“ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာ

ငယ်ငယ်တုန်းက မှတ်မှတ်ရရကိစ္စတစ်ခုကို ပြောပြချင်ပါတယ်။ ကျောင်းမှာအဖြူနဲ့အစိမ်းဝတ်တဲ့အခါ တော်တော်များများက ဘောင်းဘီတွေပဲဝတ်ကြပါတယ်။ အတန်းငယ်သေးတော့ ပုဆိုးလည်း မဝတ်တတ်ကြသေးပါဘူး။
အရမ်းဆော့တော့ ခွတွေပြဲပြဲကုန်ပြီး ဝယ်လို့ကို မပြီးနိုင်ဘူး။ အဲ့တော့ အိမ်က ဘောင်းဘီအဟောင်းတွေပါ ရောပြီး အထည်များအယားပြေ ဝတ်ခိုင်းတတ်တယ်။ ဘောင်းဘီတွေဆိုရင် အတန်းငယ်တုန်းက ဟာတွေပြန်ပြန်ဝတ်တော့ သိပ်မတော်ချင်တော့ဘူးပေါ့လေ။

ဒါနဲ့ တစ်ရက်လည်းကျရော ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်မှာ စာသင်မယ့်ဆရာမက ရောက်မလာဘူး။ ထုံးစံအတိုင်း အတန်းထဲမှာ ဗျောင်းဆန်အောင် ကမြင်းကြတာပေါ့။ နည်းနည်းမောသွားတဲ့အချိန်မှာ ခဲသားဘောပင်အောက်ပြုတ်ကျသွားလို့ ကုန်းအကောက်မှာ ဖင်တည့်တည့်က ချုပ်ရိုးကြီးကွဲထွက်သွားပါလေရော…။ လေတိုးတာတောင် ခံစားနေရတယ်ဆိုတော့ တော်တော်ပြဲသွားတဲ့ပုံပဲလို့ တွေးလိုက်မိတယ်။

အဲ့ဒီအရွယ်က ဘာမှသိပ်မသိသေးပေမယ့် လူမြင်ရင် အရှက်ကွဲမယ်ဆိုတာတော့ သိနေပြီ။ အထူးသဖြင့် ကြိတ်ပြီးသဘောကျနေတဲ့ ကောင်မလေးမြင်သွားရင် ငါ့ ဘဝတော့ သွားပြီလို့တွေးမိတယ်။ (ဘာမှမသိပေမယ့် သူငယ်တန်းကတည်းက မိန်းကလေးဆို စိတ်ဝင်စားရမယ်ဆိုတာ သိနေပြီ)

ဒါနဲ့ အရမ်းခင်တဲ့ကောင်ကို အကူအညီတောင်းရတာပေါ့။ သားကြီး ငါ့ဖင်ကို ကွယ်ပေးထားပါလားလို့…။ ဒီကောင်လည်း လုပ်ပေးရှာပါတယ်။ ခဏနေလို့ ကျောင်းဆင်းတော့ နှစ်ကောင်သား တပူးပူး တကပ်ကပ်နဲ့ ကျွန်တော့အိမ်ကို ရောက်လာတယ်။ အဲ့တော့မှ အလုံးကြီးကျသွားတယ်။ ငါ အရှက်မကွဲတော့ဘူးဆိုပြီး…။

ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ တစ်လမ်းလုံးက ဒီကလေး ဖင်ပြောင်ကြီးနဲ့ လျောက်သွားနေတယ်ဆိုတာ သတိထားမိမှာပဲ။ ကလေးမို့ ဘာမှမပြောကြတာပါ။
သူများတွေမြင်သွားမှာ အကြောက်လွန်ပြီး သူငယ်ချင်းကို အကူအညီတောင်းလိုက်တာက ပိုဆိုးသွားစေတာပါ။ ခုပြောချင်တာ ဒီအကြောင်းပါပဲ။ (ဖင်ပြောင်တဲ့ကိစ္စဆက်ပြောမှာမဟုတ်ပါဘူး၊ စိတ်ပညာအရပြောချင်တာပါ…)

လူတွေက ကိုယ့်မှာ တစ်ခုခုလွဲမှားနေတဲ့အခါ အဲ့ဒါကိုပဲ စိတ်ရောက်နေတတ်တယ်။ ဒါပေမယ့် “ငါ့ဘောင်းဘီတော့ ပြဲသွားပါပြီ… ငါ့အမေတော့ ဆဲတော့မှာပဲ…” ဆိုတဲ့သဘောမျိုးနဲ့ စိတ်ရောက်တာမဟုတ်ပါဘူး။ “သူများတွေ ငါဖင်ပြောင်တာ မြင်သွားတော့မှာပဲ… ဟိုကောင်မလေးသာမြင်သွားရင်တော့ အရှက်တွေကွဲပါပြီ…” ဆိုပြီး သူများတွေကို ဦးတည်တတ်တာမျိုးပါ။

ဒါကြောင့်လည်း ဝက်ခြံပေါက်တဲ့အခါ အမြဲ Self-conscious ဖြစ်နေတတ်သလို ဘောင်းဘီပေါ် ရေမှောက်ကျတဲ့အခါမှာလည်း “ငါ… သေးပေါက်ချတယ် ထင်ကုန်တော့မှာပဲ” လို့ တွေးနေတတ်ပါတယ်။

ကိုယ်က ဆံပင်ကောက်ထားတယ်၊ အင်္ကျီအသစ်ဝတ်ထားတယ်၊ ပိန်သွားတယ်၊ ဝလာတယ်၊ Muscle တက်လာတယ် ဆိုတာတွေကိုလည်း တခြားလူတွေ ရိပ်မိမယ်၊ သိမယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ပြောင်းလဲတာကို မသိတဲ့အခါ စိတ်ဆိုးတာတွေ တွေ့လာရတာပါ။ ဒါကို Spotlight Effect လို့ခေါ်ပါတယ်။ စင်ပေါ်တက်တဲ့အခါ စလိုက်မီးက ကိုယ့်တစ်ယောက်တည်းကို ကွက်ပြီး ထိုးနေသလိုပေါ့။

ဒါပေမယ့် လူတွေက အဲ့လောက် မသိကြပါဘူး။ ကိုယ်က ကိုယ့်အကြောင်းကိုယ်ပဲတွေးနေတော့ သူများတွေလည်း ကိုယ့်အကြောင်းကို တွေးနေမယ်၊ ကိုယ်အသက်ရှုတာကအစ မျက်စိဒေါက်ထောက်ကြည့်နေမယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ သူတို့လည်း သူတို့အကြောင်းသူတို့တွေးနေပြီး သူတို့ ကမ္ဘာထဲမှာ သူတို့လည်ပတ်နေကြတာပါ။

စင်ပေါ်တက်ရတဲ့အခါ ကိုယ်လုပ်တာမှန်သမျှကို သေချာကြည့်နေမယ်လို့ ထင်စရာရှိပေမယ့် လူတွေက သူတို့အာရုံနဲ့သူတို့ပါ။ ကျောင်းမှာ Presentation လုပ်အပြီး Feedback ပြန်တောင်းကြည့်တဲ့အခါမှာ ကိုယ်လွဲသွားတယ်၊ မှားသွားတယ်၊ ချော်သွားတယ်လို့ ထင်တဲ့အရာတွေကို သူတို့သတိမထားမိကြပါဘူး။ (ပြောတာကို သေချာနားမထောင်ကြတာလည်း ဖြစ်နိုင်ပါတယ်…)

ဒါကိုစမ်းသပ်ထားတာရှိပါတယ်။ ကျောင်းသားတစ်ယောက်ကို အပြောင်အပျက်ရုပ်ပုံတွေပါတဲ့ အင်္ကျီတစ်ထည်ဝတ်ခိုင်းပြီး စာသင်ခန်းထဲကို ဝင်လာခိုင်းပါတယ်။ စာသင်တာရပ်ပြီး စမ်းသပ်သူနဲ့ စကားပြောခိုင်းပါတယ်။ ပြီးတော့ ထိုင်ခိုင်းပါတယ်။ ပြီးတော့ ချက်ချင်းပြန်ထခိုင်းပြီး အတန်းထဲကနေ ခေါ်ထုတ်သွားပါတယ်။

အစမ်းသပ်ခံတွေကို သူတို့အင်္ကျီအကြောင်းလူတွေ ဘယ်လောက်လောက်က သိသွားမယ်ထင်လဲလို့ မေးကြည့်ပါတယ်။ တော်တော်များများကတော့ တစ်ဝက်လောက်က သိလိမ့်မယ်လို့ ပြောကြပါတယ်။
စမ်းသပ်သူက စာသင်ခန်းထဲမှာကျန်ခဲ့တဲ့ကျောင်းသားတွေကို ခုနကဝင်လာတဲ့ ကျောင်းသားကို မှတ်မိသလောက်ပြောလို့ မေးတဲ့အခါမှာ ၂၅% ကပဲ သူ့ရဲ့ ဂွမ်းတဲ့ အင်္ကျီအကြောင်း ပြောနိုင်ပါတယ်။ ကျန်တဲ့သူတွေက မသိကြပါဘူး။ နောက် ၂၅% ကတော့ သူဝတ်ပုံစားပုံဟာ တမျိုးပဲဆိုတာလောက်သာ ပြောနိုင်ပါတယ်။

ဒါနဲ့ နောက်တစ်မျိုး ပြောင်းပြီးစမ်းကြည့်ပါတယ်။ ဒီတစ်ခါမှာတော့ အင်္ကျီအလန်းတစ်ထည့်ကို ဝတ်ပြီးတော့ အတန်းထဲခေါ်ပါတယ်။ ပြန်မေးကြည့်တဲ့အခါ ၁၀% လောက်ကပဲ သူ့အင်္ကျီဟာ အလန်းဖြစ်ကြောင်းပြန်ပြောနိုင်ပါတယ်။ ကျန်တဲ့သူတွေက သတိမထားမိကြပါဘူး။

ဒါကြောင့် သိလိုက်ရတာက လူတွေဟာ တလွဲတွေကို ပိုသတိထားမိကြပြီး ပြင်ပြင်ဆင်ဆင်လုပ်တာကို သိပ်မသိကြပါဘူး။

ကားအကောင်းစားကြီးတွေ ကျောင်းကိုမောင်းလာပြီး အသံပေါင်းစုံဆူညံအောင် လုပ်ကြတာ၊ ဆိုင်ကယ်တွေကို အိတ်ဇောတွေဖြုတ်ပြီး နားငြီးအောင် မောင်းကြတာ၊ သီချင်းတွေအကျယ်ကြီး ဖွင့်ပြီး မောင်းတာတွေဟာလည်း သတိထားမိအောင် လုပ်ကြတာပါ။
ဒါပေမယ့် လူတွေက ဖြစ်ရပ်ကိုသာ သတိထားမိပြီး လူနဲ့ဖြစ်ရပ်နဲ့ကို တွဲပြီး သတိမထားမိပါဘူး။ ဆိုလိုချင်တာက တဝူးဝူးနဲ့ ကျောင်းထဲမှာ နားငြီးအောင်လုပ်နေတာကို စိတ်ထဲကနေသာ ကျိန်ဆဲလိုက်ပြီး ကားထဲမှာ ဘယ်ကောင်ပါလဲဆိုတာ သိပ်စိတ်မဝင်စားကြပါဘူး။

ဂိမ်းဆော့တဲ့အခါမှာလည်း ကိုယ့်ရဲ့ Skill ကိုပဲ ကြည့်တတ်ကြပါတယ်။ ဥပမာ အရင်က MLBB ဆော့တဲ့အခါ ကိုယ့် Teammate က ဘယ်လောက်ကြမ်းနေကြမ်းနေ အာရုံသိပ်မရှိပါဘူး။ သူက Savage ဆိုပြီး ရသွားမှသာ “အော်… ဒီကောင်ကောင်းသားပဲ” ဆိုပြီး တွေးမိတတ်တယ်။
ကိုယ့်ရဲ့ Franco Hook တွေဘယ်လောက် မိမိ၊ ရန်သူခုန်မယ့်နေရာကို ကြိုတွေးမိပြီး High IQ Play တွေနဲ့ဆော့ဆော့ Teammate တွေက သတိထားမိဖို့ခက်ခဲပါတယ်။ နေရာတကာမှာ Spotlight Effect က ရှိနေပါတယ်။

ဒါကြောင့် နောက်တစ်ခါ တစ်ခုခုလွဲချော်သွားတဲ့အခါ လွဲသွားပြီ… ဆိုပြီး စိတ်မပျက်ပါနဲ့။ ကိုယ်က ချော်တောငေါ့ပြီး ကျွန်တော်လုပ်တာ ဒါတွေလွဲသွားတယ်ဗျာ…လို့ ပြောလိုက်ရင်တော့ သိကုန်ကြမှာပါ။ တခါတခါ လူတွေက အရှက်ပြေအနေနဲ့ဖြစ်ဖြစ်၊ သူများတွေ ကိုယ့်ကို Judge လုပ်တာ အရမ်းလက်မလွန်သွားအောင်ပဲ ဖြစ်ဖြစ် ကိုယ့်အားနည်းချက်ကို ထုတ်ပြောတတ်ပါတယ်။
မပြောပါနဲ့… သူတို့သိဖို့ ခက်ခဲပါတယ်။

ဆေးကျောင်းမှာ လူနာနဲ့စာမေးပွဲဖြေတဲ့အခါ တချို့ဆရာတွေက ပြောတဲ့စကားကို သေချာနားမထောင်ကြပါဘူး။ ဒါပေမယ့် ကျောင်းသားတွေက ဒါကို သိပ်မသိပါဘူး။ နားမထောင်တဲ့ပုံပြနေပေမယ့် နားထောင်နေတယ်လို့ ထင်တတ်ကြပါတယ်။ (ဆရာတွေ နေရာက စဉ်းစားကြည့်ရင် အတန်းပေါင်းစုံကို အမြဲတမ်းစာမေးပွဲပတ်စစ်နေရတော့ ဒီစာတွေကို ခဏခဏကြားရတာ ပျင်းနေလောက်ပါပြီ)

တချို့တွေက နားမထောင်ပေမယ့် နောက်ဆုံးပိတ် ဆွေးနွေးတဲ့အခါမှာ “မင်းလူနာကို မေးတာ ဒါပဲလား…” လို့ ကိုယ်လုပ်သမျှအရာရာကို သိနေတဲ့ဟန်နဲ့ မေးတတ်ပါတယ်။ အဲ့ဒီအခါမှာ “ကျွန်တော်မေးတာ ဟိုနားလေးကျန်ခဲ့တယ်၊ ဒီနားလေးကျန်ခဲ့တယ်” သွားပြောလိုက်ရင် အမှတ်လျော့ပါပြီ။ လျှာရှည်တဲ့ပါးစပ်ကြောင့် အမှတ်တွေလျော့ခဲ့ဖူးပါတယ်။

စာမေးပွဲစစ်တဲ့ ဆရာတွေနဲ့ Same Energy ပါပဲ

မေးဖို့ကျန်တာတွေရှိပေမယ့် “ဘာမှမကျန်ဘူး… အကုန်မေးတယ်…” လို့သာ Confidence အပြည့်နဲ့ဖြေလိုက်ရင် အမှတ်က တက်သွားတတ်ပါတယ်။ (ဆရာတိုင်းကိုတော့ ဒီလို သွားစမ်းလို့မရပါဘူး၊ တချို့က တကယ်နားထောင်ပြီး တကယ်စစ်စစ်ပေါက်ပေါက် မေးတတ်ပါတယ်၊ ကိုယ့်ဘာသာချင့်ချိန်ပြီး ဖော့သင့်တဲ့နေရာဖော့၊ ဖိသင့်တဲ့နေရာဖိရပါတယ်)

ငယ်ငယ်က သူငယ်ချင်းတစ်ယောက်အကြောင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
သူ့မှာ ရှေ့သွားတစ်ချောင်းကျိုးနေပါတယ်။ ဒါပေမယ့် သူက သွားကျိုးနေတာကို ကျိုးနေတယ်လို့ လူသိမခံဘဲ ဖုံးဖိဖို့လုပ်ပါတယ်။ စကားပြောတဲ့အခါ သူ့သွားကို မမြင်အောင် ပါးစပ်သိပ်မဖွင့်တော့ပါဘူး။
အဲ့လိုလုပ်တော့မှ “ဒီကောင်က ဘာဖြစ်နေတာလဲ… မပွင့်တပွင့်နဲ့…” ဆိုပြီး သူများတွေက မေးကြပါတယ်။
ဒါကြောင့် ဖုံးကွယ်ခြင်းဟာ အဖြေတစ်ခုဟုတ်မနေပါဘူး။ ဖင်ပြောင်တာက လွဲလို့ပေါ့ဗျာ…။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started