ဦးနှောက်ကို မယုံဖို့အခါခါရေးခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ မှတ်ဉာဏ်တွေကိုရော ယုံလို့ရလားဆိုတာ ရေးချင်ပါတယ်။
ခုချိန်မှာ ကိုယ့်ရဲ့ငယ်ဘဝကို စဉ်းစားလိုက်ရင် မှတ်မိတယ်လို့ ထင်စရာရှိပါတယ်။ အရာရာဟာ အစဉ်အတိုင်းပဲ ဖြစ်နေတယ်လို့ တွေးမိမှာပါ။ သူငယ်တန်းမှာ စပြီး ရင်ခုန်တတ်တယ်၊ ၁ တန်းတုန်းက ချော်လဲပြီး ခေါင်းပေါက်သွားတယ်၊ ၇ တန်းမှာ ဆရာမနဲ့ ပြဿနာအကြီးအကျယ်တက်ဖူးတယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒါတွေဟာ တကယ်မှန်ကန်လားဆိုတာ ပြောရခက်ပါတယ်။

ကိစ္စတစ်ခုကို ကိုယ်ထင်တဲ့ Version နဲ့ သူငယ်ချင်းတွေထင်တဲ့ Version ၂မျိုး သိသိသာသာ ကွဲလွဲနေတယ်လို့ ကျွန်တော်တို့ကို လာပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့တွေရဲ့ မှတ်ဉာဏ်ကိုလာပြီး Challenge လုပ်မယ့်သူမရှိမရင် ဒါတွေကို မှန်တယ်လို့ပဲ တွေးမိနေမှာပါ။ တကယ်မှန်နေလား၊ မှားနေလားဆိုတာ သိနိုင်ဖို့တော့ ခက်ခဲပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ စမ်းသပ်လို့ရတာက မှတ်ဉာဏ်ကို ယုံကြည်လို့ရလားဆိုတာပါ။ ဒီတော့ အောက်က စာကိုဖတ်ပြီး ကိုယ့်ဘာသာ စမ်းကြည့်ပေးပါ။ မျက်စိထဲပုံဖော်ကြည့်ပါ။

တံခါး၊ မှန်၊ တံခါးဘောင်၊ အဖီ၊ အမိုး၊ အိမ်၊ ပွင့်သည်၊ လိုက်ကာ၊ ဘောင်၊ မြင်ကွင်း၊ လေညှင်း၊ ခြင်လုံစကာ၊ ပတ္တာ၊ ကလန့်
တစ်ခါ ဖတ်ပြီးပြီဆိုရင် စာရွက်တစ်ရွက်နဲ့ မှတ်မိသလောက် အလွတ်ပြန်ရေးကြည့်ပါ။ ဒါမှမဟုတ် ထပ်မကြည့်ဘဲ အလွတ်ရွတ်ကြည့်ပါ။
ဘယ်နှလုံး မှတ်မိလဲ? ပြူတင်းပေါက်ဆိုတာကို ထည့်ပြောမိ၊ ရေးမိသေးလား? ရေးမိရင်တော့ ကိုယ့်မှတ်ဉာဏ်ဟာ သိပ်မယုံရဘူးလို့ ပြောလို့ရပါတယ်။

ထူးခြားတဲ့စမ်းသပ်မှုတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ လူတွေကို မေးတဲ့စကားလုံး အသုံးအနှုန်းပေါ်မူတည်ပြီး အဖြေအမျိုးမျိုးပြန်ရတာကို စမ်းသပ်ထားတာပါ။ အစမ်းသပ်ခံတွေကို ကားတိုက်တဲ့ Video တွေပြပြီးတော့ အရှိန်ကိုခန့်မှန်းခိုင်းတာပါ။ မေးတဲ့ ကြိယာ (Verb) ပဲ မတူတာပါ။
ကားနှစ်စီး ဝင်ကြုံး (Smashed) တဲ့အချိန်မှာ အရှိန်ဘယ်လောက်နဲ့ ဖြစ်မယ်လို့ ခန့်မှန်းလဲ?
ကားနှစ်စီး ဝင်တိုက် (Collided) တဲ့အချိန်မှာ အရှိန်ဘယ်လောက်နဲ့ ဖြစ်မယ်လို့ ခန့်မှန်းလဲ?
ကားနှစ်စီး ဝင်တိုး (Bumped) တဲ့အချိန်မှာ အရှိန်ဘယ်လောက်နဲ့ ဖြစ်မယ်လို့ ခန့်မှန်းလဲ?
ကားနှစ်စီး တိုက် (Hit) တဲ့အချိန်မှာ အရှိန်ဘယ်လောက်နဲ့ဖြစ်မယ်လို့ ခန့်မှန်းလဲ?
ကားနှစ်စီး ထိသွား (Contact) တဲ့အချိန်မှာ အရှိန်ဘယ်လောက်နဲ့ဖြစ်မယ်လို့ ခန့်မှန်းလဲ?

ကိုယ့်အနေနဲ့ စဉ်းစားကြည့်ရင် ဝင်ကြုံးတယ်ဆိုတာ တော်တော်အားပါတယ်လို့ မြင်မိမှာဖြစ်ပြီး ထိသွားတယ်ဆိုတာ အားလျော့တယ်လို့ တွေးမိမှာပါ။
ဖြေတဲ့သူတွေကလည်း ဝင်ကြုံးတဲ့အခါ လို့မေးလိုက်ရင် အရှိန်ကို ပိုပိုသာသာပြောတတ်ပြီး ထိတွေ့တယ်လို့ မေးတဲ့အခါ အရှိန်ကိုအနှေးဆုံး ပြောတတ်ပါတယ်။ ဘယ်လောက်တောင်ကွာလဲဆိုရင် အဲ့လိုပြောင်းမေးလိုက်တာနဲ့ အဖြေ ၂ခုဟာ တစ်နာရီကို ၉မိုင်နှုန်းလောက် ကွာခြားသွားပါတယ်။
ဒါနဲ့ မှန်တွေကွဲတာရော ပါသေးလားလို့မေးတဲ့အခါ ဝင်ကြုံးတယ်လို့ အမေးခံရတဲ့လူတွေက “မှတ်မိတာပေါ့” လို့ အခြားလူတွေထက် ၂ဆလောက်ပိုပြောတတ်တယ်။ (တကယ်တော့ Video ထဲမှာ မှန်ကွဲတာမပါပါဘူး)
ဒီတော့ လူတွေရဲ့ မှတ်ဉာဏ်ဟာ စကားလုံးတွေအပေါ်လိုက်ပြီး ပြောင်းလဲနေတာပေါ့။

ဒီလိုနည်းနဲ့ပဲ လူတွေရဲ့ အစားအသောက်ရွေးချယ်မှုကို ပြောင်းလဲအောင် စမ်းသပ်ခဲ့ဖူးတယ်။ သူတို့ငယ်ငယ်တုန်းက ဒီအစားအစာကို စားတဲ့အခါမှာ ဘေးဖြစ်ခဲ့ဖူးတယ်လို့ အစမ်းသပ်ခံတွေကို ပြောကြည့်တယ်။ လူတွေရဲ့ ဆေးမှတ်တမ်းတွေက သူတို့ဆီမှာ Digital Version နဲ့ရှိတော့ ပြောလို့ရတာပေါ့။ (တကယ်တော့ ဒါဟာ လံကြုတ်ပါ)
ဒီလိုနဲ့ နောက်အပတ် သူတို့ကိုစမ်းသပ်တဲ့အခါ မတည့်ခဲ့ဖူးလို့ လိမ်ထားတဲ့ မုန့်ကိုကျွေးကြည့်တယ်။ တော်တော်များများက မစားကြတော့ဘူးလို့ ဆိုတယ်။

အစမ်းသပ်ခံတွေကို အမှုတစ်ခု သူတို့ရှေ့မှာ ကျူးလွန်တာကြည့်ခိုင်းပြီး ကျူးလွန်သူကို ပြန်ပြီးရွေးချယ်ခိုင်းတယ်။ ရဲတွေကတော့ ကျူးလွန်တဲ့သူက ဒီအထဲက တစ်ယောက်ပဲလို့ ပြောတယ်။ (တကယ်တော့ ကျူးလွန်တဲ့သူကို ထည့်မထားပါဘူး)
၇၈% က အဲ့ဒီအထဲက တစ်ယောက်ကို ရွေးသွားကြတယ်။ ဒီတော့ အပြစ်မလုပ်ထားတဲ့သူက ထောင်ကျမယ့်ကိန်းစိုက်တာပေါ့။

ဒါကြောင့် မှတ်ဉာဏ်က သိပ်မယုံရပါဘူး။ သူတို့ဆီမှာတော့ ရုံးချိန်းတွေမှာ တရားလိုတင်တဲ့သက်သေတွေဟာ အမှုထွက်ဆိုမှုမလုပ်ရသေးခင်အချိန်ထိ အချင်းချင်းတွေ့ခွင့်မရှိဘူးလို့ ဆိုတယ်။ ဘာလို့လဲဆိုတော့ သူတို့အချင်းချင်း စကားစမြည်ပြောတဲ့အခါ တစ်ယောက်ရဲ့ Version နဲ့ တခြားလူရဲ့ Version ၂ခု ရောထွေးသွားနိုင်လို့ပါ။
ဒါကိုလည်း စမ်းထားပါတယ်။ အစမ်းသပ်ခံတွေကိုခေါ်လာပြီး သရုပ်ဆောင်တွေနဲ့ ၂ယောက်တွဲပေးလိုက်ပါတယ်။ ပြီးတော့ ပစ္စည်းတွေအစုံပါတဲ့ မီးဖိုချောင်ဓာတ်ပုံတွေကို ပြလိုက်ပါတယ်။ ဒါတွေကို မှတ်ထားပြီး နှစ်ယောက်ပေါင်းဖြေဖို့ သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သရုပ်ဆောင်က ပုံထဲမှာ မပါတဲ့ပစ္စည်းတွေကို ဒိုင်လျှိုလေးပြောဖို့ တာဝန်ရှိပါတယ်။
ထင်တဲ့အတိုင်းပါပဲ။ တကယ်လည်းမေးရော သရုပ်ဆောင် Suggest လုပ်တာမှန်သမျှ အစမ်းသပ်ခံတွေက သူတို့ရဲ့မှတ်ဉာဏ်ထဲကို ထည့်ထားလိုက်ပါတယ်။ ဥပမာ Microwave မပါပေမယ့် ဟိုကပြောတော့ မှတ်ထားလိုက်တာမျိုးပါ။ ဒါပေမယ့် မီးဖိုချောင်ထဲမှာ အိမ်သာတစ်လုံးတွေ့တယ်လို့ ပြောရင်တော့ ဘယ်လက်ခံမလဲ။ Subtle ဖြစ်တဲ့ဟာလေးတွေကို ပြောမှ လက်ခံတာပါ။

ဒါဟာ Schema သဘောတရားပါ။ လူတွေက အရာရာတိုင်းအတွက် Schema တွေရှိကြပါတယ်။ ပင်လယ်အောက် ကြမ်းပြင်မှာ ဘာတွေတွေ့မလဲလို့ မေးရင် ကိုယ့်စိတ်ထဲမှာ ပုံဖော်ကြည့်ပြီး ထင်တာကို ပြောကြမှာပါ။ ဒီလိုပုံဖော်နိုင်အောင်လည်း ရုပ်ရှင်တွေ၊ ဝတ္ထုတွေကိုပဲ အခြေခံကြပါတယ်။ (Subnautica ဆိုတဲ့ ဂိမ်းကိုဆော့ဖူးရင် Leviathan တွေရှိမယ်လို့တောင် တွေးမိနိုင်ပါတယ်)

ရှေးခေတ်က ရောမမြို့ဆိုရင်ရော ဘယ်လိုမြင်မလဲ? ကျွန်တော်ကတော့ Assassin’s Creed ဆော့ဖူးလို့ တိုင်လုံးဖြူကြီးတွေ၊ ခမ်းနားတဲ့အဆောက်အအုံကြီးတွေကို မြင်မိပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ရှေးခေတ်ရောမက အဲ့လိုမဟုတ်ပါဘူး။ တိုင်လုံးဖြူကြီးမဟုတ်ဘဲ အရောင်ပေါင်းစုံ လျောက်ခြယ်သထားတာလို့ ဆိုပါတယ်။ ဒီနေ့ခေတ်မျက်စိနဲ့ဆိုရင်တော့ ကြောင်တောင်တောင်ကြီး ဖြစ်နေမှာပါ။
Schema သဘောကြောင့်ပဲ Stereotype ဆိုတာဖြစ်လာတာပါ။ အမေရိကန်မှာတော့ အရှေ့အလယ်ပိုင်းကလာတဲ့ Arab တွေကိုဆို လန့်ကြပါတယ်။ 9/11 ပြီးကတည်းက အကြောက်ရောဂါစွဲကပ်ကုန်တာပါ။ ဒါကို အသုံးပြုပြီး Prank လုပ်ကြတာတောင် ရှိပါတယ်။
Arab လိုဝတ်ထားတဲ့ကောင်က လက်ကိုင်အိတ်ကြီးကို လူအများကြီးရှိတဲ့ကြားထဲထားပြီး ထွက်ပြေးတာပါ။ လူတွေကလည်း Arab ကိုမြင်တော့ လန့်ပြီး ပြေးကြတော့တာပါပဲ။
မြန်မာပြည်မှာလည်း ကုလားဆိုရင် ဘယ်လို… ဆိုတဲ့ Stereotype တစ်ခုရှိခဲ့ဖူးပါတယ်။ ခုမှသာ တော်တော်များများလက်မခံကြတော့လို့ ပျောက်ကွယ်လုနီးနီးဖြစ်သွားတာပါ။

တရုတ်ရိုက်၊ ဖားပြုတ်ကိုက်၊ ခလုတ်တိုက် ဆိုတာဟာလည်း လူတွေရဲ့မှတ်ဉာဏ်ကို မယုံကြည်ရလို့ ပြောကြတဲ့စကားဖြစ်နိုင်ပါတယ်။
Schema တွေဟာ မြန်ပေမယ့် မမှန်ပါဘူး။ လပေါ်ကို သွားရင်တွေ့ရမယ့် အရာ ၁ဝမျိုးဆို စဉ်းစားပြီး ပြောနိုင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်အမြင် (Schema) နဲ့ လက်တွေ့နဲ့အလှမ်းဝေးနေနိုင်ပါတယ်။
မှတ်ဉာဏ်ကမယုံရတာတင် မဟုတ်ပါဘူး။ အမြဲလည်း ပြောင်းလဲနေပါတယ်။ ဥပမာ ကိုယ်က အခုအချိန်မှာ Abortion ကိုထောက်ခံတဲ့သူဖြစ်တယ်ဆိုပါတော့။ အတိတ်မှာ ဒါကို ဆန့်ကျင်ခဲ့ပေမယ့် ခုချိန်မှာ ပြန်တွေးကြည့်ရင် ကိုယ်က ဒီအမြင်ကိုပဲ အမြဲတမ်းလက်ခံခဲ့သယောင် ထင်ရတတ်ပါတယ်။
ဒါ့အပြင် Social Contagion သဘောတရားလည်းရှိပါသေးတယ်။ သရုပ်ဆောင်က လံကြုတ်တွေလျောက်ပြောလို့ ကိုယ့်မှတ်ဉာဏ်ထဲကိုပါ အဲ့ဒီပစ္စည်းတွေပေါင်းထည့်မိလိုက်တာမှတ်မိဦးမှာပါ။
ဒါကြောင့် ကိုယ့်မှတ်ဉာဏ်ရဲ့ ဘယ်လောက်က တကယ်မှန်တာလဲဆိုတာ သိဖို့ခက်ပါတယ်။

တရားခွင်မှာ မျက်မြင်သက်သေတွေတင်တဲ့အခါ သူတို့ပြောတာကို ဆားခတ်ပြီးယုံသင့်ပါတယ်။
နောက်တစ်ခါ အသိမိတ်ဆွေတစ်ယောက်က “ကျွန်မသားကလေ… မှတ်ဉာဏ်အရမ်းကောင်းတာ… ဒါပေမယ့် စာမကြိုးစားဘူး…” လို့ ပြောရင် ဝတ်ကျေတန်းကျေ ခေါင်းငြိမ့်ပြပြီးတော့ အမေရော၊ ကလေးရောကို ပြုံးပြုံးကြီး ကြည့်ပေးလိုက်ပါခင်ဗျာ။

SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။