ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?

ကိုဗစ်ကာကွယ်ဖို့ mask တပ်ရမယ်ဆိုတဲ့အသိရှိကြပေမယ့် ဘယ် mask ကိုရွေးရမလဲဆိုတာ သေချာမသိကြပါဘူး။ မှန်ကန်တဲ့ mask ကိုတပ်မှပဲ ကိုဗစ်ကိုကာကွယ်မှာပါ။

လူအသေအပျောက်များခဲ့တဲ့ India မှာဆို ၅၀% လောက်က mask မတပ်ကြသလို Mask တပ်တဲ့လူရဲ့ ၅၀% လောက်ကလဲ mask ကိုမှားယွင်းစွာတပ်ထားကြတာ တွေ့ရပါတယ်။

စာတွေအများကြီးနဲ့မရေးပေးတော့ဘဲ ပုံလေးတွေအဓိကထည့်ပေးထားလို့ တပုံချင်းကြည့်လိုက်ရအောင်။

သင်တပ်ထားတဲ့ mask က အောက်ကလို လေဝင်ပေါက်(valve)ပါတဲ့ maskမျိုးဆို လုံးဝမတပ်သင့်ပါဘူး။

အောက်ကပုံလိုမျိုး အလှတပ်တဲ့ mask မျိုးတွေလဲမတပ်သင့်ပါဘူး။ကိုဗစ်ရောဂါပိုးကအလွန်သေးငယ်တဲ့အတွက် ဒီလိုအလှတပ် mask တွေကမကာကွယ်နိုင်ပါဘူး။

အခုလို ခြုံပဝါတွေ၊ မာဖာလာတွေကိုလဲ mask အနေနဲ့ မသုံးသင့်ပါဘူး။

အောက်ကပုံထဲကလို face shield မျက်နှာအကာကိုလဲ သူတခုထဲလုံးဝမတပ်သင့်ပါ။ face shield တွေက မျက်လုံးကိုကာဖို့အတွက်ပဲသုံးသင့်ပြီး နှာခေါင်းနဲ့ ပါးစပ်ကို မလုံပါ။ ဒါကြောင့် face shield တပ်မယ်ဆို Mask နဲ့တွဲပြီးတပ်သင့်ပါတယ်။

အဝတ် mask (cloth mask/ fabric mask) တွေသုံးမယ်ဆို အနည်းဆုံး ၃ထပ်ပါအောင် ချုပ်ပြီးမှတပ်သင့်ပါတယ်။ အပြင်ဆုံးအလွှာကို ရေမစုပ်တဲ့ပိတ်နဲ့ချုပ်သင့်ပြီး ချည်သားကျဲတဲ့ ပိတ်တွေမသုံးသင့်ပါ။ ချည်သားစိပ်စိပ်နဲ့ရက်ထားတဲ့ပိတ်ထူထူတွေကိုပဲရွေးသုံးပေးပါ။

ဥပမာ ပိုးထည်စဆိုရင် ရေမစုပ်လို့ အပြင်အလွှာအနေနဲ့သုံးလို့ရပါတယ်။
အလယ်အလွှာကိုတော့ filter အနေနဲ့ တလွှာခံပေးပါ။ polypropylene အစကိုအလယ်မှာခံပေးရင် အကောင်းဆုံးပါ။
အတွင်းလွှာ(မျက်နှာနဲ့ထိမယ့်အလွှာ)ကိုတော့ ချွေးစုပ်ပေးမယ့် ပိတ်မျိုး ဥပမာ ချည်ထည်စလိုမျိုး သုံးပြီးချုပ်ပေးလို့ရပါတယ်။ အဝတ် mask ကို မီးအလင်းရောင်မှာထောင်ကြည့်ရင် အလင်းကောင်းကောင်းပိတ်နေမှ အထူလုံလောက်ပါတယ်။ ပါးလွန်းရင် ပိုးတွေကိုမကာကွယ်နိုင်ပါ။ ထူလွန်းရင်လဲ အသက်ရှုရခက်တတ်ပါတယ်။

အပေါ်က surgical mask ဆိုရင် အလွန်ပါးလွန်းပါတယ်။ အဲ့လိုပါးပါးလေးတွေ ၂လွှာပဲပါတာတွေကို မသုံးသင့်ပါ။
ပိုးပြန့်နှုန်းများနေပြီဖြစ်လို့ အလွှာပါးပါးလေးတွေကို မယုံကြည်သင့်တော့ပါ။
Mask မဝယ်ခင် ဘူးမှာသေချာဖတ်ကြည့်ပါ။ အနည်းဆုံး ၃လွှာပါတာကိုပဲဝယ်သုံးကြပါ။ စျေးကလဲအရမ်းမကွာလှပါဘူး။

အပေါ်ကပုံထဲကလို အလယ်မှာ filter တလွှာပါတဲ့ ၃လွှာ mask ကိုသာသုံးသင့်ပါတယ်။

တချို့ကလဲ အပေါ်ကပုံလို neck gaiter မျိုးကို ပတ်ပြီး mask အစားသုံးကြပါတယ်။ CDC ကတော့ ဒီလိုသုံးဖို့ကို မထောက်ခံထား (not recommend) သလို မသုံးပါနဲ့လို့လဲ မတားမြစ်ထားပါဘူး။

တချို့လေ့လာချက်တွေအရ ဘာမှတပ်မထားတာထက်စာရင် ပိုကောင်းတယ်လို့ပြောပေမယ့် တချို့လေ့လာချက်တွေမှာတော့ မကာကွယ်ဘူးလို့ဆိုပါတယ်။ အတိအကျမပြောနိုင်သေးပေမယ့် အဲ့လိုပတ်ပြီးအုပ်ချင်ရင် ၂လွှာ ၃လွှာဖြစ်အောင်ပတ်သင့်ကြောင်း၊ သုံးတဲ့ပိတ်စအသားကလဲ ထူထူထဲထဲဖြစ်သင့်ကြောင်းဆိုပါတယ်။ mask လောက်တော့ စိတ်မချရပါဘူးခင်ဗျာ။

အပေါ်ကပုံလိုမျိုး double masking နှစ်ထပ်တပ်လို့လဲရပါတယ်။
နှစ်ထပ်တပ်မယ်ဆို အဝတ် mask ကိုအပေါ်ကတပ်ရမှာပါ။ ကြိုက်သလိုတပ်လို့မရပါဘူး။ ဘေးတွေလုံအောင်တပ်သင့်ပါတယ်။

အမျိုးအစားတူတဲ့ mask 2မျိုးကို ၂ထပ်မတပ်သင့်ပါ။

အဝတ် mask ကို ၂ခု တပ်တာ၊ surgical mask ကို 2ထပ်တပ်တာ ပိုမကောင်းပါဘူး။
အဝတ် mask နဲ့ surgical mask ကိုပဲ တွဲတပ်သင့်ပါတယ်။

KN95လို mask တွေဆိုရင် ၂ထပ်တပ်ဖို့မလိုပါ။ သူတခုထဲနဲ့ သေချာတပ်ရင်လုံလောက်ပါတယ်။

Surgical mask ကိုတထပ်ထဲတပ်တဲ့အခါ ဘေးတွေ အောက်တွေမှာ ဟနေလွတ်နေတတ်ပါတယ်။

အဲ့တာကို ဖြေရှင်းဖို့အတွက် knotting and tucking နည်းနဲ့ ဘေးကြိုးစတွေကိုထုံးချည်ပြီးတပ်လို့ရပါတယ်။ အောက်ကပုံတွေမှာပြပေးထားပါတယ်။

2ထပ်တပ်ရတာ မွန်းရင်တော့ အပေါ်ကပုံလို mask fitter လိုမျိုးရှာတပ်လို့လဲရပါတယ်။

KN95 ကတော့စိတ်ချစွာတပ်လို့ရပြီး
KF94ကတော့ made in korea ရယ် made in China ရယ်ဆိုပြီး အမျိုးအစားကွဲနေတာကြားသိရပါတယ်။
ဘယ်ဟာကိုတပ်သင့်သလဲဆိုတာအခုအချိန်မှာပြောရခက်နေပါတယ်။

ရိုးရိုး surgical mask တွေက မျက်မှန်သမားတွေအတွက် ရေငွေ့ရိုက်လို့တပ်ရတာခက်တတ်ပါတယ်။
KN95 လို KF94 လို mask တွေကျတော့ အရှေ့မှာ space တခုပါနေတော့ အသက်ရှူရင် ရေငွေ့ရိုက်တာသက်သာပါတယ်။ မျက်နှာနဲ့လဲ ပို fitting ကျပါတယ်။ KF 94ကိုမှ စိတ်မချသေးရင် face shield နဲ့တွဲတပ်ရင်လဲအဆင်ပြေနိုင်ပါတယ်။

Mask တပ်တော့တပ်ပါရဲ့….ခဏခဏချွတ်တာ….လက်နဲ့ခဏခဏကိုင်တာတွေမလုပ်ရပါဘူး။ Mask ကိုနှာခေါင်းဖော်ထားတာတွေ၊ ပါးစပ်မလုံတာတွေက mask မတပ်ထားတာနဲ့တူတူပါပဲ။

တပ်ရင်လဲ အကျိုးရှိအောင် သေချာတပ်ဖို့လိုပါမယ်။ နို့မို့ဆိုmask မတပ်ထားတဲ့သူလိုပဲ အန္တရာယ်ရှိပါတယ်။ Mask ကိုမေးမှာချိတ်ထားတာ ၊ လက်မောင်းမှာချိတ်ထားတာ၊ နားတဖက်မှာပဲတွဲလောင်းချထားတာ စတာတွေမလုပ်သင့်ပါဘူး။

တို့ ဗမာလူမျိုးတွေက စကားပြောရင် mask ကိုချွတ်ပြောပါတယ်။ အဲ့တာလုံးဝမလုပ်သင့်ပါ။ စကားပြောမှ ပိုးတွေကစင်ထွက်လာတာပါ။ mask တပ်ပြီးပဲစကားပြောကြပါ။

တချို့ကလဲ ချောင်းဆိုးရင် mask ချွတ်ပြီးဆိုးထည့်ပစ်လိုက်ပါတယ်။ နှာချေရင်လဲ mask ကိုတကူးတကချွတ်ပြီးမှ ချေပါတယ်။ အဲ့တာသူများကို ရောဂါပေးနေတာပါ။ mask တပ်လျက်ပဲ ချောင်းဆိုးလို့ နှာချေလို့ရပါတယ်။ အဲ့လိုမှမဟုတ်ရင် လက်မောင်းနဲ့အုပ်ပြီး ချောင်းဆိုး နှာချေကြပါ။ သူများကိုရောဂါမပေးကြပါနဲ့။ အလွန်အကုသိုလ်များတဲ့အလုပ်ပါ။

ဒီလောက်ဆိုရင် mask နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန် သိလောက်ပါပြီလို့ယူဆပါတယ်။

နောက်ထပ်သိချင်ပါက CDCရယ် WHO ရယ် mask ကိစ္စဆိုတဲ့ဆောင်းပါးကိုညွှန်းပါတယ်။
အောက်က link မှာဝင်ဖတ်ကြည့်ပါ။

https://ouo.io/vM9T81

Dr. Venice

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started