ဟိုတစ်နေ့က လူတွေကိုယ့်ကို ဝိုင်းကြည့်နေတယ်လို့ ကိုယ့်ဘာသာတွေးမိတတ်တဲ့ အကြောင်း ရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာဖတ်ပေးပါ။
“ငါတော့… အရှက်ကွဲတော့မှာပဲ…” နှင့် ခေါင်းထဲက အတွေးများစွာ
https://ouo.io/KqsXbNI
ဒီနေ့ပြောချင်တာက အဲ့ဒီရဲ့အဆက်လို့ ပြောလို့ရပါတယ်။
ကျွန်တော့အတွေ့အကြုံနဲ့ပဲ ပြောပြချင်ပါတယ်။ ဆေးကျောင်းပထမနှစ်ရောက်တဲ့အချိန်မှာ ငယ်ငယ်ကတက်ခဲ့တဲ့ မူလကျောင်းက ဆယ်တန်းမှာ ဂုဏ်ထူးပါတဲ့သူတွေကို ပြန်ခေါ်ပြီး ဆုပေးပါတယ်။ အဲ့ဒီတော့ ကျောင်းကိုပြန်ရောက်သွားတာပေါ့။ ငယ်ငယ်က ပေါင်းခဲ့တဲ့သူတွေနဲ့လည်း အဲ့ကျတော့မှ ပြန်တွေ့ရတယ်။ ကလေးတွေကို ဆုမပေးခင် ကြီးကောင်ကြီးမားတွေကို အရင်ဆုပေးတာပေါ့။ ဆုပေးပြီးရင် ပြီးပြီလို့ ထင်ခဲ့ပေမယ့် ကျွန်တော်နဲ့ခင်တဲ့ ကျောင်းစောင့်ကြီးက ကျွန်တော့အတွက် Surprise ကြီးတစ်ခုစီစဉ်ထားတာကိုတော့ ကြိုမသိခဲ့ပါဘူး။

Surprise ကတော့ ကျေးဇူးတင်စကား စင်ပေါ်တက်ပြောခိုင်းတာပါ။ အဲ့လိုပြောခိုင်းတာကို ဘယ်အချိန်မှသိလဲဆိုတော့ “ကို_____ ကျေးဇူးတင်စကား ပြောကြားပေးဖို့အတွက် စင်မြင့်ပေါ်ကိုကြွပါ” ဆိုပြီး အော်လိုက်မှ သိလိုက်ရတယ်။ မတက်ဘူးလို့ ဇွတ်ငြင်းရင် အရှက်ပိုကွဲမှာဆိုတော့ စင်ပေါ်တက်ပြီးပဲ အရှက်ကွဲခံလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်ထိ ဘာပြောရမလဲ စကားရှာမရသေးဘူး။
စင်ပေါ်ရောက်သွားတဲ့အခါမှာ ရော့… အင့်… ဆိုပြီး မိုက်တစ်လုံးလက်ထဲလာထည့်ပြီး သူက ဆင်းသွားပါတယ်။ စင်ပေါ်မှာ ကျန်ခဲ့တာက ကိုယ်တစ်ယောက်တည်းပါ။ ခန်းမထဲမှာ လူ ငါးရာကျော်လောက်ရှိမယ်ထင်တယ်။ ဆရာမတွေ၊ ကလေးတွေနဲ့ မိဘတွေပေါ့။ ဒါတင်မကသေးဘူး… ပတ်ဝန်းကျင်ကိုလည်း လော်စပီကာအကျယ်ကြီးနဲ့ ပြောသမျှကို လွှင့်ပေးနေသေးတယ်။

ဒီလိုနေရာမျိုးမှာ ပြင်ဆင်မှုလုံးဝမရှိဘဲ တက်ပြောရတော့ ဘူတာပေါ့ဗျာ။ အစပိုင်းမှာ မိုက်ကြီးကိုင်ပြီး ကြောင်နေတာပေါ့။ ကျောင်းစောင့်ကြီးကတော့ ဟိုလိုပြောလိုက်ပါလား… ဒီလိုပြောလိုက်ပါလား… နဲ့ သူဖော်တဲ့ဆေးက ဆေးခါးကြီးဖြစ်မှန်းသိသွားတော့ အောက်ကနေ လှမ်းထောက်ပေးရှာတယ်။

အဲ့ဒီအချိန်မှာ သူတို့တော့ “ငါစောင်တလွဲဖြစ်နေတာကို သိနေလောက်ပြီ” လို့ တွေးမိတယ်။ ပွဲကလည်း ခုမှ စခါစဆိုတော့ Attention ကလည်း မကျကြသေးဘူး။ အဲ့လိုနဲ့ စိတ်ထဲထင်တာတွေကို ဖတ်ထားတဲ့စာတွေနဲ့ လျောက်ရောပြီး ပြောလိုက်တယ်။ ကလေးတွေကတော့ ဒီဘဲ စင်ပေါ်မှာ ကြာလိုက်တာကွာ… လို့တွေးမိကြမှာပါ။ တော်တော်များများက နားမထောင်ကြပါဘူး။

အဓိက နားထောင်တာက ဆရာမတွေနဲ့ မိဘတွေပါ။ နောက်ဆုံးထင်တာတွေလျောက်ပြော၊ ဖတ်ဖူးတဲ့ Motivation စာတွေထဲကဟာတွေ ထည့်ဆိုတော့ ခွေးအ ကြီးလှည်းနင်းသလိုတော့ ဖြစ်မသွားဘူးဆိုပါတော့။ ကိုယ့်စိတ်ထဲမှာတော့ “Perfect မဖြစ်ဘူး၊ စောင်တလွဲကွာ” ဆိုပြီး ဘူနေပေမယ့် အိမ်ပြန်ရောက်တော့ကြားရတဲ့ Feedback တွေက သိပ်မဆိုးလှဘူး။ အိမ်ကလူတွေကတော့ နင်ပြောတာ သိပ်ကောင်းဆိုပြီး ပြောနေကြတယ်တဲ့။ ဒါနဲ့ပဲ “ငါဒီလောက် သောက်တလွဲလုပ်လာတာ သူတို့မမြင်ကြဘူးလား” လို့တွေးမိလိုက်တယ်။ ခုတော့ ဒီသဘောကို နားလည်သွားပါပြီ။
ကိုယ့်ကို Attention အပြည့်ပေးနေကြပါရက်နဲ့ ကိုယ်တလွဲလုပ်တာကို ဘာလို့ မမြင်ကြတာလဲ?
လူတွေက ကိုယ်တွေးသလို ကိုယ့်မျက်နှာမှာ ပေါ်မယ်လို့ထင်တတ်ကြတယ်။ ကိုယ့်ခံစားချက်တွေဟာလည်း တခြားလူတွေမြင်နိုင်လိမ့်မယ်လို့ တရားသေတွက်ထားတတ်တယ်။ ဒါကို Illusion of transparency လို့ခေါ်တယ်။
ကိုယ်ရဲ့အတွေးတွေ၊ ခံစားချက်တွေကို ကိုယ်က သိနေတော့ တခြားသူတွေလည်း သိလိမ့်မယ်လို့ တွေးကြတာမျိုးပါ။

လူတစ်ယောက်ကို Attention ပေးပြီး ကြည့်ဖူးမှာပါ။ ဒီအရွယ်ရောက်နေပြီဆိုတော့ ဖွန်ကြောင်တာက Second Nature ဖြစ်နေလောက်ပါပြီ။ ဖွန်ကြောင်တဲ့အခါ ကောင်မလေး ဘာဖြစ်ချင်နေလဲ၊ ဘယ်လိုခံစားချက်ရှိလဲ ခန့်မှန်းလို့ရလား?
ကိုယ့်အနေနဲ့ အစိမ်းသက်သက်ဆိုရင် တစ်ဖက်လူရဲ့ ကိုယ်နေဟန်ထားကိုကြည့်တာနဲ့ ဘာဖြစ်နေလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာ သိဖို့မလွယ်ပါဘူး။ (ဒီအကြောင်းရေးထားတဲ့ စာအုပ်တွေတော့ ရှိပါတယ်)

ကိုယ့်စိတ်ထဲမှာ သီချင်းတစ်ပုဒ်ကို ဆိုနေရင်း လက်နဲ့ခုံကိုတီးကြည့်ဖူးမှာပါ။ ကိုယ့်စိတ်ထဲမှာတော့ သီချင်းသံကို ကိုယ့်လက်က ပံ့ပိုးနေသလိုပေါ့။ ဒါပေမယ့် အပြင်လူတစ်ယောက်က ကိုယ့်နားလာတဲ့အခါ ဘယ်သီချင်းကို တီးနေမှန်းမသိနိုင်ပါဘူး။ စမ်းသပ်ချက်တွေအရ ကိုယ်တီးနေတဲ့သီချင်းကို ၃% လောက်ပဲ မှန်အောင်ခန့်မှန်းနိုင်ပါတယ်။
ဒီတော့ ကိုယ်ထင်တာနဲ့ လက်တွေ့နဲ့က နည်းနည်းတော့ ဝေးနေတာပေါ့။
ဒါကြောင့် Messenger တို့ Telegram တို့မှာ စကားပြောတဲ့အခါ အထင်အမြင်လွဲတာတွေ ကြုံလာရတတ်တယ်။ လူချင်းတွေ့ရတာမဟုတ်တဲ့အတွက် ကိုယ်ရေးလိုက်တဲ့စာက အတည်လား၊ အပြောင်လားဆိုတာ တဖက်လူသိဖို့ မလွယ်ဘူး။ ဒီတော့ Emoji တွေပေါ်လာတယ်။ ဒါပေမယ့် Emoji တွေကလည်း ကိုယ်ပြောချင်တဲ့အတိုင်း အတိအကျ ဖြစ်စေတာမျိုးတော့ မဟုတ်ပါဘူး။
ဒီလိုပဲ… Bystander Effect မှာလည်း ဒီသဘောတွေရှိပါတယ်။ (ဘာလဲဆိုတာ အရင်က ရေးပြီးပြီမို့ ထပ်မရေးပြတော့ပါဘူး) ကိုယ်က လမ်းဘေးမှာလဲနေတာဟာ အရေးကြီးမှန်း ထုတ်မပြောဘဲနဲ့ တစ်ဖက်လူတွေသိနိုင်မယ်လို့ ထင်မိတတ်ပါတယ်။ ဒါလည်း Illusion of transparency ပါပဲ။
သူငယ်ချင်းတွေထဲမှာလည်း သူတို့ဘာဖြစ်နေမှန်းမသိပေမယ့် တခါတခါ ကိုယ်ပါရောပြီး ဘုမသိ ဘမသိနဲ့ ကွိုင်အရှာခံရတာတွေ ကြုံဖူးကြမှာပါ။ သူတို့ဟာလည်း Illusion of transparency ကို ခံစားနေကြရတာပါ။

ကောင်မလေးတွေ စိတ်ကောက်တဲ့အခါမှာလည်း တချို့ကောင်တွေက သူတို့ ဘာဖြစ်လို့ဖြစ်နေမှန်းမသိကြပါဘူး။ စိတ်ဆိုးရခြင်း အကြောင်းရင်းကို မသိသလို၊ စိတ်ဆိုးနေမှန်းတောင် တခါတခါမသိကြပါဘူး။ ကောင်မလေးအချို့ဟာလည်း Illusion of transparency ကိုခံစားနေကြရပါတယ်။

ကိုယ်က မပြောဘဲနဲ့ စိတ်ထဲကဟာကို တဖက်လူသိတယ်ဆိုတာ Telepathy Level ဖြစ်သွားပါပြီ။ ဒါကြောင့် မပြောမပြီး… မတီးမမြည်လို့ ပြောကြတာပါ။
ကိုယ်နားလည်တဲ့ကိစ္စတစ်ခုကို တစ်ဖက်လူနားမလည်တဲ့အခါမှာလည်း ဒေါသထွက်တတ်ကြပါတယ်။ “ငါဒီလောက်ရှင်းပြတာကို… ဘာလို့များနားမလည်ရတာလဲ… ဒီထက်ပိုပြီး ရှင်းအောင်မပြောတတ်တော့ဘူး” ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ဆယ်တန်းက ရွှေတပည့်လေးတွေပါ။
ဒီအခါမှာ ကိုယ့်ကိုကိုယ် အပြစ်မမြင်ဘဲ တဖက်လူအပေါ် အပြစ်မြင်တတ်ပါတယ်။ ဆရာတွေဟာလည်း Illusion of transparency ကို တခါတခါ ခံစားရတတ်ပါတယ်။

ဒီတော့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ?
စင်ပေါ်တက်ပြောမယ်လို့ စဉ်းစားတဲ့အခါ လူတွေကိုယ့်ကို ကြည့်နေတယ်လို့ မတွေးပါနဲ့။ တကယ်တော့ ကြည့်နေတဲ့သူက အနည်းစုပါ။ ကျန်တဲ့သူတွေက အိမ်ရောက်ရင် ဘာလုပ်ရမလဲ…၊ ဒီပွဲကဘယ်တော့ပြီးမှာလဲ… ဆိုတာမျိုးတွေ တွေးနေကြတာပါ။
လူတွေက တကယ်အာရုံစိုက်နေတဲ့ ပုံပေါက်နေလည်း ကိုယ်လုပ်လိုက်မိတဲ့ မသိသာတဲ့အမှားလေးတွေအတွက် စင်ပေါ်မှာ ပြန်မတောင်းပန်ပါနဲ့။ ကိုယ့်ခံစားချက်ကို သူတို့ အတိအကျမဖတ်နိုင်ပါဘူး။ Illusion of transparency အကြောင်းကို စင်ပေါ်မတက်ခင်ရှင်းပြလိုက်တဲ့အခါ လူတွေရဲ့ Stage Fright တော်တော်နည်းသွားတယ်လို့ လေ့လာမှုတွေမှာ ပြောကြပါတယ်။

လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း “ငါစိတ်ဆိုးနေတယ်နော်… နင်တို့စကားလာမပြောနဲ့…” ဆိုတာကို ကိုယ့်မျက်နှာကြည့်ရုံနဲ့ သိချင်မှသိနိုင်မှာပါ။ ဒီတော့ တစ်ဖက်လူအနေနဲ့ မသိတာဟာ အပြစ်မဟုတ်ပါဘူး။
ကိုယ်စိတ်ဆိုး၊ ဒေါသထွက်၊ စိတ်ပူနေတဲ့အချိန်မှာ ကိုယ့်ရဲ့ Telepathy စွမ်းအားတွေ တိုးလာတာမဟုတ်ဘူးဆိုတာ နားလည်ရင် အဆင်ပြေပါပြီ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
