စိတ်ကူးနဲ့လက်တွေ့ဘဝ အလွဲများ

Facebook ပေါ်မှာ လူတွေဟာ သူတို့ လွန်ခဲ့တဲ့အချိန်တစ်ခု (၅နှစ်ဆိုကြပါစို့) က တင်ခဲ့တဲ့ Post တွေကို ပြန် Share ပြီး ဟာသအနေနဲ့ တင်ကြတာမြင်ဖူးမှာပါ။ တခါတခါလည်း သူငယ်ချင်းတွေ ပြန် up လုပ်လို့ အရင်ကရေးခဲ့တဲ့ ပေါတောတောစာတွေ၊ ကြောင်တောင်တောင် မျက်နှာတွေ ပြန်ပြန်တက်လာတတ်တယ်။

စိတ်ပညာအရတော့ လူတွေဟာ “လက်ရှိ သူတို့” သည် “အတိတ်က သူတို့” ထက် ပိုပြီး သာတယ်လို့ တွေးကြတယ်လို့ ဆိုတယ်။ ဒါကြောင့် သူတို့ရဲ့ အတိတ် Version ကို လှောင်ပြောင်နေကြတာပါ။ ကိုယ့်ကိုကိုယ် ပြန်မြင်ကြည့်ရင်လည်း အတိတ်ကထက် လက်ရှိကို ပိုသဘောကျကြတာများပါတယ်။
အဲ့လိုဖြစ်အောင် ဦးနှောက် ဘယ်လိုတွန်းပို့နေလဲ ပြောပြချင်ပါတယ်။

လူတွေက ကိုယ့်ကိုကိုယ် “သာမန်” ဆိုပြီး မမြင်ကြဘူးလို့ ဆိုတယ်။ သာမန်ထက်တော့ နည်းနည်းလေးသာတယ်လို့ တွေးတတ်ကြတယ်။
ဒါက အကြောင်းရှိပါတယ်။ ဒီလိုတွေးတာဟာ ထင်ယောင်ထင်မှားဖြစ်ပေမယ့် ကိုယ့်ရဲ့ Confidence ကိုတိုးစေပါတယ်။ ကိုယ့်ရဲ့အသုံးမကျမှုတွေကိုသာ မမြဲထိုင်တွေးမိနေရင် အလုပ်လုပ်ချင်မှာတောင် မဟုတ်တော့ပါဘူး။ တစ်ခုခုမလုပ်ခင် အမြဲတမ်း သံသယတွေ၊ အကြောက်တရားတွေနဲ့ ပြည့်နေမှာပါ။

ဒီလိုမတွေးတဲ့အခါမျိုးမှာတော့ လူတွေမှာ စိတ်ဓာတ်ကျတာ (Depression)၊ စိုးရိမ်စိတ်လွန်ကဲတာ (Anxiety) တွေဖြစ်လာတာပါပဲ။ ဒါကြောင့် “သာမန်ထက်ပိုတယ်” လို့ တွေးခြင်းဟာ ကိုယ့်စိတ်အတွက် အများကြီးအထောက်အကူပြုပါတယ်။ ဒါကို Self-serving Bias လို့ခေါ်တယ်။

စမ်းသပ်ချက်တွေအရ လူတွေဟာ အောင်မြင်မှုရရင် ကိုယ့်ကြောင့်လို့ Credit ယူတတ်ပြီး ကျရှုံးရင်တော့ ဘေးကိုပတ်ရမ်းတတ်တယ်။
ဂိမ်းဆော့နေရင်း ရှုံးရင် ခလုတ်မကောင်းလို့ (PS2 ဂိမ်းဆိုင်မှာ ဘောလုံးကန်ဖူးရင် ဒါကိုနားလည်မှာပါ) ၊ စာမေးပွဲနီးလို့ စာမကျက်ချင်တော့ရင် အိမ်ကလူတွေ မကောင်းလို့၊ စာမေးပွဲကျရင် အိမ်ကလူတွေ မကောင်းတဲ့အတွက် စာမကျက်လိုက်ရလို့ စသဖြင့်ပေါ့။
အားကစားသမားတွေတောင် သူတို့ရှုံးရင် ဟိုဟာလွှင့်ပစ်၊ ဒီဟာလွှင့်ပစ်၊ ဒိုင်လူကြီးကို ပြဿနာရှာ… စတာတွေ လုပ်ကြသေးတာပဲ။
ကိုယ့်ကိုကိုယ် သက်သက်ညှာညှာစဉ်းစားတတ်တာ သဘာဝပါ။

ကိုယ့်ကိုကိုယ် “သာမန်” ထဲကို ထည့်မထားပေမယ့် သူများတွေကိုတော့ ထည့်ထားတတ်ကြတယ်။ ဒီတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတယ်။ ကိုယ်ကသာ အရေးအကြီးဆုံးပဲ ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာတယ်။ ငါက သူများနဲ့မတူဘူးဆိုတာတွေ ဖြစ်လာတယ်။ တကယ်တော့ ကိုယ်ဟာ သာမန်ထဲက တစ်ယောက်ပဲဆိုတာ မေ့နေတတ်ကြတယ်။
သူငယ်ချင်းတွေထဲမှာ သူတို့ကွိုင်တက်နေရင် ကိုယ်နဲ့မဆိုင်ဘဲ ကိုယ့်ပါရောပြီး ပြဿနာရှာတတ်တဲ့သူတွေကို တွေ့ဖူးမှာပါ။ ဒါဟာ ဒီသဘောပါပဲ…။
အရာရာဟာ ကိုယ့်ကို ဦးတည်ပြီး လည်ပတ်နေတယ်လို့ထင်တတ်ကြတယ်။ ဒါကိုတော့ Illusory Superiority Effect လို့ခေါ်တယ်။

ဒါကို စမ်းသပ်ထားတာ ရှိပါတယ်။ အစမ်းသပ်ခံတွေကို ကိစ္စတစ်ခုလုပ်ခိုင်းမယ်ဆိုပြီး ခေါ်ထားပါတယ်။ မလုပ်ခင်မှာ စမ်းသပ်သူက သူတို့လုပ်ရမယ့်ကိစ္စက ရိုးရှင်းလွယ်ကူပါတယ်လို့ ကြိုပြောထားလိုက်တယ်။ လုပ်ပြီး ပြန်မေးတဲ့အခါ လူတွေက သာမန်ထက်ပိုပြီး လုပ်နိုင်တယ်လို့ ပြောတယ်။
ဒါနဲ့ သူတို့လုပ်ရမယ့်ကိစ္စက ခက်ခဲတယ်၊ သိပ်မလွယ်ဘူးလို့ ကြိုပြောထားလိုက်တယ်။ လုပ်ပြီး ပြန်မေးတဲ့အခါမှာ သူတို့က သာမန်လောက်တောင် မလုပ်နိုင်ဘူးလို့ ပြောကြတယ်။ (တကယ်တော့ အဲ့လိုမဟုတ်ပါဘူး)
ဒါကြောင့် ဘယ်လောက်ခက်ခဲတဲ့ကိစ္စပဲ ဖြစ်ပါစေ… လွယ်တယ်လို့ ကြိုပြောထားတဲ့အခါ လူတွေက သာမန်ထက်ပိုလုပ်နိုင်တယ်လို့ ထင်ကြတယ်။
ဒီကိစ္စကို ကိုယ်တကယ်လုပ်နိုင်မှန်းမသေချာခင်မှာ “လွယ်တယ်” ဆိုပြီး မြင်လိုက်ခြင်းအားဖြင့် Confidence ကိုတိုးစေတယ်။

စိတ်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောတာပါ။ တကယ်လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းက စိတ်အပေါ် သိပ်မမီခိုဘဲ ကိုယ့်ရဲ့အားထုတ်မှု၊ ပြင်ဆင်မှု၊ ကြိုးစားမှုတွေပေါ်မှာပဲ မူတည်ပါတယ်။ “ငါ… လုပ်နိုင်တယ်ကွ” ဆိုပြီး ကြုံးဝါးတိုင်း တကယ်လုပ်နိုင်တာမှ မဟုတ်တာ…။ အဲ့လိုပြောပြီး Fail သွားတဲ့လူတွေ အများကြီးရှိပါတယ်။

လူတွေက ကိုယ့်ရဲ့အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို ကိုယ့်ဘေးက သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ပြီးဆုံးဖြတ်တတ်တယ်။
တကယ်သာ ကိုယ်ချော၊ မချော သိချင်ရင် မင်းသား၊ မင်းသမီးတွေနဲ့ ယှဉ်လို့ရသလို၊ ကိုယ်တော်၊ မတော်အကဲဖြတ်ချင်ရင်လည်း ကမ္ဘာ့အဆင့်မီလူတော်တွေနဲ့ ခိုင်းနှိုင်းလို့ရတာပဲ။ ဒါပေမယ့် အဲ့လိုမလုပ်ဘူး။ အဲ့လိုသာတွေးလိုက်ရင် စိတ်ဓာတ်ကျတာ အဝီဇိကကို တက်လာမှာ မဟုတ်တော့ဘူးလေ။
ကိုယ့်အရည်အချင်းကို ကိုယ့်အနားမှာရှိတဲ့ သာလှတို့၊ အေးကြည်မတို့၊ စာဥတို့နဲ့ပဲ ယှဉ်တယ်။ ပြောချင်တာက အနူတော လူချောဖြစ်ရင်ကျေနပ်နေတဲ့သဘောပေါ့။

ဒါပေမယ့် လင်းတလောက်တော့ ငှက်တိုင်းလှတယ်ဆိုတာ မေ့နေတတ်ကြတယ်။
ကိုယ်က သူတို့ထက်တော်တဲ့နေရာတစ်ခုတော့ ရှိချင်ရှိနေနိုင်ပေမယ့် သူတို့ဟာလည်း ကိုယ့်ထက်တော်တဲ့ နယ်ပယ်တစ်ခုရှိနေမယ်ဆိုတာကို မေ့ထားတတ်ကြတယ်။
ယေဘုယျအားဖြင့်တော့ လူတွေဟာ တခြားလူထက်ပိုပြီး Popular ဖြစ်တယ်ထင်တတ်သလို တခြားလူတွေကလည်း တခြားတခြားသောသူတွေ ထက်ပိုပြီး Popular ဖြစ်တယ်ထင်ကြတယ်။

ဒီလိုတွေ တွေးနေတာဟာ အကျိုးရှိတဲ့အတွက် မတွေးပါနဲ့လို့ မပြောချင်ပါဘူး။ ဒါပေမယ့် မလွန်ကဲဖို့လိုပါတယ်။ လွန်ကဲသွားတဲ့အခါ အထိမခံရွှေပန်းကန်တွေ ဖြစ်လာတတ်ပါတယ်။
ငါဟာသာမန်ပဲ ဆိုပြီး တခါတခါပြောင်းတွေးကြည့်ပါ။ တခြားလူတွေမှာလည်း သူတို့ဘဝတွေ၊ သူတို့အရည်အချင်းတွေနဲ့ သူတို့ရှိတယ်ဆိုတာ တွေးကြည့်ပေးပါ။

လူကို လူလို မြင်နိုင်သွားရင် အရာရာက ကိုယ့်ကိုဦးတည်ပြီး လည်ပတ်နေတာ မဟုတ်ဘူးဆိုတာ နားလည်နိုင်လာပါလိမ့်မယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started