယ်။ ဥပမာ လူတစ်ယောက်ချင်းဆီက အရသာတစ်ခုရှိနေတာမျိုးပါ။ ဆိုတော့… ကိုယ်က Milkshake သောက်နေတဲ့အချိန်မှာ သံပုရာသီးအရသာရှိတဲ့ကောင် ကိုယ့်ဘေးနားလာကပ်ရင် စားရတာ Feel ငုတ်ပြီပေါ့။

ဒီရောဂါရှိတဲ့သူတွေက ဒီလိုဖြစ်နေတာဟာ ပုံမှန်မဟုတ်ကြောင်း အချိန်တစ်ခုရောက်မှ သိကြတယ်။ ကျောင်းမှာ ကိုယ်ပြောတာကို နားလည်တဲ့သူတစ်ယောက်မှ မရှိတော့မှ ငါတစ်ခုခုများလွဲနေလေသလားဆိုပြီး တွေးမိကြတယ်။ ဒါပေမယ် သူတို့က လောကကြီးကို Dimension အပိုတစ်ခုကနေ ကြည့်နေသလိုပါပဲ။
ခုခေတ် Cele တွေထဲမှာတော့ Kanye West က ဒီရောဂါရှိတဲ့အထဲက တစ်ယောက်ပါပဲ။ သူက အသံတွေကို မြင်ရတယ်လို့ဆိုတယ်။ ဒီတော့ သူသီချင်းရေးတဲ့အခါ ပန်းချီဆွဲနေသလိုပဲတဲ့။ ဗန်ဂိုးဟာလည်း ဒီရောဂါရှိနေနိုင်တယ်ဆိုပြီး ခန့်မှန်းထားကြတယ်။

ဒီလောက်ဖတ်လာပြီးရင် ကိုယ့်မှာရှိ၊ မရှိစမ်းသပ်ချင်ကြမှာပါ။
A to Z တစ်ခုချင်းစီကို မျက်စိမှိတ်ပြီး မြင်ကြည့်ပါ။ Alphabet တစ်ခုချင်းစီမှာ အရောင်တွေရှိနေသလား?
Classical Music တစ်ပုဒ်ကို ဖွင့်ကြည့်ပါ။ ကိုယ့်စိတ်ထဲ ဘယ်အရောင်ပေါ်လာလဲ?
အသေးစိတ်စမ်းသပ်ချင်ရင် ဒီမှာ စမ်းနိုင်ပါတယ်။
https://synesthesia.com/blog/synesthesia-tests/
ဒါပေမယ့် ခုချိန်ထိ ကိုယ့်မှာဒီလိုဖြစ်နေမှန်းမသိဘူးဆိုရင်တော့ ဒီရောဂါမရှိလို့ပဲနေမှာပါ။
ဒီလောက်ဆိုရင် အာရုံငါးပါး ပူးနေကြတဲ့ Synesthesia ဖြစ်နေတဲ့သူတွေအကြောင်း သိသွားကြမယ်ထင်ပါတယ်။ ဖတ်ပေးတာ ကျေးဇူးပါ။
SAGAN
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။