သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်

မြန်မာနိုင်ငံမှာ အနီ၊ အစိမ်းပြဿနာ ရှိခဲ့တာ ကြာခဲ့ပါပြီ။ ခုဆိုရင် အပြာပါ ထပ်တိုးလာပါတယ်။ ဒါပေမယ့် အပြာက သက်တမ်းနုသေးလို့ သူ့ကို ခဏဖယ်ထားလိုက်ပါမယ်။
အနီတွေက အစိမ်းတွေကို ပထွေးအားပေးအနေနဲ့ မြင်ကြပါတယ်။ ဒီလောက် ယုတ်မာရိုင်းစိုင်းနေတာကို ဘာလို့များ အစိမ်းကို ထောက်ခံနေရသလဲဆိုပါတော့…။
အစိမ်းတွေကလည်း အစိမ်းကိုကြိုက်တာမှာ သူတို့ Reason တွေနဲ့သူရှိကြပါတယ်။ (Rational ဖြစ်မဖြစ်ကိုတော့ မပြောချင်ပါဘူး)

သူတို့ကလည်း အနီတွေကို အများယောင်လို့လိုက်ယောင်တယ်၊ ပိန်းတယ်၊ မိန်းမနောက်လိုက်တယ် (ဒါကတော့ Misogynistic ဖြစ်ပါတယ်) စသဖြင့် မြင်ကြပါတယ်။ ဘာလို့များ အနီကိုထောက်ခံနေလဲဆိုပြီး တွေးကြမှာပါ။ အနီတွေကိုလည်း အနီကြိုက်ရခြင်းအကြောင်းမေးကြည့်ရင် တစ်ထောင့်တစ်ညပုံပြင်တွေလို ပြောပြနိုင်ကြပါလိမ့်မယ်။

ဒီတော့ ၂ဖက်လုံးဟာ အခြားတစ်ဖက်က တော်တော်ပိန်းတယ်လို့ ထင်ကြပါတယ်။ လမ်းမှားကို ပို့ဖို့လွယ်လိုက်တာကွာ… ယုံလွယ်လိုက်တာကွာ… ဆိုပြီး မယုံနိုင်လောက်အောင် ဖြစ်နေတတ်ကြတယ်။ ဒီနေရာမှာ ဘယ်ဟာက မှန်တယ်၊ မှားတယ်ဆိုတာမျိုး ထည့်မပြောဘဲနဲ့ နှစ်ဖက်လုံးကလူတွေရဲ့ ခေါင်းထဲက အတွေးကို ပြောချင်ပါတယ်။ ဒါကြောင့် အရောင်စွဲရှိရင်ခဏလေး မေ့ထားပေးပါ။

လူတွေက သူတို့ကိုယ်သူတို့ နိုင်ငံရေးသမားတွေ လှိမ့်တိုင်း မလိမ့်တတ်ဘူး၊ အညာခံရဖို့ မရှိဘူး၊ ဒီလိုကိစ္စတွေကို Susceptible မဖြစ်ဘူး စသဖြင့် ထင်ထားတတ်ကြတယ်။ ဒါပေမယ့် တခြားလူတွေမှာတော့ ဒီလိုဖြစ်နိုင်တယ်လို့ မြင်တယ်။
ဥပမာ ဆေးလိပ်မသောက်ဖို့ ပြောတဲ့ဆရာဝန်ဟာ သူကိုယ်တိုင်တော့ သောက်ချင်သောက်မိနေလိမ့်မယ်၊ သူ့ရဲ့ Excuse က ငါဖြတ်ချင်ရင် လွယ်လွယ်နဲ့ဖြတ်လို့ရတယ်။ သူများတွေကတော့ ဖြတ်ဖို့လွယ်မှာမဟုတ်ဘူး ဆိုတာမျိုး…။

ကြမ်းတမ်းတဲ့ ဂိမ်း (Violent Video Games) တွေ ကစားတဲ့အခါ စိတ်ကြမ်းလူကြမ်းဖြစ်လာလိမ့်မယ် ဆိုပြီး အရင်တစ်ခေတ်က ပြောခဲ့ဖူးတာ မှတ်မိကြဦးမှာပါ။ အဲ့တုန်းက PS2 ဆိုင်တွေမှာ GTA ဆော့ကြတာများတော့ လူကြီးတွေက သတိပေးကြတာပါ။
နိုင်ငံခြားမှာလည်း ဒီပြဿနာ အကြီးအကျယ်တက်ပါတယ်။ အဲ့တော့ သူတို့ကိုင်ပေါက်ကြတာက “ကလေးတွေ စိတ်ကြမ်းလူကြမ်းတွေ ဖြစ်ကုန်မယ်… ဒါကြောင့် ဒီ Game ကို Censor လုပ်သင့်တယ်” ဆိုတာပါ။ (ခုတော့ ဒါဟာ မဟုတ်မှန်း လေ့လာမှုတွေအရ ဆိုပါတယ်)
ပြောချင်တာက စိတ်နုတဲ့ကလေးတွေ ဒုက္ခရောက်လိမ့်မယ်၊ ငါတို့တော့မပါဘူး ဆိုပါတော့။

ဒါကြောင့် ကိစ္စတစ်ခုကို Warning ထုတ်စေချင်တဲ့အခါ လူတွေက သူတို့ကိုသက်ရောက်လို့မဟုတ်ဘဲ တခြားလူတွေဒုက္ခရောက်မှာ ကြောက်လို့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပဲ ပြောတတ်ကြပါတယ်။ ဒါကို Third Person Effect လို့ခေါ်တယ်။
ကိုယ့်ကို လွယ်လွယ်နဲ့လှည့်စားလို့မရဘူး၊ စိတ်ကြမ်းလူကြမ်းဖြစ်အောင် လုပ်လို့မရဘူး။ ဒါပေမယ့် သူများတွေကတော့_____ ဆိုတဲ့သဘောမျိုးပါ။

ဥပမာ တစ်ခုနဲ့ပြောချင်ပါတယ်။ Facebook ပေါ်မှာ မတည့်တဲ့အဖွဲ့နှစ်ဖွဲ့ရန်ဖြစ်ကြတယ်ဆိုပါတော့…။ Kpop ဖြစ်ဖြစ်၊ Marvel Vs DC ဖြစ်ဖြစ်၊ အနီနဲ့အစိမ်းဖြစ်ဖြစ် တစ်ခုခုပေါ့။
အဲ့ဒီအခါမှာ ဟိုဘက်အဖွဲ့ကပြောနေတာတွေဟာ မမှန်ဘူး… ဒါကြောင့် ဒီကိစ္စကို ချေချေမြစ်မြစ် မသိသေးတဲ့လူတွေ ဝိဝါဒကွဲပြားကုန်နိုင်တယ်… ဒီအတွက် သူတို့ကို Ban သင့်တယ်လို့ တွေးမိကြမှာပါ။ ဟိုဘက်အဖွဲ့ကလည်း ဒီအတိုင်းပဲ တွေးနေကြမှာပါ။
ဒါဟာ မှန်ခြင်း၊ မှားခြင်း လေ့လာထားတာ မရှိနေဘဲ Personal Preference တွေကို ငြင်းခုန်နေကြတာဖြစ်တယ်။

လေ့လာမှုတွေအရတော့ လူအများစုဟာ လူအများစုနဲ့မတူဘူးလို့ သူတို့ကိုယ်သူတို့ ထင်ကြတယ်။ ကိုယ့်ကိုကိုယ် ဒီလိုထင်တဲ့အခါ Facebook ပေါ်မှာ တွေ့နေရတဲ့ အလိမ်အညာဇာတ်လမ်းတွေဟာ တခြားလူတွေအတွက် ဖြစ်ရမယ်လို့ တထစ်ချကောက်ချက်စွဲလိုက်တာပါပဲ။

ရယ်စရာကောင်းတာက False Information တွေကို မရှယ်ကြပါနဲ့ ပြောတဲ့သူတွေဟာ သူတို့ကိုယ်တိုင်ပဲ သူတို့နားမလည်တဲ့ နယ်ပယ်တစ်ခုက False Information တွေကို Share နေမိတတ်တယ်ဆိုတာပါ။
ဒါဟာ မသိလို့ Share တာပဲလို့ Excuse ပေးလို့ရပေမယ့် သူတို့ကိုယ်တိုင် အမှားတွေမရှယ်ဖို့ ပြောထားခဲ့တော့ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဘာသာ Contradict လုပ်လိုက်သလိုပါပဲ။

Third Person Effect က တစ်ဖက်အဖွဲ့ကို သဘောမကျရင်ဖြစ်ဖြစ်၊ ကိုယ်စိတ်မဝင်စားတဲ့ကိစ္စတစ်ခု အကြောင်းပဲဖြစ်ဖြစ် ပုံမှန်ထက် ပိုများတတ်တယ်။
ဒါပေမယ့် ဒါကို နေရာတကာမှာ အသုံးချလို့ရတာမျိုးတော့ မဟုတ်ပါဘူး။
Third Person Effect ကိုသေချာရှင်းအောင်ပြောရရင် အကုန်လုံးဟာ အတူတူနဲ့အနူနူပေမယ့် တစ်လုံးပိုရှုချင်ကြတဲ့ သူတွေလိုပါပဲ။
ဒီ Effect ကို နိုင်ငံရေးမှာ တွေ့ရများပါတယ်။

Censorship လုပ်စေချင်တာလည်း ဒီသဘောတွေပါပါတယ်။ မဘသ ဘုန်းကြီးတွေ အမျိုးဘာသာ သာသနာစောင့်ရှောက်မယ်ဆိုပြီး ဘာသာခြားတွေကို ကိုယ်ထိလက်ရောက်နှိပ်ကွပ် စော်ကားတတ်ကြပါတယ်။ သူတို့ရဲ့ Excuse ကတော့ တခြားဘာသာတွေ မြန်မာပြည်မှာ ပြန့်ကျဲကုန်မယ်… ဗုဒ္ဓဘာသာပျောက်သွားမယ်… တဲ့။
သူတို့စားပေါက်ပျောက်သွားမှာ ကြောက်တာမဟုတ်ဘူးနော်… ဘာသာခြားတွေကြောင့် ဗုဒ္ဓဘာသာကွယ်ပျောက်သွားမှာ ကြောက်တာ…။

တကယ်သာ ဗုဒ္ဓဘာသာပျောက်မှာကြောက်ရင် ခရစ်ယာန်သာသနာပြုတွေလို တောင်တန်းဒေသတွေထိ ဒုက္ခခံသွားနေပြီး သာသနာပြုလို့ရပါတယ်။ အဲ့လိုမလုပ်နိုင်ရင်တောင် ဗုဒ္ဓဘာသာပြန့်ပွားရေးကို စွမ်းစွမ်းတမံ အားထုတ်လို့ရပါတယ်။ ဘာသာခြားတွေကို စော်ကားတာဟာ သာသနာကို စောင့်ရှောက်တာပါဆိုတဲ့ အမြင်မျိုးကတော့ ဘယ်ပေတံနဲ့တိုင်းတိုင်း လွဲပါတယ်။ ဒါလည်း Thrid Person Effect ပါပဲ။

ဒါကြောင့် ကိုယ့်အနေနဲ့ တစ်ဖက်လူပြောတာတွေကို ပိတ်ပင်သင့်တယ်လို့ တွေးမိတဲ့အခါ သေချာပြန်စဉ်းစားပါ။ ကိုယ့်ရဲ့အကျိုးစီးပွားတစ်ခုခု၊ ယုံကြည်မှုတစ်ခုခုနဲ့ ဆန့်ကျင်နေလို့များ ကိုယ်က သူပြောတာကို ပိတ်ပင်စေချင်တာလား ဆိုတာ ပြန်သုံးသပ်ပါ။
သူပြောနေတဲ့စကားတွေကို ထောက်ပံ့နေတဲ့ အထောက်အထား ဘာတွေရှိလဲ ဆိုတာ ကြည့်ပါ။
အဲ့ဒါနဲ့ တစ်ခုမှ မငြိရင်တော့ သူပြောတာကို ကိုယ်ဆန့်ကျင်ရခြင်းသည် Rational ဖြစ်တယ်လို့ ယေဘုယျတွေးနိုင်ပါတယ်။ တစ်ခုခုနဲ့ ငြိနေရင်တော့ Third Person Effect ကြောင့်ဖြစ်နေနိုင်ပါတယ်။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started