သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ

အခုခေတ်မှာ personality အကြောင်းတော်တော်ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ အပေါင်းအသင်းတွေစုံရင်လဲ personality အကြောင်း မေးကြမြန်းကြပါတယ်။

အလုပ်လုပ်ရင်လဲ အင်တာဗျူးတွေ၊ အလုပ်ဝင်စာမေးပွဲတွေမှာ personality test တွေထည့်စစ်ကြတာ၊ personality အကြောင်းမေးကြတာ ရှိပါတယ်။ Personality အကြောင်းပြောကြရင် ပါလာလေ့ရှိတာက Introvert တွေအကြောင်းပါ။

Introvert ဆိုရင် လူတွေက အရှက်အကြောက်ကြီးတယ်… အပေါင်းသင်းမရှိဘူး… ဂွစာတွေလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ်တော့ Introvert ဆိုတဲ့စကားလုံး တစ်လုံးကို တော်တော်လေး ရှင်းပြရခက်ပါတယ်။

Introvert တိုင်းကလဲ Introvert မနေကြသလို အချိန်တိုင်းလဲ Introvert ဖြစ်မနေတတ်ပါဘူး။

ရှုပ်သွားရင် အောက်မှာပြန်ရှင်းပြပါမယ်။ Introvert ဆိုတာ introversion ဆိုတဲ့ personality trait ရှိတဲ့သူတွေကို ဆိုလိုပါတယ်။

ဘယ်လိုလူမျိုးတွေလဲဆိုတော့

  • လူစုလူဝေးထဲရောက်ရင် အာရုံစိုက်လို့မရတော့ဘဲ တယောက်ထဲ (သို့) လူနည်းနည်းပဲရှိမှ အာရုံစိုက်လို့ရတာ
  • တသီးတသန့်နေရတာကို ပိုသဘောကျတာ
  • လူစုလူဝေးထဲရောက်ရင် အင်အားကုန်သလိုဖြစ်တတ်တာ
  • သီးသန့်တယောက်ထဲနေရင်း စိတ်ကိုအနားယူတတ်တာ
  • စကားပြောရတာထက် text message တို့ ၊ စာရေးပြောရတာတို့ကို ပိုစိတ်ပျော်တာ
  • အတွေးကမ္ဘာလေးထဲမှာ တခုခုစဥ်းစားနေရတာကို နှစ်မြို့တာ
  • အပေါင်းအသင်းအများကြီးမထားတတ်ဘဲ ရှိတဲ့အပေါင်းအသင်းလက်ဆုပ်စာလေးနဲ့ အတွင်းကျကျပေါင်းတတ်တာ
  • ကိုယ့်စိတ်အတွင်းထဲကခံစားချက်နဲ့ gut feeling တွေကို ပိုအာရုံစိုက်တတ်တာ စတဲ့ အကျင့်စရိုက်လေးတွေရှိနေရင်တော့ သင်ဟာ Introvert တယောက်ဖြစ်နိုင်ချေများပါတယ်။

ပိုသေချာသိချင်ရင်တော့ လူသိများသော Personality test တခုဖြစ်တဲ့ Myers-Briggs personality test နဲ့စစ်ကြည့်လို့ရပါတယ်။

အောက်က link မှာဝင်စစ်ကြည့်ပါ။

https://www.16personalities.com/free-personality-test

Introvert တိုင်းက ပုံစံခွက်တခုလိုတော့ ထပ်တူမကျပါဘူး။ Introvert တွေကို ပေတံလို မြင်ကြည့်ရင် တချို့က အရမ်း introvert ဆန်ပြီး တင်းပြည့်ကျပ်ပြည့် introvert ဖြစ်ပါတယ်။

တချို့ကတော့ introvert ထဲက တချို့အချက်တွေပဲကိုက်ညီပါတယ်။ တချို့ကျတော့လဲ introvert အကျင့်တဝက် extrovert အကျင့်တဝက်စီ ရှိနေတတ်ပါတယ်။ ဒါကိုတော့ ambivert သမားတွေလို့ခေါ်ပါတယ်။

Introvert တွေကို အမျိုးအစား ၄ မျိုးခွဲကြည့်လို့ရပါတယ်။

  1. Social introverts
    ဒါကတော့ ဆိုရှယ်အဖွဲ့အစည်းတွေ ၊ လူအုပ်တွေထဲသိပ်မသွားတတ်ဘဲ သီးသန့်ဆန်ဆန် နေတတ်သူတွေပါ။
  2. Thinking introverts
    စိတ်ကူးယဥ်သမားများ၊ အတွေးအားသန်သူများလို့ခေါ်ရမယ့် introvert တွေပါ။ သူများမတွေးမိတတ်တဲ့ creative idea တွေကိုတွေးတတ်ပြီး စိတ်ကူးယဥ်နေရတာကိုကြိုက်ကြသူတွေပါ။
  3. Anxious introverts
    ဒီအမျိုးအစားကတော့ လူတွေနဲ့စကားပြောရတာ ဆက်ဆံရတာ လက်ပေါက်ကတ်တဲ့အမျိုးအစားတွေပါ။ လူတွေအများကြီးနဲ့ ဆက်ဆံဖို့ ဝန်လေးတတ်ပြီး စိတ်လောစိုးရိမ်တတ်တဲ့အမျိုးအစားပါ။
  4. Restrained / inhibited introverts
    တခုခုမလုပ်ခင် အတွေးလွန် အလွန်တွေးတဲ့ အမျိုးအစားပါပဲ။ ဆုံးဖြတ်ချက်တခုချဖို့ အလွန်တုံ့ဆိုင်းပြီး အဖက်ဖက်က လှည့်တွေးနေတတ်ပါတယ်။

Introvert တွေက အမြဲတမ်း ပုံသေကားချပ်မဟုတ်ဘဲ အချိန်နဲ့အမြဲပြောင်းလဲနေတတ်ပါတယ်။ တယောက်နဲ့တယောက်လဲ ခံစားပုံ ၊ တုံ့ပြန်ပုံချင်းလဲမတူကြပါဘူး။

စာရေးသူကလဲ introvertပါပဲ။
ဖုန်းစကားပြောရတာတို့၊ လူချင်းစကားပြောရတာတို့ကို အတော်ဝန်လေးပါတယ်။ လူကြားထဲမှာလဲ နေရထိုင်ရတာ ခက်သလို အခမ်းအနားပွဲလမ်းသဘင်တွေဆိုရင်လဲ လူရှင်းတဲ့နေရာရွေးပြီးထိုင်တတ်တဲ့အကျင့်ရှိပါတယ်။ အသိမိတ်ဆွေနဲ့လမ်းမှာတွေ့ရင်တောင် အရယ်အပြောလုပ်ဖို့ ဝန်လေးတတ်လို့ တခါတခါစိတ်ညစ်ရပါတယ်။

ဒါပေမယ့်လဲ တခါတခါကျ လူအများနဲ့အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် ဖော်ရွေစွာ volunteer တွေလုပ်ခဲ့ဖူးတာမို့ introvert တွေက အမြဲတမ်း introvert ဖြစ်မနေဘူးလို့ပြောပါရစေ။

လူတွေမှားပြီးသိထားတာတခုက introvert တိုင်းက အရမ်းရှက်တတ်တယ်ဆိုတာပါ။ တကယ်တော့ introversion က personality (ကိုယ်ရည်ကိုယ်သွေး) သဘောဖြစ်ပြီး ရှက်တယ်ဆိုတာကကျ emotion (ခံစားချက်) သဘောဖြစ်လို့ ဒီ၂ခုက အမြဲတွဲမနေပါဘူး။

ဆိုလိုချင်တာက ရှက်တတ်တိုင်း introvert မဟုတ်နိုင်ပါဘူး။ Introvert တွေက ပေါင်းသင်းရခက်တယ်ဆိုတာကလဲ မဟုတ်ဘူးလို့ပဲပြောပါရစေ။

လူတိုင်းနဲ့ ခင်ဖို့တော့ခက်ပေမယ့် တကယ်ခင်တဲ့ bff တွေဆို introvert တွေရဲ့အလေးထားမှု၊ ဂရုစိုက်တတ်မှုတွေ၊ ခင်စရာကောင်းတဲ့အချက်တွေ သိကြမှာပါ။ တချို့ကလဲ introvert တွေက အများနဲ့အပေါင်းသင်းမဆန့်လို့ leader မဖြစ်ထိုက်ဘူးလို့တွေးကြပါတယ်။

Introvert တွေရဲ့ အမြော်အမြင်ကောင်းမှု၊ အာရုံစူးစိုက်မှု၊ သစ္စာရှိယုံကြည်ရမှု ၊ ရေရှည်ကို plan ကောင်းကောင်းချတတ်မှု စတာတွေက leader ကောင်းတွေရဲ့ အရည်အချင်းတွေပါပဲ။

စာဖတ်သူတွေထဲမှာလဲ
Introvert စိတ်အပြည့်ရှိသူတွေ ဒါမှမဟုတ် introvert အရောလေးတွေရှိနေမယ်လို့ ထင်ပါတယ်။

Introvert စာဖတ်သူတို့ရဲ့ အကျင့်လေးတွေကိုလဲ ဝေမျှပေးသွားပါဦး။ စာဖတ်သူတွေဆီက စကားသံကိုကြိုဆိုလျက်ပါ။

Extrovert အကြောင်းလဲ ဆက်ရေးပေးပါဦးမယ်။

Thanks for your time!

လင်းမူ

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started