သင့်ကိုယ်သင်ကလိပြန်ထိုးရင် ဘာလို့မယားတာလဲ?

ကျနော်ငယ်ငယ်လေးထဲက အဲ့မေးခွန်းရဲ့အဖြေကိုသိချင်တာပါ။
သူများတွေကလိလာထိုးရင် ယားပြီး ကိုယ့်ဘာသာထိုးရင် မယားတာ ဘာလို့လဲပေါ့။ တကယ်က အဲ့လိုဖြစ်ရခြင်းဟာ Self နဲ့ other ကိုခွဲသိလို့ပါတဲ့။

သူများက ကလိလာထိုးရင် သူများရဲ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ကိုယ့်ဦးနှောက်က ကြိုပြီးမသိနေတော့ Surprise ဖြစ်ပြီး ယားသွားပါတယ်။

ကိုယ့်ဘာသာ ကလိထိုးရင်ကျ ကိုယ်လှုပ်ရှားသမျှကို brain ကသိနေပါတယ်။ တိတိကျကျပြောရရင် cerebellum လို့ခေါ်တဲ့ ဦးနှောက်ငယ်က ကိုယ်ခန္ဓာလှုပ်ရှားသမျှကို သိနေတာပါ။

အဲ့လိုကြိုသိတဲ့အတွက် cerebellum က ယားတယ်လို့ခံစားရမယ့် ဦးနှောက်အပိုင်း (somatosensory cortex of the brain) ကို ကြိုပြီးသတင်းပို့ထားပါတယ်။

“ဒီကောင့်လက်က ယားတဲ့နေရာကိုရောက်တော့မယ် အသင့်ပြင်ထား”ဆိုပြီး သတင်းလှမ်းပို့ထားတော့ surprise လို့မခံစားရတော့ဘဲ ကြိုသိနေလို့ မယားတော့တာပါ။ သင့်ကိုယ်သင် self မှန်းသိနေသမျှ ဘယ်တော့မှ brain ကို surprise တိုက်လို့မရပါ။ ကလိထိုးလို့ မယားပါ။

မိမိကိုယ်တိုင်လား သူများလားဆိုတာ မခွဲတတ်တဲ့ Schizophrenia (စိတ်ကစဥ့်ကလျားရောဂါ) သမားတွေမှာတော့ ကိုယ့်ဘာသာ ကလိထိုးလဲ ယားတယ်လို့ဆိုပါတယ်။ ကိုယ့်ဘာသာကလိထိုးကြည့်လို့ မယားသေးရင် ငါမရူးသေးဘူးလို့ အကြမ်းဖျင်းသိနိုင်ပါတယ်။

ဒါကိုပိုသေချာအောင် သုတေသနတွေလုပ်ထားပါတယ်။ စမ်းသပ်မယ့်လူတွေကို brainမှာစက်တပ်ထားပြီးလေ့လာတဲ့အခါ သူများကလိထိုးရင် cerebellum ကအလုပ်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် ကလိထိုးမှသာ cerebellum ကအလုပ်လုပ်တာတွေ့ရပါတယ်။

ဒါ့အပြင် ဘယ်လိုစမ်းထားသေးလဲဆိုတော့ ကိုယ့်လက်ကလှုပ်တဲ့လှုပ်ရှားမှုနဲ့ ကလိထိုးမယ့်အချိန်ကို ဟပြီးစမ်းသပ်ကြည့်ပါတယ်။

တနည်းပြောရရင် ဦးနှောက်ကခန့်မှန်းရခက်အောင် လက်လှုပ်ပြီးလို့ နည်းနည်းကြာပြီးတော့မှ တကယ်ကလိထိုးလိုက်တဲ့အခါ ဦးနှောက်က surprise ဖြစ်ပြီး ယားပြန်ပါတယ်တဲ့။ Hand movement နဲ့ tickling ၂ခုကြား delay ဖြစ်တာကြာလေလေ ယားတာပိုသိသာလေလေပါပဲတဲ့။

နောက်တခုထူးဆန်းတာက လူတွေမှာ ယားတတ်တဲ့နေရာသီးသန့်ရှိနေတာပါ။ အယားဆုံးနေရာတွေကတော့ ချိုင်းအောက်၊ ခြေဖဝါး၊ ပေါင်အတွင်းပိုင်း၊ လည်ပင်းတဝိုက်၊ ဒူးကောက်ကွေးနေရာတွေဖြစ်ပါတယ်။

ဘာလို့ အဲ့နေရာတွေပဲကွက်ပြီး ယားရတာလဲဆိုတာမေးစရာရှိပါတယ်။ အချို့ကတော့ ဒီနေရာတွေက အထိအတွေ့သိပ်မလုပ်ကြတဲ့နေရာတွေမို့ ပိုယားတာပါတဲ့။ အမြဲထိတွေ့ကိုင်တွယ်နေကျနေရာတွေဆိုရင် သိပ်မယားပါဘူး။

သို့သော် ခြေဖဝါးကကျ နေ့တိုင်းလမ်းလျှောက်နေရပြီး ဘာလို့ယားနေသေးတာလဲပေါ့။ ခြေဖဝါးကို လက်ဝါးပြင်နဲ့ အပြားလိုက်ပွတ်ကြည့်ရင် မယားဘဲ လက်ချောင်းနဲ့ကလိထိုးမှသာ ယားတာပါ။ လမ်းလျှောက်တာက ဧရိယာများများကို အပြားလိုက်ဖိပြီးလျှောက်လို့ မယားတာပါတဲ့။

ဒါ့အပြင် ကိုယ်ထိတွေ့တဲ့ ဧရိယာအကြီးအသေးပေါ်မူတည်ပြီး လှုံ့ဆော်ခံရတဲ့ receptor ချင်းမတူလို့ဖြစ်နိုင်ပါတယ်တဲ့။ ဥပမာ ဧရိယာခပ်ကြီးကြီးကို ကိုင်တွယ်ရင် crude touch ကိုသိတဲ့ receptor တွေက stimulate ဖြစ်ပြီး ဧရိယာသေးသေးကိုပဲ ထိတွေ့ရင်တော့
tickling ကိုသယ်ပေးတဲ့ receptor တွေ stimulate ဖြစ်ပါတယ်။

ဒါ့အပြင်ယားလာရင်လူတွေက ရုန်းတတ်ကြပါတယ်။ ဒါကို withdrawal response လို့ခေါ်ပါတယ်။
ကလိလာထိုးရင် ကလိအထိုးခံရတဲ့နေရာက တွန့်လိမ်ပြီးရုန်းထွက်သလိုဖြစ်ကြပါတယ်။ လည်ပင်းနေရာနဲ့ ချိုင်းကြားနေရာတွေမှာ သွေးကြောတွေ အာရုံကြောတွေအများကြီးရှိလို့ အရေးကြီးတဲ့နေရာတွေဖြစ်ပါတယ်။

အဲ့လိုအရေးကြီးတဲ့နေရာတွေကို ထိတွေ့လာရင် အလွယ်တကူ ရုန်းကန်လိုက်စေချင်လို့ အဲ့နေရာတွေကိုသီးသန့် ယားအောင်လုပ်ထားတာလို့လဲဆိုကြပါတယ်။

Evolution အရ ယားတာက အကြောင်းရင်း ၂ မျိုးဖြစ်နိုင်ပါတယ်တဲ့။ ပထမတမျိုးက ပိုးကောင်တွေကိုယ်ပေါ်တက်လာရင် အလွယ်တကူသိပြီး အမြန်ဖယ်လို့ရအောင်ဖြစ်နိုင်ပါတယ်တဲ့။ နောက်တမျိုးက ကလိထိုးခြင်းဖြင့် သံယောဇဥ် bonding ပိုဖြစ်စေတယ်လို့ပြောပါတယ်။

ဒါကြောင့် ကလေးလေးတွေကို မိဘတွေက ကလိထိုးပြီး စနောက်တတ်တာဖြစ်ပါတယ်။ ကလေးက ယားလို့ရယ်တဲ့အခါ ကလိထိုးတဲ့သူကိုပိုပြီးသံယောဇဥ်တွယ်တတ်ပါတယ်တဲ့။

မျောက်တွေမှာလဲ ကလိထိုးပြီး စနောက်တတ်တဲ့အကျင့်ရှိသလို တခြားအကောင်တွေမှာလဲ ကလိထိုးတတ်တာတွေ့ရပါတယ်။

ဒီလောက်ဆိုရင် ကလိထိုးခြင်းအကြောင်းကို သဘောပေါက်လောက်ပြီထင်ပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started