ကိုဗစ်ရောဂါကြီးအခြေအနေဆိုးတဲ့ဒီကာလမှာ ရောဂါကူးစက်ခံရသူတွေပဲ ဒုက္ခရောက်တာမဟုတ်ပါ။
ရောဂါမကူးသေးတဲ့ မိသားစုတွေကလဲ ဝယ်စရာခြမ်းစရာ အကုန်ပြတ်လပ်ကုန်တဲ့ ဒုက္ခလှလှကိုကြုံနေရပါတယ်။
ဆေးဝါးတွေရှာဝယ်ရခက်လာတယ်။ စျေးတွေလဲကြီးလာတယ်။ စားစရာကုန်ပစ္စည်းတွေလဲ စျေးတက်ကုန်ပြီး ကြက်ဥတောင်ရှာရခက်လာပါတယ်။

ဒီလိုဖြစ်ရခြင်းမှာ လူတွေရဲ့ Panic buying (လိုလို၊ မလိုလို အလုအယက်ဝယ်ယူခြင်း) က အဓိကတရားခံဖြစ်ပါတယ်။

ဘာလို့ လူတွေက တခုခုဆို panic buying လုပ်ကြတာလဲ?
Panic buying ရဲ့နောက်ကွယ်မှာ psychology သဘောတရားတွေအများကြီး ကြိုးကိုင်ထားပါတယ်။

အရေးအကြီးဆုံးအကြောင်းကတော့ Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်စိတ်ကြောင့်ပါ။ ဒီကာလကြီး ဘယ်လောက်ဆိုးမယ်၊ ဘယ်လောက်ကြာဦးမယ် ဘယ်သူမှသေချာမသိပါဘူး။
လူတွေက မသိခြင်းတရား နဲ့ မသေချာခြင်းတွေကို အလွန်ကြောက်ပါတယ်။
(Fear of the unknown and uncertainty) လူတွေရဲ့စိတ်ထဲမှာ အနာဂတ်ကဝေဝါးလာပါတယ်။
ဘာတွေဆက်ဖြစ်ဦးမှာလဲ… ဘာတွေလုပ်ရတော့မှာလဲ ဆိုပြီး တနေ့တနေ့ စိုးရိမ်သောကတွေများများလာပါတယ်။
အဲ့လိုနဲ့ ဒီကာလကြီးကို မြန်မြန်ပြီးဆုံးစေချင်လာပါတယ်။
သို့သော် ဒီကာလကြီးကို ကိုယ်ကထိန်းချုပ်လို့မရ… ကိုယ်ထိန်းချုပ်လို့ရတာ ကိုယ်ပဲရှိတယ်။
ငါလဲ ဘာမှလုပ်လို့မရပါလား…
ငါထိုင်နေလဲမထူးဘူး…
တခုခုထလုပ်ချင်တယ်…
တခုခုထလုပ်လိုက်တော့မယ်… ဆိုပြီး တခုခုကိုရှာလုပ်ဖို့တွေးလာပါတော့တယ်။
လူတွေကြောက်ကြောက်လန့်လန့်နဲ့ ထလုပ်လိုက်တဲ့အရာကတော့ panic buying ဖြစ်နေတော့တာပါပဲ။

သဘာဝဘေးအန္တရာယ် (disaster) တခုခုကြုံလာရတော့မယ်ဆိုရင် လူတွေက စိုးရိမ်ပြီး ပြင်ဆင်လေ့ရှိပါတယ်။
အဲ့တာကို Disaster preparation (ဘေးရန်အတွက်ပြင်ဆင်ခြင်း)လို့ခေါ်ပါတယ်။ တခုခုဆို ကြိုပြင်တတ်တဲ့အကျင့်က ကျနော်တို့အသွေးအသား ဗီဇထဲမှာကိုက အကျင့်ပါနေတာပါ။

ဆောင်းခိုတတ်တဲ့တိရစ္ဆာန်တွေဆိုရင် ဆောင်းမရောက်ခင် အစာတွေကြိုရှာထားတာ၊ အသိုက်တွေကြိုဆောက်ထားတာတွေက survival အတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။
လူတွေရဲ့အသိစိတ်မှာလဲ တခုခုဆိုကြိုပြင်ဆင်ဖို့ လှုံဆော်ထားတဲ့အရာတွေရှိပါတယ်။
ငယ်ငယ်ကတည်းက ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ဆိုပြီး အသင်ခံရပါတယ်။
မသိစိတ်ထဲမှာ ကြိုစုတတ် ကြိုပြင်ဆင်တတ်အောင်ကို အသင်ခံခဲ့ရတာပါ။
ဒီလို Disaster preparation နဲ့ Panic buying က မတူပါဘူး။

မိသားစုလေးယောက်ရှိတယ်။ ၂ပတ်စာ lock down ကာလအတွက် လိုသလောက်ဝယ်ထားတယ်။
ဒါက disaster preparation ပါ။ သဘာဝလဲကျပါတယ်။
Panic buying ကကျအဲ့လိုမဟုတ်ပါဘူး။
နေတာကတယောက်ထဲ…လူပျိုကြီး..။
Lockdown ကာလ ၂ပတ်အတွက် ဝယ်ထားတာက
ကြက်ဥကတ် ၅၀၀၊ ဆီ ၁၀ ပိဿာ၊ ဆန်အိတ် ၃အိတ်၊ ဆေးက သေတ္တာ ၅လုံးအပြည့်၊ mask က ဘူး ၅၀၊ ဓာတ်ဆားထုပ် ၂၀၀ ဝယ်ထားတာတော့ အတော်လေးလွန်လွန်းတဲ့ panic buying ဖြစ်နေပါတယ်။

လိုတာထက်ကို ပိုလျှံအောင် ဝယ်ပြီးစုနေတာ၊ လိုမှန်းမလိုမှန်းမသိဘဲ ဇွတ်ဝယ်နေတာတွေကသာ panic buying ပါ။

Disaster preparation ကအကျိုးရှိပေမယ့် Panic buying ကတော့ လူတွေကိုအကုန်ဒုက္ခရောက်စေတာပါ။
ဘယ်ကနေဘယ်လိုစလိုက်မှန်းလဲမသိရဘဲ ထိန်းချုပ်ရတာလဲအလွန်ခက်ခဲတာ painc buying ဖြစ်ပါတယ်။
Panic buying လုပ်လိုက်တော့
- တကယ်လိုတဲ့သူတွေကမရတော့ဘူး။
(ဥပမာ နေကောင်းနေတဲ့မိသားစုက mask တွေ အထုပ်လိုက် ဘူးလိုက်ဝယ်စုနေတော့ တကယ်အလုပ်လုပ်နေတဲ့ ဆရာဝန်တွေ mask တပ်ဖို့မရှိတော့တာ) - ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ဘဲ စျေးတွေအဆမတန်ကြီးလာတာ။ (ကြက်ဥ တလုံး ၁၀၀ ကနေ ၁၀၀၀လောက်အထိတက်သွားတာ)
- အလျင်စလိုထပ်ထုတ်လုပ်ရတဲ့အခါ စက်ရုံကနေ အရည်အသွေးမကောင်းတဲ့ပစ္စည်းတွေ စျေးကွက်ထဲရောက်လာတာ၊ မှောင်ခိုလမ်းကနေ အတုတွေဝင်လာတာ။
- ဝယ်စုထားတဲ့သူတွေမှာလဲ ပိုလျှံပြီး စားစရာတွေ ဒိတ်လွန်ကုန်တာ၊ ပုပ်သိုးကုန်တာ ၊ အလကားလွှင့်ပစ်လိုက်ရတာ စတဲ့ဆိုးကျိုးတွေအများကြီးပဲရလာပါတယ်။
ကိုဗစ် ပထမလှိုင်းကထဲက တကမ္ဘာလုံးမှာ panic buying တွေဖြစ်နေတာမို့ နိုင်ငံခြားက export ဝင်တဲ့ပစ္စည်းတွေကလဲ စျေးကြီးလာပါတယ်။
သူလိုကိုယ်လို တကမ္ဘာလုံးလိုနေတဲ့အချိန်ဖြစ်လေတော့ panic buying က ကိုဗစ်ထက်ပိုကြောက်စရာကောင်းနေပါတယ်။

Panic buying ကို Snowball effect လို့လဲတင်စားကြပါတယ်။

နှင်းတွေပြည့်နေတဲ့ နေရာတခုကိုမြင်ယောင်ကြည့်လိုက်ပါ။
အဲ့အချိန်မှာ နှင်းပြင်ကြီးပေါ်မှာ ရေစက်ကလေးတစက်ချလိုက်ရင် အဲ့ရေစက်ကလေးက လှိမ့်ဆင်းလာရင်း နှင်းတွေကပ်ကပ်ပြီး နှင်းလုံးသေးသေးလေးဖြစ်လာပါတယ်။ တဖြေးဖြေး ဆက်လှိမ့်လာရင်းနဲ့ နှင်းတွေထပ်ထပ်ကပ်ပြီး နှင်းလုံးအလတ်စားလေးဖြစ်လာပါတယ်။ နှင်းလုံးကတဖြေးဖြေးအရှိန်ရလာပြီး အရွယ်အစားကြီးကြီးလာကာ နောက်ဆုံးဘယ်လိုမှထိန်းလို့မရတော့ဘဲ ဆက်တိုက်ကြီး ကြီးလာရင်း
အားလုံးဒုက္ခရောက်ကြရပါတော့တယ်။

Panic buying ကလဲအဲ့လိုပါပဲ။
တယောက်စ နှစ်ယောက်စ ကြောက်လို့စဝယ်ရင်းနဲ့ တဖြေးဖြေးသတင်းတွေပြန့်လာပြီး ပိုပိုဆိုးလာကာ
လူတိုင်းလိုလိုဝယ်ကြရပါတော့တယ်။

Panic buying နောက်ကွယ်က နောက်ထပ် psychology တခုက emotional contagion ဖြစ်ပါတယ်။
စိတ်ခံစားချက် ကူးစက်ခြင်းလို့ ဘာသာပြန်ကြည့်ပါမယ်။
လူတွေက တယောက်ယောက်လုပ်နေတာမြင်ရင် အလိုလိုလိုက်လုပ်ချင်လာပါတယ်။
သူများသမ်းတာတွေ့ရင် လိုက်သမ်းချင်လာသလိုပေါ့။
သင်က ကုန်စုံဆိုင်မှာ ကြက်ဥဝယ်ဖို့သွားတယ်ဆိုပါတော့။
ကြက်ဥဝယ်နေရင်း ဘေးကအဒေါ်ကြီးက ဆီဝယ်နေတာမြင်မိမယ်။
အဲ့ကျမှ… သြော်… အိမ်မှာလဲ ဆီနည်းနေပြီ… တဘူးလောက်ထပ်ဝယ်ထားတာမမှားပါဘူးဆိုပြီး ဆီပါထပ်ဝယ်မိမယ်။

ဆီဝယ်နေတုန်း နောက်ကောင်လေးတယောက်က mask လာဝယ်တာတွေ့ပြန်တယ်။
အဲ့မှာ… ငါလဲ mask မဝယ်ရသေးဘူးလို့တွေးပြီး Mask လိုက်ဝယ်ပြန်တယ်။း
ဆိုင်ရှင်ကသာ mask တွေစျေးတက်နေတယ်… mask တွေရှားနေလို့လို့သာ ပြောကြည့်ပါလား။ သင့်ဆီကို ပူပန်စိတ်ကလေးဝင်လာပါတော့တယ်။
ဟာ… ပစ္စည်းပြတ်နေပြီဆိုပဲ… အိမ်ကလူတွေအတွက်ပါ များများဝယ်သွားဦးမှလို့ အတွေးပေါက်လာမှာပါ။
အဲ့တာနဲ့ ကြက်ဥသွားဝယ်တဲ့သူက အိမ်ပြန်လာတော့ ကြက်ဥအပြင် ဆီဘူးတဘူး၊ mask ၅ဘူးအပိုထပ်ဝယ်လာမိပါတော့တယ်။

ဒီလိုနဲ့ စိတ်ခံစားချက်တွေကူးစက်ပြီး သူများလုပ်တာလိုက်လုပ်မိရင်း panic buying ကပိုပိုဆိုးလာရတာပါ။
ဒါတောင် သာဓက ခပ်သေးသေးတခုပဲရှိပါသေးတယ်။ မိမိကိုယ်တိုင်တောင် မသိလိုက်ဘဲ panic buying လုပ်မိနေတာဖြစ်ပါတယ်။
နောက်တပိုင်းမှာ ဆက်ရေးသွားမှာဖြစ်လို့ ဆက်ဖတ်ပေးကြပါဦး။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။