စိတ်ဆိုတာ အလွန်ဆန်းကြယ်တဲ့ အရာတခုပါ။ စိတ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေကလဲ “မယုံစဖူး ကြုံဖူးမှသိ” လို့ဆိုရအောင် ထူးခြားလှပါတယ်။
ဒီ post မှာ စိတ်ရောဂါဆန်း တချို့ကို ရှာပြီးတင်ပေးလိုက်ပါတယ်။

ပထမဆုံး ရောဂါကတော့ Paris syndrome လို့ခေါ်ပါတယ်။ ဒီရောဂါကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။
ပဲရစ်ကိုရောက်တဲ့ ခရီးသည်တွေက သူတို့ထင်ထားသလို ခမ်းနားတဲ့ ရှေးဟောင်းဆန်တဲ့ ပဲရစ်မြို့နဲ့ လက်တွေ့ဘဝထဲက ပဲရစ်မြို့ မတူတာကိုမြင်ပြီး culture shock တွေရ၊ စိတ်တွေကမှောက်ကမ ဖြစ်ကုန်တာပါ။

အထူးသဖြင့် အနောက်နိုင်ငံကိုအခုမှစရောက်ဖူးတဲ့ အရှေ့တိုင်းကခရီးသည်တွေမှာ အဖြစ်များပြီး ဂျပန်လူမျိုးတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။

မျှော်လင့်ထားသလို တည်ငြိမ်တဲ့ ပဲရစ်မဟုတ်ဘဲ လူတွေပျားပန်းခတ်မျှရှုပ်ယှက်ခတ်ကာ ကားတွေပြည့်ကြပ်နေတတ်တဲ့ ပဲရစ်မြို့မှာ ခရီးပန်းတဲ့ဒဏ်နဲ့ စိတ်ဂယောင်ဂချားတွေဖြစ်ကုန်တာပါ။

စိတ်တွေမောလာပြီး ချွေးစီးတွေထွက်လာတာ၊ အထင်တွေလွဲမှားပြီး မမြင်ရ မကြားရတာတွေ မြင်နေသလို ကြားနေရသလို hallucination တွေဖြစ်လာတာ၊ ခေါင်းတွေမူးနောက်ပြီး အာရုံထွေပြားလာတာ၊
ငိုချင်သလိုလို ရီချင်သလိုလိုထဖြစ်တာ၊ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘဲ စိတ်ကြမ်းလူကြမ်းဖြစ်လာတာတွေ ကြုံရတတ်ပါတယ်တဲ့။
ပဲရစ်ကို ရောက်ရောက်ချင်းမှာ စဖြစ်တတ်ပြီး ရက်အနည်းငယ်ကြာအနားယူလိုက်ရင် နေသားကျသွားပြီးသက်သာသွားတယ်လို့ဆိုပါတယ်။
နောက်ထပ်ရောဂါဆန်းတခုကတော့ Boanthropy လို့ခေါ်ပါတယ်။
ဖြစ်ပုံကတော့ ရှင်းရှင်းပြောရရင် လူစင်စစ်ကနေ နွားဘဝပြောင်းသွားတာပါ။ သူ့ကိုယ်သူ နွား/ကျွဲအဖြစ်ပြောင်းသွားတယ်လို့ ယုံမှားပြီး လေးဖက်ထောက်ပဲသွားတော့တယ်။

မြက်ခင်းရှိရာတွေကို လေးဖက်ထောက်သွားပြီး မြက်တွေကို ဝါးစားတယ်။ နွားအော်သလို ဘွတ်အဲ ဆိုပြီးအသံလုပ်ကြတယ်။ နွားတွေနဲ့ရောနှောပြီးနေတတ်တယ်။

နွားတွေလိုပဲ သူတို့ကိုသတ်ပြီးအသားကိုစားခွင့်ပြုတဲ့အထိကို နွားစိတ်ပေါက်သွားတာပါ။
အတော်တော့ရှားပါးတဲ့ရောဂါဆိုပေမယ့် စိတ်ကစဥ့်ကလျားဖြစ်ကာ Delusion ရတဲ့အတွက်ဖြစ်တာလို့ယူဆကြပါတယ်။ အရပ်ထဲကလူတွေကတော့ အောက်လမ်းနည်းတွေ မှော်အတတ်တွေကြောင့်လို့ ယုံကြည်ကြပါတယ်။
ရှားပါးတဲ့ရောဂါမို့ တိကျတဲ့ကုသမှုလဲမရှိသေးပါဘူး။ မြက်ပင်တွေကြားထဲ ဂျိုမပါဘဲ ရောက်နေရင်တော့ Boanthropy ကိုသတိရလိုက်ပါ။

အလားတူ ခပ်ဆင်ဆင်တူတဲ့ရောဂါကတော့ Clinical Lycanthropy လို့ခေါ်ပါတယ်။

ဒီရောဂါကလဲ သူ့ကိုယ်သူ တိရစ္ဆာန်ဘဝပြောင်းသွားပြီလို့တွေးထင်တာပါ။ အထူးသဖြင့် သမန်းကျားတို့၊ ဝံပုလွေတို့ စတဲ့အကောင်တွေပြောင်းကုန်တယ်လို့ ယုံမှားတာပါ။

ဒီဝေဒနာရှင်တွေက တိရစ္ဆာန်လိုပဲ ပြုမူသွားလာနေထိုင်ကြပြီး လူတွေနဲ့ခပ်ဝေးဝေးမှာရှောင်နေပါတယ်။ တောအုပ်တွေ ၊ နယ်စပ်တွေ ၊ သစ်ပင်ပေါ်တွေမှာ အသိုက်ပုံစံပြုလုပ်ကာ နေထိုင်တတ်တယ်လို့ဆိုပါတယ်။

အရင်ခေတ်က သမန်းကျားတို့ မှော်ဝင်ဝံပုလွေတို့ စတဲ့ယုံတမ်းတွေကို ယုံကြည်ခဲ့စဥ်က အတွေ့များခဲ့ပြီး အခုခေတ်မှာတော့ ရှားပါးသွားပြီဖြစ်ပါတယ်။

နောက်တမျိုးကတော့ Stendahl syndrome လို့ခေါ်တဲ့ရောဂါဆန်းပါ။
ဒီဝေဒနာရှင်တွေက ဆွဲဆောင်မှုရှိတဲ့နေရာတွေ အနုပညာလက်ရာတွေကို ကြည့်မိတဲ့အခါ မိန်းမောမှင်သက်ရင်း ရင်တွေတလှပ်လှပ်တုန်လာတာ၊ မူးဝေလာတာ၊ ဂယောင်ဂတမ်းဖြစ်လာတာ စတာတွေဖြစ်လာပါတယ်။

အထူးသဖြင့် ပန်းချီပြခန်းတွေ၊ အနုပညာပြတိုက်တွေရောက်တဲ့အခါ အဖြစ်များပြီး ပန်းချီကားတွေက တကယ်အသက်ဝင်လာတယ်တို့၊ ရုပ်တုတွေက အသက်ဝင်လာပြီး သူ့ကိုလိုက်ကြည့်နေတယ်တို့ ပြောတတ်ကြပါတယ်။

ဒါတွေက visual hallucination (မမြင်ရတာတွေ မြင်နေတယ်လို့ထင်ခြင်း) ဖြစ်ပြီး ကံကောင်းတာက အများစုက ခဏတာပဲဖြစ်ကြတာပါ။

ဒါတွေကတော့ ထူးဆန်းတဲ့စိတ်ဝေဒနာတွေထဲက အချို့ကို ကောက်နုတ်တင်ပြထားတာပါ။ နောက်ထပ်ရောဂါဆန်းတွေကိုလဲ အလျဥ်းသင့်သလိုရေးပေးသွားပါဦးမယ်။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။