ဆေးပညာမှာ အထောက်အထား (Evidence) တွေကို ဘယ်လိုသတ်မှတ်ထားလဲ?

အခုတလော ခေတ်စားနေတဲ့ ကြက်သွန်ဖြူစားမယ်၊ အရွက်တွေလျောက်ရှုမယ်ဆိုတာတွေဟာ လွဲမှားကြောင်း Facebook မှာ တင်ပြီးပါပြီ။ ဒါပေမယ့် အဲ့လိုတုံးတိကြီးပြောလိုက်တော့ လက်မခံချင်တဲ့သူတွေရှိမှာပါ။
ငါ့အမေတုန်းက ဟိုအရွက်ရှုတာ ပျောက်သွားတယ်၊ ငါ့အဖွားကိုတော့ Vitamin D တွေတိုက်လိုက်တာ ကောင်းသွားတာပဲ ဆိုတာမျိုး စောဒဂတက်ချင်ကြတဲ့သူတွေ ရှိမှာပါ။

ကျွန်တော်တို့ Page မှာဒီလိုတွေ လာမပြောသေးပေမယ့် အခြားသူတွေတင်တဲ့ စာတွေမှာတော့ ပြောနေကြတာ တွေ့ရပါတယ်။ လူတွေကလည်း ဟုတ်တယ်၊ မှန်တယ်ဆိုပြီး ဝိုင်း Share ကြတော့ Information အမှားတွေက သံသရာလည်နေပါတယ်။ Facebook ပေါ်မှာ သတင်းမှားတွေ Share ပြီး ဒုက္ခများနေရတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေပါတယ်။ ဒီတော့ ကိစ္စတစ်ခုကို လက်လွတ်စပယ်မပြောခင် အထောက်အထားခိုင်လုံဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။

ဆရာဝန်တွေ ဆေးပေးတဲ့အခါ ပေးချင်သလိုပေးနေတယ်လို့ ထင်စရာရှိပေမယ့် Guideline တွေအရပေးကြတာပါ။ ဒါကြောင့် ဆီးချိုဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေးတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

COVID-19 လိုမျိုးရောဂါအသစ်အတွက် အထောက်အထားတွေ မလုံလောက်ခင်ကာလမှာ စမ်းတဝါးဝါးနဲ့ ကုသခဲ့ကြရပါတယ်။ ခု အထောက်အထားတွေ အတော်အသင့် ပြည့်စုံလာတဲ့အတွက် ကုသရတာ နည်းနည်းအဆင်ပြေလာပါတယ်။
ဒီတော့ အထောက်အထားကို ဆေးပညာမှာ ဘယ်လိုကြည့်သလဲဆိုတာ အောက်ကပုံနဲ့ ပြောပြချင်ပါတယ်။ ပိရမစ်အပေါ်ရောက်လေလေ Evidence ရဲ့ Quality ကပိုကောင်းလေလေပါပဲ။

အောက်ဆုံးမှာ Expert Opinion ဆိုတာတွေ့မှာပါ။ ဒါဟာ ကျွမ်းကျင်သူရဲ့ထင်မြင်ချက်လို့ ပြောလို့ရပါတယ်။ စာဖတ်သူတွေအနေနဲ့ စဉ်းစားကြည့်ရင် Expert တွေကတောင် အောက်ဆုံးအဆင့်မှာပဲရှိတာလားလို့ တွေးမိနိုင်ပါတယ်။ ဟုတ်ပါတယ်။
ဒါဟာ ဆရာဝန်တစ်ယောက် အတွေ့အကြုံကရတဲ့ သင်ခန်းစာတွေပါ။ ဒါတောင် အောက်ဆုံးမှာပဲရှိပါတယ်။

ဒီတော့ ဆရာဝန်မဟုတ်တဲ့ လူတွေရဲ့ တမာရွက်ပြုတ်သောက်ပါ၊ အရွက်တွေရှုပါဆိုတာ အထောက်အထားထဲတောင် ထည့်မရပါဘူး။ ဒါတွေဟာ Personal Opinion တွေပဲဖြစ်ပါတယ်။

ကိုယ့်မှာမှန်တာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် တခြားသူမှာ မှန်တယ်လို့ ပြောမရပါဘူး။ ကိုယ့်မှာမှန်တာတောင် ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘာလို့လဲဲဆိုတော့ COVID ဖြစ်တိုင်း သေတာမှမဟုတ်တာ…။ ပြန်ကောင်းလာတဲ့လူတွေလည်း အများကြီးပါ။ ဒီအထဲမှာ High Risk လူနာတွေဖြစ်တဲ့ ဆီးချို၊ နှလုံး၊ အဆုတ်မကောင်းတဲ့ လူနာတွေလည်း ပါမှာပါ။

ဒီထဲက အချို့မှာ တမာရွက်ပြုတ်သောက်ရင်း ကောင်းသွားတာကို မြင်ရတော့ တမာရွက်ကြောင့်ဆိုပြီး ထင်ကြတာပေါ့။
အရွက်တွေရှုကြ၊ ပြုတ်သောက်ကြပြီး သေသွားတဲ့သူ ဘယ်နှယောက်ရှိလဲဆိုတာတော့ သတင်းမတက်ဘူးလေ။ သေတဲ့လူအိမ်မှာ နာရေးကိစ္စနဲ့ရှုတ်နေတော့ Facebook ပေါ်တင်ဖို့လည်း အားမှာမဟုတ်ပါဘူး။ (အရွက်တွေက COVID တကယ် ပျောက်မပျောက် သိပ္ပံနည်းကျ လေ့လာထားတာမရှိလို့ မပြောနိုင်ပါ)

သူ့ရဲ့အပေါ် ၃ခုဖြစ်တဲ့ Case-Control Study, Cohort Study, RCT ဆိုတာ သိစရာမလိုလို့ အထွေအထူးမပြောချင်တော့ပါဘူး။ ဒီအဆင့်တွေရောက်လာပြီဆိုရင် လူတွေနဲ့စမ်းသပ်နေပါပြီ။ နောက်ဆုံးပိတ်မှာ Conclusion တစ်ခုရပါတယ်။
ဥပမာ ဒီဆေးကောင်းမကောင်း လူ ၁၀၀ နဲ စမ်းထားတယ်ဆိုရင် လူဘယ်လောက်မှာတော့ ဒီဆေးကစွမ်းပြီး ဘယ်လောက်မှာတော့ မစွမ်းဘူး၊ ဘယ်လောက်မှာတော့ ဘေးထွက်ဆိုးကျိုးတွေခံစားရတယ်စသဖြင့် ပြောပြီး နောက်ဆုံးပိတ်မှာ စမ်းသပ်မှုတစ်ခုလုံးကို ခြုံငုံမိတဲ့ ကောက်ချက်ဆွဲရပါတယ်။ ဒါဆိုရင် အဆင့်အတန်းတစ်ခုရှိနေပြီဖြစ်တဲ့ အထောက်အထားကို ရလာပါပြီ။
ဒါပေမယ့် ဒါဟာမှန်ကန်တယ်ဆိုပြီး မျက်စိမှိတ်ယုံလို့မရသေးပါဘူး။

အပေါ်ဆုံးမှာရှိတာကတော့ Systematic Review ပါ။ လွယ်လွယ်ပြောရရင် သူ့အောက်က Study တွေအကုန်လုံးကို ပေါင်းပြီးတော့ ပြန်သုံးသပ်တာပါ။
ဒီတော့ စမ်းသပ်ထားတဲ့လူလည်း များသွားသလို ကောက်ချက်ဆွဲတာလည်း ပိုပြီးမှန်နိုင်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ လက်တွေ့အသုံးပြုဖို့ Guideline တွေဆွဲကြပါတော့တယ်။

ဥပမာ Vitamin D ကို COVID-19 ကုသဖို့အတွက် ထည့်မလား၊ မထည့်ဘူးလား ဆိုတာ ခုချိန်ထိ တစ်ယောက်တစ်ပေါက်ပါပဲ။ လူ ၉သောင်းကျော်ပါဝင်တဲ့ Systematic Review တစ်ခုမှာတောင် တိကျတဲ့အဖြေ မထွက်လာတော့ ကုသတဲ့အထဲ ထည့်မထည့်က ဆရာဝန်အပေါ်မူတည်ပါတယ်။
သွေးထဲမှာ Vitamin D ပုံမှန်အတိုင်းရှိနေရင် COVID ဖြစ်နှုန်းနည်းတယ်ဆိုတာကို အတိအကျပြောဖို့ အထောက်အထားမခိုင်လုံသေးတဲ့အတွက် သောက်ချင်သောက်၊ မသောက်ချင်မသောက်နဲ့ဆိုပြီး ဖြစ်နေတာပါ။
ဒီနေရာမှာ လူတစ်ယောက်က ငါ့အမေကို Vitamin D တွေတိုက်ပြီး ပျောက်သွားတယ်ကွဆိုပြီး Personal Opinion တွေ လာပြောလို့မရပါဘူး။

ထို့အတူပဲ ကိုယ့်သဘောနဲ့ကိုယ် Steroid (Dexamethasone) တွေ သောက်တာဟာလည်း အန္တရာယ်များလှပါတယ်။ COVID-19 ကို အဓိကတိုက်ခိုက်တာ ကိုယ့်ရဲ့ကိုယ်ခံအားပါပဲ။ ဒါပေမယ့် Steroid သောက်လိုက်တဲဲ့အခါ ကိုယ်ခံအားကို ကျသွားတော့ ပိုဆိုးတတ်ပါတယ်။
Steroid လို၊ မလို ဆရာဝန်ကပဲ ကောင်းကျိုး၊ ဆိုးကျိုးချိန်ဆပြီး ပေးတတ်ပါတယ်။

ပိုးသတ်ဆေး Azithromycin တွေကို သောက်တာလည်း ဒီလိုပါပဲ။ တကယ်မလိုဘဲ သောက်လိုက်တဲ့အခါ အမှန်တကယ်လိုအပ်လာတဲ့အချိန်မှာ ဆေးယဉ်နေပြီး ဆေးမတိုးတာဖြစ်ရင် ကိုယ်ပဲနစ်နာမှာပါ။
ဒါတွေကို လေ့လာမှုအထောက်အထားတွေအရ COVID ဖြစ်တဲ့သူတိုင်းကို မပေးခိုင်းပါဘူး။ အဆင့်တွေခွဲခြားထားပြီး အဆင့်တစ်ခုရောက်မှ၊ ဆရာဝန်က လိုအပ်တယ်လို့ ဆုံးဖြတ်မှ ပေးရတာပါ။

COVID ဖြစ်ရင်လုပ်လို့ရတာက ကိုယ်ခံအားကောင်းစေတဲ့အစာတွေ စားပါ။ အသားဓာတ်မျာများစားပေးခြင်းက ကိုယ်ခံအားကို အထောက်အကူဖြစ်စေပါတယ်။ ကြပ်တည်းနေတဲ့ကာလမှာ ဒါတွေမစားနိုင်ဘူးဆိုရင်လည်း ထမင်း ၃နပ်တော့ ဝင်အောင်စားပေးပါ။ အစားမဝင်တော့ရင် ကိုယ်ခံအားလည်း မကောင်းနိုင်တော့ပါဘူး။

ငွေကြေးမတတ်နိုင်လို့ပဲဖြစ်ဖြစ်၊ လုပ်ကြည့်သမျှ ဘာမှအထောက်အပံ့မဖြစ်လို့ပဲ ဖြစ်ဖြစ် လက်လျော့တော့မယ်လို့စဉ်းစားမိရင် နောက်ဆုံးကျည်ဆံအနေနဲ့ ကြက်သူဖြူဝါးချင်လည်းဝါး၊ တမာရွက်ပြုတ်သောက်ချင်လည်းသောက်၊ အရွက်တွေ ထောင်းပြီးရှုချင်လည်းရှုလိုက်ပါတော့။
စိတ်ရဲ့တန်ခိုးကလည်း ရှိပါသေးတယ်။ ပျောက်မယ်လို့ယုံကြည်ပြီး လုပ်ရင် သာမန်ရေဖြစ်တဲ့ ရေမန်းတောင် Placebo Effect နဲ့ ရောဂါသက်သာစေနိုင်ပါတယ်။

ကျန်းမာအောင် စားသောက်နေထိုင်ကြပါ။ Mask တပ်ပါ။ လက်ဆေးပါ။ ဆရာဝန်တွေပြောတာကို နားထောင်ပေးပါ။ မရှင်းလင်းတာရှိရင် Call Center တွေကို ဖုန်းဆက်မေးပါ။
အပ်နဲ့ထွင်းရင် ပျောက်နိုင်တဲ့ကိစ္စကို ပုဆိန်နဲ့ပေါက်ရအောင် မလုပ်ကြပါနဲ့။ ကိုယ်ထင်တာတွေ ထင်သလို လျှောက်မလုပ်ကြပါနဲ့ခင်ဗျာ။

SAGAN

အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started