ဒေါသထွက်တာ ကောင်းလား?

ဒေါသကြီးတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဘာမှမဟုတ်တာလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာဒေါသထွက်တတ်တဲ့ လူတွေပေါ့။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တာ ကောင်းလားဆိုတာ ဆွေးနွေးချင်ပါတယ်။

တစ်ခါက ဘွားတော်တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ ကံစမ်းမဲလဲနေတာမြင်ဖူးတယ်။ ဆိုင်က ကံစမ်းမဲကာလ ကုန်သွားပြီမို့ လဲလို့မရတော့ပါဘူးလို့ပြောတယ်။ သူက မကျေနပ်ဘဲ ရစ်နေတာ တော်တော်နဲ့မပြီးဘူး။ ဒီတော့ ကံစမ်းမဲက တော်တော်များမယ်ထင်တယ်လို့ တွေးလိုက်မိတယ်။ အဲ့လိုဟုတ်မနေဘူး။ ကံစမ်းမဲက ၂၀၀ တည်းပါ။ တော်တော်နဲ့မပြီးတော့ ဆိုင်ကလည်း ဘူပြီး လဲပေးလိုက်ပါတယ်။

စိတ်ပညာအရတော့ လူတွေက လုပ်စရာအလုပ်မယ်မယ်ရရ မရှိဘဲ အားယားနေရင် ပြဿနာရှာချင်ကြတယ် လို့ဆိုတယ်။ ဒီဘွားတော်လည်း တော်တော်အားနေတာများလား လို့ တွေးလိုက်မိတယ်။ ၂၀၀ က သူ့အတွက်တန်ဖိုးရှိတာလည်း ဖြစ်နေနိုင်တယ်လို့ တွေးမိပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်။

လူတွေက ဒေါသထွက်ဖို့လွယ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေ၊ အမူအယာတွေမှာ ဒေါသထွက်တာ ပေါ်ခြင်း၊ မပေါ်ခြင်းပဲ ကွာတာပါ။ ဒေါသထွက်ရင် စိတ်ကိုထိန်းပါပြောတဲ့သူရှိသလို ဖွင့်ထုတ်ပစ်လိုက်၊ တစ်ခုခုကို ထိုးလိုက်၊ ပစ္စည်းတွေကို လွှင့်ပစ်လိုက် စတာမျိုးနဲ့ ဖြေဖျောက်ကြတာလည်း ရှိပါတယ်။

ဒီတော့ ဒုတိယနည်းက တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာ စိတ်ပညာရှင်တွေဟာ စိတ်ဝင်စားကြပါတယ်။
အကြောင်းရင်းကတော့ သိပ္ပံပညာတိုးတက်တဲ့အချိန်မရောက်ခင် ကာလတွေမှာ အယူအဆအမှားတွေ၊ ထင်မြင်ချက်အမှားတွေနဲ့ ဖြစ်ချင်သလိုဖြစ်ခဲ့ကြတော့ အဲ့ဒီအလွဲတွေက ဒီဘက်ခေတ်အထိပါလာပါတယ်။ ဒါဟာ တကယ်လွဲတာလား၊ မှန်နေလားဆိုတာ သိပ္ပံနည်းကျစမ်းသပ်ချင်ကြပါတယ်။

အရင်ခေတ်က မကောင်းတဲ့အရာတွေကို ဖောက်ထုတ်တတ်တဲ့ဓလေ့ရှိပါတယ်။ ဖျားရင် သွေးတွေဖောက်ထုတ်ပစ်တယ်… သွေးပုပ်တွေထွက်သွားတယ်လို့ ယူဆကြတယ်။ ဒွါရ ၆ပေါက်က အညစ်အကြေးတွေ ထွက်လေလေ ကျန်းမာလေလေဆိုတဲ့ သဘောမျိုးကို လက်ခံကြတယ်။

စိတ်ဟာလည်း ထိန်းထားရတဲ့ Stress တွေ၊ မြိုသိပ်ထားရတဲ့ဒေါသတွေကို ဖောက်ထုတ်ပစ်ဖို့လိုတယ် ဆိုပြီး ယူဆကြတယ်။ အဲ့လိုမှမလုပ်ရင် တချိန်ချိန်မှာ အကြီးအကျယ်ပေါက်ကွဲထွက်နိုင်တယ်လို့ သတ်မှတ်ထားကြတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကအထိ ဒေါသထွက်ရင် ခေါင်းအုံးထဲကို ကုန်းအော်လိုက်ပါ… တို့၊ တစ်ခုခုကို ထိုးလိုက်ပါ… တို့ကို စာအုပ်တွေမှာ ရေးခဲ့ကြပါတယ်။

စိတ်ပညာရှင်တွေကတော့ ဒါကို သိပ်သဘောမကျကြပါဘူး။ ဒါပေမယ့် လက်စုပ်လက်ကိုင်ပြစရာ အထောက်အထားမရှိသေးတော့ ဘာမှလည်း မပြောကြပါဘူး။

ဒါနဲ့ ဒေါသကို ဖောက်ထုတ်လိုက်တာဟာ တကယ်ပဲ စိတ်သက်သာရာရစေသလားဆိုတာကို စမ်းသပ်ကြည့်ကြပါတယ်။ ခုရေးမယ့် စမ်းသပ်မှုက နည်းနည်းတော့ ရှည်ပါတယ်။ ဒါပေမယ့် မြင်သာအောင် ခပ်ရှည်ရှည်ပဲရေးလိုက်ပါတယ်။

ကျောင်းသား ၁၈၀ ကို ၃ဖွဲ့ခွဲလိုက်ပါတယ်။ တစ်ဖွဲ့ကို ဒေါသထွက်တဲ့အခါ ဖွင့်ထုတ်လိုက်ရင် အလုပ်ဖြစ်တယ်ဆိုတဲ့ Article ကိုဖတ်ခိုင်းတယ်။ နောက်တစ်ဖွဲ့ကိုတော့ သူနဲ့ဆန့်ကျင်ဘက် အလုပ်မဖြစ်ဘူးဆိုတဲ့ Article ကိုဖတ်ခိုင်းတယ်။ နောက်ဆုံးတစ်ဖွဲ့ကိုတော့ ဒေါသအကြောင်းမဟုတ်တဲ့ အခြားစာစောင်တစ်ခု ဖတ်ခိုင်းတယ်။

ပြီးတော့ ကျောင်းသားတွေကို ကိုယ်ဝန်ဖျက်ချတဲ့အကြောင်း ထောက်ခံသလား၊ ကန့်ကွက်သလား ဆိုတာ… ကိုယ့်ရဲ့ Opinion တစ်ခုရေးဖို့ ပြောလိုက်တယ်။ ခုရေးတဲ့ Essay ကို တခြားကျောင်းသားတစ်ယောက်က အမှတ်ပေးလိမ့်မယ်လို့ ပြောလိုက်တယ်။
သူတို့ ဘာရေးထားထား တစ်ဝက်က ကောင်းတယ်… ဆိုပြီး Feedback ရတယ်။ ကျန်တစ်ဝက်ကတော့ “ဒီလောက်ညံ့တဲ့ Essay မဖတ်ဖူးသေးဘူး” ဆိုပြီး ပြန်လာတယ်။ (Psychologist တွေ လုပ်လိုက်ရင် ရိုက်ပေါက်တွေလိုပဲ…)

ဒါနဲ့ အနားယူဖို့ Activity တစ်ခုဆက်ရွေးခိုင်းတယ်။ စာအုပ်ဖတ်မလား၊ ဟာသကြည့်မလား၊ ဂိမ်းကစားမလား၊ သဲအိတ်ကိုထိုးမလား ရွေးခိုင်းတယ်။ ဒေါသကို ဖွင့်ထုတ်လိုက်ရင် အလုပ်ဖြစ်တယ်ဆိုတဲ့ စာကို ဖတ်ထားဖူးတဲ့သူတွေက သဲအိတ်ကို ထိုးမယ်ဆိုပြီး ရွေးကြတာများတယ်။ ချီးကျူးခံရတဲ့လူတွေကတော့ တခြား Activity တွေကို ရွေးကြတယ်။

ဒီတော့… ပြောလို့ရတာက ဒေါသကို Vent လုပ်တာ သက်သာတယ်လို့ ထင်ရင် ဒီလိုဆက်လုပ်ဖို့ တွန်းအားဖြစ်စေတာပေါ့

ဒါပေမယ့် ဒီလောက်နဲ့ မပြီးသေးပါဘူး။ ကျောင်းသား နောက်တစ်သုတ်ကို ထပ်စမ်းပါတယ်။ ဒီတစ်ခါတော့ လက်စားချေချင်ရင် ချေလို့ရအောင်လို့ ပြင်ပေးထားပါသေးတယ်။ Feedback မှာ “တော်တော်ညံ့တာပဲ” လို့ ရထားတဲ့လူတွေကို အခုတစ်ခါ ၂ဖွဲ့ခွဲလိုက်ပါတယ်။ ၁ဖွဲ့ကို သဲအိတ်ထိုးခိုင်းပြီး နောက်တစ်ဖွဲ့ကို ဒီတိုင်းထိုင်စောင့်ခိုင်းပါတယ်။

ကိုယ့်ကို Grade လုပ်တဲ့ကျောင်းသားနဲ့ ပြန်ပြိုင်ခိုင်းပါတယ်။ မီးလင်းလာရင် ခလုတ်ကို အမြန်ဆုံးနှိပ်ဖို့ပါ။ ကိုယ်က အမြန်ဆုံးနှိပ်နိုင်ရင် တစ်ဖက်လူကို နားငြီးတဲ့အသံကြီးနဲ့ နှိပ်စက်မှာပါ။ အသံအတိုးအကျယ်ကို Level 0 to 10 ကိုယ့်ဘာသာရွေးချယ်နိုင်ပါတယ်။ Level 10 ဟာ 105 Decibel ရှိပါတယ်… ဘေးနားမှာ ဒရမ်လာတီးနေသလောက်ကို နားငြီးပါတယ်။ (ဒီလိုဆိုရင်တော့ ဆော်ပြီလေ…)

သဲအိတ်ထိုးတဲ့ကောင်တွေက 8.5 Decibel အထိတိုးပြီး တစ်ဖက်လူကို နှိပ်စက်ကြပါတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေရတဲ့သူတွေက 2.5 Decibel လောက်ထိပဲတိုးကြပါတယ်။
တွေးလို့ရတာက ဒေါသကို Vent လုပ်တာဟာ တကယ်သာကောင်းတယ်ဆိုရင် ခုလိုမျိုး လက်စားချေဖို့ ရွေးကြမှာမဟုတ်ပါဘူး။ ဒါ့အပြင် ထိုင်စောင့်လိုက်ရတဲ့လူတွေဟာ ဒေါသပြေသွားတဲ့အတွက် သူတို့ကို ညံ့တယ်လို့ Grade လုပ်ထားတဲ့သူကို ဒုက္ခမပေးတော့တာပါ။

ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး။ စမ်းသပ်မှုကို နည်းနည်းလေး ထပ်ပြီး ကွန့်ပါသေးတယ်။ သဲအိတ်ထိုးတဲ့ကောင်တွေကို ထမင်းစားခန်းထဲခေါ်ပြီး Sauce ပေးတဲ့အခါ ဒီကောင်တွေက အများကြီး ညှစ်ပြီးယူသွားတယ်လို့ဆိုတယ်။ ဒါ့အပြင် Ch _ _ e ဆိုတဲ့စာကို ဖြည့်ခိုင်းတဲ့အခါ သူတို့က Choke (လည်ပင်းညှစ်) တာကို ပိုဖြည့်ကြပြီး ထိုင်စောင့်ရတဲ့ကောင်တွေက Chase ဆိုတာမျိုးပဲ ဖြည့်ကြတယ်လို့ ဆိုတယ်။ (တော်တော်ဒေါင့်စေ့အောင် စမ်းသပ်ထားတာပါ…)

ဒီလိုမျိုးကို အကြိမ်ကြိမ်လူပေါင်းများစွာနဲ့ စမ်းသပ်ခဲ့ပေမယ့် အဖြေကတော့ မပြောင်းပါဘူး။ ဒါကြောင့် ဒေါသထွက်ရင် ဖောက်ခွဲပစ်လိုက်တာ ကောင်းတယ်ဆိုပြီး လက်ခံထားရင် အဲ့ဒါကို ပိုလုပ်မိတတ်တယ်။ ဒါပေမယ့် ဒီလိုလုပ်လို့ ဒေါသပြေမသွားဘဲ ကိုယ်ပဲ စိတ်ကြမ်းလူကြမ်းဖြစ်လာစေတယ်။

ဒေါသကို Vent လုပ်တာဟာ ဆေးသုံးသလိုပဲလို့ဆိုတယ်။ အမြဲတမ်းလုပ်မိနေတဲ့အခါ လူက စွဲလမ်းသွားတတ်တယ်။ ဥပမာ ကိစ္စတစ်ခုကို မှားတယ်ဆိုပြီး အထောက်အထားမခိုင်လုံဘဲ လာပြောတဲ့လူတစ်ယောက်ကို ကိုယ်က အချက်အလက်အထောက်အထားနဲ့ ရှင်းပြတဲ့အခါ ဖြစ်တဲ့ခံစားချက်မျိုးပေါ့။ (စဆရကတွေကို စဆရက ပြန်လုပ်ရလွန်းလို့ ဒီခံစားချက်ကို တော်တော်ရင်းနှီးနေပြီ)

မဟုတ်တမ်းတရားတွေလာပြောပြီး သူခိုးကလူပြန်ဟစ်တဲ့စကားတွေပြောလို့ ဒေါသထွက်ပေမယ့် သူတို့ဘယ်လောက်မှားနေကြောင်း ဒေါသနဲ့ပြောလိုက်ရတဲ့အခါ စိတ်ကျေနပ်တဲ့ခံစားမှုလေး တစ်ခုကျန်ခဲ့တယ်။
ဒါကြောင့် ဒေါသဟာ စွဲလမ်းမှုကိုဖြစ်စေတယ်ဆိုတာကို မငြင်းချင်ပါဘူး။

အသေးအဖွဲ အဆင်မပြေတာလေးတွေကိုတောင် လူတိုင်း ဒေါသထွက်တတ်ပါတယ်။ ဒီအဆင့်ရောက်လာရင် ဒေါသခေါ်တဲ့နောက်ကို လိုက်သွားမလား…၊ စိတ်ငြိမ်အောင် ခဏတဖြုတ်လောက် လုပ်မလားဆိုတာ ကိုယ့်အပေါ်ပဲမူတည်ပါတယ်။
ဒေါသနောက်လိုက်သွားရင်တော့ စိတ်တိုလိုက်… တစ်ခုခုကို ထိုးလိုက်…၊ ဒေါသထွက်လာလိုက်… ခေါင်းအုံးထဲကို ကုန်းအော်လိုက်… နဲ့ ကိုယ်ဟာ ဒေါသကြီးတဲ့သူအဖြစ် လူတွေကြားမှာ နာမည်ရသွားမှာပါ။

ဒါကြောင့် ဒေါသထွက်လာရင် စိတ်ငြိမ်အောင် လုပ်ပါ။ ဒေါသထွက်စေတဲ့ကိစ္စကို ခဏလောက် မစဉ်းစားပါနဲ့။ ချက်ချင်းမတုံ့ပြန်ပါနဲ့။
ဒီလိုလုပ်တာဟာ ရှောင်ပြေးတာမဟုတ်ပါဘူး။ ဒေါသတွေပါနေရင် ဦးနှောက်က Rational ဖြစ်ဖို့ခက်ခဲလို့ပါ။

ဒေါသထွက်လိုက်ရတာ ကောင်းပေမယ့် နောက်ဆက်တွေက မကောင်းတာမို့ အတတ်နိုင်ဆုံးရှောင်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started