Lucy ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီအကြောင်းကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့အချစ်တော်မင်းသားကြီး မော်ဂန်ဖရီးမန်းက စကားတခွန်းပြောလိုက်ပါတယ်။

“ဦးနှောက်ရဲ့ ၂၀%” ကိုသုံးလို့ရတယ်လို့ ယူဆလိုက်ကြရအောင်” တဲ့။ ပုံမှန်ဆို ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရတယ်ပေါ့။ ပိုပြီးသာ သုံးလို့ရလာရင်
ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။

ဒါဆို ကျနော်တို့ တကယ်ပဲ ၁၀% သောဦးနှောက်ကိုသာသုံးလို့ရနေတာလား။
လုံးဝ မဟုတ်ပါဘူး။
တကယ်တော့ ကျနော်တို့အားလုံး ဦးနှောက်ရဲ့ ၁၀၀% ကိုသုံးနေကြတာပါ။ ၁၀% ပဲကွက်ပြီး သုံးလို့မရပါဘူး။
ဒါဖြင့်ရင် ဘာလို့ ဒီအယူအဆမှားကြီးက လူတွေကြားထဲမှာ ပြန့်နှံ့နေရတာပါလဲ။ ဒီဂျင်းစကားကြီးကဘယ်ကစတာလဲ၊ ဘယ်သူစပြောတာလဲဆိုတာ သေချာမသိကြပါဘူး။

ဖြစ်နိုင်တာတခုကတော့ ကြော်ငြာတွေက လျှောက်ကြော်ငြာကြရင်း ပြန့်လာတာဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ဦးနှောက်က 1400 ဂရမ် (3 ပေါင်) လောက်လေးပါတယ်။ တကယ်လို့သာ ဦးနှောက်ရဲ့ ၉၀% ကိုဖယ်လိုက်ပြီး ၁၀% ကိုသာချန်ထားရင် 140 ဂရမ် (0.3 ပေါင်) လောက်ပဲလေးပါတယ်။
သိုးတကောင်ရဲ့ ဦးနှောက်အရွယ်လောက်ပဲကျန်တော့မှာပါ။ သေချာတာကတော့ အဲ့လောက်သေးသွားတဲ့ ဦးနှောက်ကလေးနဲ့ ပုံမှန်အလုပ်တွေ လူလိုသူလိုလုပ်လို့မရတာသေချာပါတယ်။

ဦးနှောက်ရဲ့ အစိတ်အပိုင်းခပ်သေးသေးလေးကို ထိသွားရင်တောင်မှ တော်တော်ဆိုးရွားတဲ့ အခြေအနေကိုရောက်သွားတာပါ။ မြင်အောင်ပြောရရင် လေဖြတ်တဲ့လူနာကိုမြင်ယောင်ကြည့်ပါ။
လေဖြတ်တဲ့လူနာဆိုရင် ကိုယ်တခြမ်းသေသွားပြီး စကားပြောရခက်သွားတာကို မြင်ဖူးမှာပါ။ ခန္ဓာကိုယ်မှာအများကြီး ထိခိုက်သွားပေမယ့် ဦးနှောက်ထဲမှာတော့ နေရာတကွက်စာကလေးလောက်ပဲ သွေးမရောက်လို့ ထိခိုက်သွားတာပါ။ အဲ့တာကြောင့် ဦးနှောက်မှာ မလိုတဲ့နေရာ အသုံးမပြုတဲ့နေရာဆိုတာမရှိဘဲ နေရာတိုင်းက အရေးကြီးပါတယ်။
ခေတ်သစ် ဦးနှောက်နဲ့အာရုံကြောပညာရှင်တွေကတော့ ဒီလိုဆိုထားပါတယ်။ “ကျနော်တို့က ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးတာမဟုတ်ပါဘူး။
ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ၁၀% လောက်ပဲ ကျနော်တို့ရှာဖွေ နားလည်သေးတာဖြစ်ပါတယ်” တဲ့။

ဦးနှောက်ရဲ့အလုပ်လုပ်ပုံက ခက်ခဲနက်နဲလွန်းလို့ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အခုထိလေ့လာနေရတုန်းပါပဲ။ ရီစရာအချက်တချက်ပြောပြရရင် ဦးနှောက်က သူ့နာမည်ကိုသူပြန်ပေးထားတဲ့ တခုတည်းသော အင်္ဂါအစိတ်အပိုင်းပါပဲ။

ကျန်တဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့နာမည်တွေကိုလဲ ဦးနှောက်ကပဲနာမည်ပေးထားတာပါ။ ကမ္ဘာကြီးကို Earth လို့ခေါ်ရမယ်လို့ဆိုတာလဲ ဦးနှောက်ကပဲ နာမည်ပေးထားတာပါ။
တယ်လဲ ထူးဆန်းတဲ့ဦးနှောက်ပါပဲ။
ဦးနှောက်စတင်ဖွံ့ဖြိုးတဲ့အချိန်က အမေ့ဗိုက်ထဲကစပြီး အသက် ၂ နှစ်အထိဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဦးနှောက်က ဆက်မကြီးထွားတော့ဘဲ circuit တွေပဲများလာတာပါ။ ဦးနှောက်ထဲက circuit တွေကိုတော့ synapses လို့ခေါ်ပါတယ်။

သင်ကတခုခုသင်ယူလိုက်တယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ circuit တွေများလာမယ်။ synapses တွေများလာပါမယ်။ ဦးနှောက်ကတော့ size ကြီးမလာပါဘူးတဲ့။
သင်က ကားမောင်းသင်မယ်ဆိုရင် ကားမောင်းတတ်အောင်လေ့ကျင့်ရင်းနဲ့ ဦးနှောက်ထဲမှာ circuit တွေပိုများလာပါတယ်။ သင်ကကားမမောင်းတာကြာလို့ နှစ်ပေါင်းများစွာပစ်ထားရင် အဲ့ circuit လေးတွေက ပြန်အားနည်းသွားပြီး မေ့ပျောက်သွားပါတယ်။
ဒါကြောင့် “Use it or Lose it” လို့ဆိုကြပါတယ်။
(ဦးနှောက်ကို သုံးပေးလေလေ ဓားသွေးသလိုပဲထက်လာလေလေဖြစ်ပါတယ်။
မသုံးဘဲထားတာကြာလေလေ သံချေးတက်သလိုပဲ ဦးနှောက်မှာလဲချေးတက်ပြီး မှတ်ဉာဏ်ဆဲလ်တွေသေသွားတတ်ပါတယ်။)

အဲ့တော့ တကယ်လို့သာ ကျနော်တို့ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးနေပြီး ၉၀% ကိုမသုံးဖူးဆိုရင် အလိုလို brain cell တွေသေသွားမှာပါ။ ဦးနှောက်လဲ အခုအရွယ်အစားထက် အများကြီးကျုံ့ဝင်သွားမှာမို့ ၁၀% သုံးတယ်ဆိုတာမမှန်ပါဘူး။ ၁၀၀% အသုံးချလို့ရပါတယ်။
အနားယူနေတဲ့အချိန်တို့၊ အိပ်နေတဲ့အချိန်တို့မှာတော့ brain ရဲ့ ၁၀% လောက်ပဲ active ဖြစ်နေပြီး ၉၀% လောက်ကငြိမ်နေတာဖြစ်နိုင်ပါတယ်။ ငြိမ်နေတယ်ဆိုတိုင်းအလုပ်မလုပ်ဖူးလို့ပြောလို့မရပါ။ ဦးနှောက်က အမြဲလိုလိုလုပ်စရာတွေရှိနေပါတယ်။ မရှိရှိတာကို ရှာကြံတွေးနေမှာပါ။

ဟိုးအရင် ၁၉ရာစုခေတ်ကတော့ brain အကြောင်းသေချာမသိသေးတော့ ကြွက်တွေနဲ့စမ်းသပ်ကြပါတယ်။ ကြွက်ရဲ့ brain ကိုနည်းနည်းစီလှီးထုတ်ပြီး ဘယ်လောက်အထိ ခံနိုင်ရည်ရှိသေးလဲ အလုပ်လုပ်သေးလဲဆိုတာစမ်းခဲ့ကြပါတယ်။
အဲ့တုန်းကတော့ ကြွက်ဦးနှောက်ရဲ့ ၈၀% ကျော်ကိုလှီးထုတ်လိုက်တာတောင် ကြွက်က သင်ယူနိုင်စွမ်းကျမသွားဘူးလို့ ဆိုကြပါတယ်။ ဒါကလဲ ကြွက်ကဘာမှသိပ်လုပ်စရာမရှိတော့ ဦးနှောက်သိပ်မသုံးရတာဖြစ်နိုင်သလို စမ်းသပ်ချက်က တမင်ချဲ့ကားရေးထားတာလဲဖြစ်နိုင်ပါတယ်။

တချို့ကျတော့လဲ ဦးနှောက်ကို လှီးပြီးဆေးဆိုးကြည့်တဲ့အခါ 10% သော brain cell ကိုပဲမြင်ရတယ်… ဒါကြောင့် brain ရဲ့ ၉၀% ကအလုပ်မလုပ်ဘူးလို့ ထင်ခဲ့ကြတာပါ။ အခုခေတ်ကတော့ ဆိုးဆေးတွေ dyeတွေကအဆင့်မြင့်လာပြီး မိုက်ခရိုစကုပ်တွေပါရှိနေပြီဖြစ်လို့ ဒီလိုအဆင့်နိမ့်တဲ့ယူဆချက်တွေကို လက်မခံတော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ဆေးကုမ္ပဏီကြော်ငြာတွေကတော့ ကြော်ငြာမြဲကြော်ငြာနေဆဲပါပဲ။ ဦးနှောက်ရဲ့ ၁၀% ကျော်ကိုသုံးလို့ရချင်ရင် ဒီဆေးကိုသောက်ပါ။ ဒီအစားကိုစားပါ စသဖြင့် ဂျင်းထည့်နေကြတုန်းပါပဲ။

ဦးနှောက်ကို 100%သုံးပြီး
ဂျင်းတွေကို ရှောင်ကွင်းနိုင်ပါစေ။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။