ဟာသဇာတ်လမ်းတွေမှာ နောက်ခံရယ်သံထည့်ရခြင်းအကြောင်းရင်း

နိုင်ငံခြားဟာသစီးရီးတွေကြည့်တဲ့အခါ တဝါးဝါးရယ်သံတွေပါလေ့ရှိတာ စာဖတ်သူတို့ သတိထားမိလောက်မှာပါ။ ဒီရယ်သံတွေက ဘယ်သူစထွင်လိုက်တာလဲနဲ့ ဘာလို့ထည့်ထားရတာလဲဆိုတာ စိတ်ဝင်စားစရာပါ။

လူတွေရဲ့စိတ်အခံက သူများလုပ်တာမြင်ရင် ကြည့်ပြီးလိုက်လုပ်တတ်တဲ့သဘောရှိပါတယ်။ လူတွေက ဘာမဆိုလိုက်ပြီးအတုခိုးတတ်တာပါ။
သူများရယ်ရင် လိုက်ရယ်ချင်တယ်။
သူများသမ်းတာမြင်ရင် လိုက်သမ်းချင်တယ်။ သူများ မုန့်စားနေရင် ကိုယ်လဲအဲ့မုန့်လိုက်စားချင်တယ်။ ဒါက လူတွေရဲ့ social learning behavior တမျိုးပါပဲ။

ကိုယ့်ဘေးကလူတွေလုပ်တာမြင်ရင် လိုက်လုပ်တတ်တဲ့သဘောလဲရှိပါတယ်။
ဥပမာ လူတွေအပြည့်ရှိနေတဲ့ ကွင်းပြင်တခုထဲကို သင်ရောက်နေပြီး နာမည်ကြီး rock stage show တခုကိုနားထောင်နေတယ်လို့တွေးကြည့်ပါ။

ဘေးကလူအုပ်ကြီးတွေက အမိုက်စားရော့ခ်သံစဥ်တွေနဲ့ ကခုန်ပြီး အားပေးနေကြတာသင်မြင်တဲ့အခါ သင့်စိတ်တွေလဲတက်ကြွလာကာ သူတို့လိုပဲ အားတက်သရော လိုက်ဆို လိုက်ကမိမှာပါ။ သင်လဲ အများနဲ့အတူတူ energy အပြည့်နဲ့ ခုန်ပေါက်နေမိမှာပါ။

အဲ့လိုတွေးနေရာကနေ ရုတ်တရက်လူတွေအကုန်ဖျောက်လိုက်ပါ။ အခု stage show မှာ သင်တယောက်ထဲပဲကျန်ပါတော့တယ်။
Rock တီးဝိုင်းက အားနဲ့အင်နဲ့ဖျော်ဖြေနေပေမယ့် သင့်ဘေးမှာဘယ်သူမှမရှိတဲ့အခါ သင်အတော် feel ကျဲသွားမှာပါ။ စိတ်လဲ တက်ကြွမှာမဟုတ်ပဲ ကြောင်တောင်တောင်ကြီးခံစားရမှာပါ။

ဒီသဘောက peer pressure (or) group pressure သဘောပါပဲ။
အများမိုးခါးရေသောက်တဲ့အခါ ကိုယ်လဲလိုက်သောက်မိသလိုပါ။ အခု ဟာသရုပ်ရှင်တွေမှာ ရယ်သံထည့်ထားတာကလဲ သင့်ကို psychology အရ လူအုပ်ထဲရောက်နေတယ်လို့ခံစားရအောင်လုပ်တာပါ။

ဟာသကားကို တယောက်ထဲကြည့်နေရပေမယ့် ရယ်သံတွေကြားရတော့ အထီးမကျန်တော့ဘဲ ကြည့်ရတာပိုအသက်ဝင်လာအောင်ပါ။ အဲ့လို အောက်ခံရယ်သံတွေထည့်တာကို canned laughter (or) laugh track (or) fake laughter/artificial laughter စသဖြင့် အစုံခေါ်ကြပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ သူများတွေရယ်ရင် လိုက်ရယ်မိပြီး ဟာသကိုပိုအသက်ဝင်အောင်လုပ်တာပါ။ လေ့လာချက်တခုအရ လူတယောက်ရယ်ဖို့အတွက် ပြက်လုံးပေါ်မမူတည်ဘဲ ဘေးကလူလိုက်ရယ်သလားမရယ်သလားပေါ်ပိုမူတည်တယ်လို့ဆိုပါတယ်။

တခါတခါ ဟာသကသိပ်မရယ်ရပေမယ့် ဘေးကလူတွေတအားရယ်တဲ့အခါ ကိုယ်ပါမသိလိုက်ဘဲ ရယ်မောမိတာကြုံဖူးမှာပါ။ ရယ်သံအတုတွေကိုရုပ်ရှင်ထဲမှာစထည့်ခဲ့သူက “Charles Douglass” လို့ခေါ်တဲ့ အမေရိကန်အသံအင်ဂျင်နီယာတယောက်ပါ။

“ရယ်သံတုအစ အမေရိကန်က”လို့ ဆိုရအောင် American sitcom တွေမှာ စပြီးသုံးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ဗြိတိန်နဲ့တခြားနိုင်ငံတွေကို ပြန့်သွားတာပါ။ ရယ်သံတုတွေထည့်တဲ့အခါ ထင်သလောက်တော့မလွယ်ပါဘူး။
ရယ်သံတွေကဆင်တူနေရင် ဒါတွေပဲထပ်ခါထပ်ခါကြားရတဲ့အခါ လူတွေက မရယ်တော့တဲ့အပြင် ပိုတောင်မှနားကြားပြင်းကတ်လာပါတော့တယ်။

ဒါကြောင့် မတူညီတဲ့ရယ်သံတွေကို လိုသလိုပြောင်းထည့်ပေးရပါတယ်။
ဝါးလုံးကွဲရယ်သံ၊ ခပ်အုပ်အုပ်ရယ်သံ၊ ရှက်စနိုးရယ်သံ၊ လှောင်ရယ်သံ စသဖြင့်အစုံရောနှောပြီး လူအုပ်ကြီးနဲ့အတူ ထိုင်ကြည့်နေရတယ်ဆိုတဲ့ feeling ရအောင် ထည့်ပေးရပါတယ်။

တချို့ကလဲ ဒီလိုရယ်သံထည့်တာက ဘာမှမထူးတဲ့အပြင် ရုပ်ရှင်ထဲက စကားသံတွေကိုပါဖုံးသွားလို့ မကြိုက်ကြသူတွေရှိပါတယ်။

1974 ခုနှစ်တုန်းက လေ့လာချက်တခုအရဆိုရင် ရယ်သံနောက်ခံပါတဲ့ Seinfeld ဟာသကားနဲ့ ရယ်သံမပါတဲ့ the Simpsons ဟာသကားကို ယှဥ်ပြတဲ့အခါ ရယ်ကြတာချင်းတူတူပဲမို့ နောက်ခံအသံထည့်လဲမထူးဘူးလို့ ငြင်းကြပြန်ပါတယ်။
နောက်ဆုံးတော့ ဒါကလဲ ကြည့်ရှုသူတွေရဲ့ အကြိုက်ပေါ်မူတည်နေပါတယ်လို့ ကောက်ချက်ချကြပါတယ်။

ရယ်သံလေးစွက်မှ ကြည့်ရတာစိုပြေတယ်လို့ ခံစားရသူတွေရှိသလို ရယ်သံကြီးထည့်ထားတာ ငါကပဲပြက်လုံးကိုနားမလည်သလို ရယ်ရမယ့်အခန်းကိုမသိသလို စော်ကားတဲ့သဘောဖြစ်တယ်လို့ ခံစားရသူတွေလဲရှိပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ခံရယ်သံတုတွေက အတိုင်းအတာတခုအထိတော့ အသုံးဝင်ပါတယ်။ အထူးသဖြင့် အစထဲက ရယ်သံထည့်ထားတဲ့ Favourite sitcom တွေ comedy တွေကို ရယ်သံဖျောက်ပြီးကြည့်ရတဲ့အခါ အလွန်ခြောက်ကပ်ကပ်နိုင်ပြီး ကြည့်ရတာမပျော်တော့ပါဘူး။

နဂိုထဲက ရယ်သံမပါတဲ့ ဟာသကားတွေကိုလဲ ရယ်သံထည့်ပြီးကြည့်ကြည့်တဲ့အခါ ကြောင်တောင်တောင်ဖြစ်စေပြီး ပိုလို့တောင်အရသာပျက်စေပါတယ်။ သင်ကရော နောက်ခံရယ်သံတွေကို သဘောကျတဲ့သူလား။ ရယ်သံတွေကို စိတ်ညစ်တဲ့သူလား။
သင့်အမြင်ကိုလဲ ဆွေးနွေးပေးပါဦး။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started