Motivation မရှိခြင်းပြဿနာ

အောင်မြင်တိုးတက်ရေး သဘောမျိုးပါတဲ့ စာတွေရေးတဲ့အခါ လူတွေက ဘာမေးလဲဆိုတော့ Motivation ရှိအောင်ဘယ်လိုလုပ်ရမလဲတဲ့။ Motivation ရှိပေမယ့် ကောက်ရိုးမီးလိုဖြစ်နေတယ် လို့ပြောကြတယ်။ ဒီတော့ အခု Motivation အကြောင်းပြောချင်ပါတယ်။ ဒီစာကို မနေ့ကရေးခဲ့တဲ့ အတွေးမလွန်ဘဲလုပ်မလား ရဲ့ နောက်ဆက်တွဲအနေနဲ့ မြင်ကြည့်လို့ရပါတယ်။

အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?
https://ouo.io/vZ5H4D

လူတွေက တခါတခါမှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သေချာမသိကြပါဘူး။ စိတ်ထဲမှာတော့ ငါက စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့် ဒါကိုလည်း တကယ်ဖြစ်ချင်တာ ဟုတ်ချင်မှ ဟုတ်တာပါ။ မိန်းကလေးသူငယ်ချင်းတွေကို ခုကာလမှာ ဘာဖြစ်ချင်လဲ မေးကြည့်တဲ့အခါ “ယောက်ျားယူချင်တယ်” လို့ တော်တော်များများက ပြောကြပါတယ်၊ ဘယ်အချိန်မေးလိုက်မေးလိုက် ဒီအဖြေပဲရတဲ့အတွက် ဒါဟာ သူတို့ရဲ့ True Passion ဖြစ်နေနိုင်ပါတယ်…။

ဒီတော့ ကိုယ်က သိပ်စိတ်မဝင်စားဘဲ သူများယောင်လို့လိုက်ယောင်တဲ့အခါ ခဏလေးနဲ့ စိတ်လျှော့သွားတတ်ပါတယ်။ ဒါက ပထမအဆင့်ပါ။ ကိုယ်ဖြစ်ချင်တယ်လို့ တွေးထားတဲ့အရာတစ်ခုဟာ တကယ်ဖြစ်ချင်တဲ့အရာ မဟုတ်မှန်း မသိသေးတဲ့သူတွေ ခုချိန်ထိ အများကြီးရှိပါတယ်။
ဒီတော့ “တကယ်ရော ဖြစ်ချင်တာဟုတ်ရဲ့လား” ဆိုတာပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ ဘယ်အချိန်မေးလိုက်မေးလိုက် ယောက်ျားယူမယ်လို့ ဖြေသလိုမျိုး မစဉ်းစားဘဲ ဖြေနိုင်ပြီလား…။

ဒီအဆင့်ကို ကျော်လာရင်တော့ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို တကယ်စိတ်ဝင်တစား ရှိတယ်လို့ သတ်မှတ်လိုက်ပါမယ်။ ကိစ္စတစ်ခုကို တကယ် စိတ်ဝင်စားတိုင်းလည်း Motivation က ရှိတာမဟုတ်ပါဘူး။ လာမေးကြတဲ့သူတွေက ဒီအဆင့်ကို ရောက်နေတယ်လို့ ထင်ပါတယ်။

ဒီတော့ Motivation ကို ၂မျိုးအကြမ်းဖျင်းပြောလို့ရပါတယ်။ External နဲ့ Internal ဆိုပါတော့။
External ဆိုတာကတော့ ကိုယ့်မိသားစု၊ ကိုယ့်ရည်းစား၊ လုပ်ဖော်ကိုင်ဖက် စတာတွေပါပဲ။ ရှင်းရှင်းပြောရရင် အငြိုငြင်ခံရမှာ၊ အဆဲခံရမှာကြောက်လို့ ကြိုးစားတာပါ။
အလုပ်ပြုတ်သွားရင် မိသားစုဒုက္ခရောက်မယ်… ဒီတော့ အလုပ်မှာတော်လာအောင် ကြိုးစားတယ်။ မိန်းမက ချမ်းသာချင်တော့ နားပူနားစာလုပ်တတ်တယ်… ဒီတော့ ငွေပိုရအောင် နောက်အလုပ်တစ်ခု ရှာချင်တယ်။

External Motivators တွေအကုန်နီးပါးက မကောင်းတာဖြစ်မှာကြောက်လို့ ကြိုးစားတာမျိုးပါ။ ဒါကိုမှ မလုပ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာတော့မယ်… ဆိုတာသိရင် ကြိုးစားတတ်ကြပါတယ်။

ဒီတော့ မေးချင်တာတွေရှိမှာပါ။ မိန်းမလည်းမရှိဘူး၊ လူကလည်း FA ပဲ… ဒါဆိုရင် External Motivators မရှိတော့ ဒုက္ခပါပဲ… လို့တွေးမိပြီး မိန်းမပြေးယူဖို့ မစဉ်းစားပါနဲ့ဦး။ မရှိရင်ဖန်တီးယူလို့ရပါတယ်။
ကိုယ်ဆက်လုပ်ခြင်း၊ မလုပ်ခြင်းကို သိမယ့်လူလိုနေတာပါ။ ဘယ်သူမှမရှိရင်တောင် အိမ်က အဖေ၊ အမေ (သို့) သူငယ်ချင်းကို ပြောထားလို့ရပါတယ်။ “ငါတော့ ဒီကိစ္စကို လုပ်တော့မယ်” ဆိုတာမျိုးအသိပေးထားရင် သူတို့ရဲ့ Negative Feedback ကိုမလိုချင်တဲ့အခါ ကြိုးစားချင်စိတ်ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်အမေက ခင်မို့မို့အေးဆို ရှယ်ပါပဲ။

တစ်ယောက်တည်းကို အသိပေးတာထက် အဖွဲ့လိုက်ကို အသိပေးထားတာက ပိုထိရောက်ပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းတွေကြားထဲမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်တဲ့ကောင်ဆိုပြီး နာမည်မတွင်စေချင်ရင် ဆက်လုပ်ဖို့ တွန်းအားဖြစ်စေမှာပါ။ သူငယ်ချင်းတွေအကုန်လုံးက အတူတူနဲ့အနူနူဆိုရင်တော့… ထိရောက်မှာမဟုတ်ပါဘူး။

နောက်တစ်နည်းက ပိုက်ဆံရင်းနှီးမြှုပ်နှံလိုက်တာပါ။ ဥပမာ ကိုယ်က ဝိတ်ကျချင်ပေမယ့် အပျင်းထူတဲ့သူဆိုရင် စျေးကြီးကြီး GYM Membership တစ်ခုကို ဝင်လိုက်တာမျိုးဆိုပါတော့။ ပိုက်ဆံတွေပါသွားပြီဆိုတော့ ဆက်လုပ်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။

နောက်ဆုံးတစ်နည်းကတော့ ကိုယ့်ကိုကိုယ်လာဘ်ထိုးတာပါ။ ဥပမာ ကိုယ်ဒီအလုပ်ကို လုပ်ရင် ပိုက်ဆံတွေအများကြီးရလာပြီး ခရီးတွေထွက်နိုင်မယ် ဆိုတာမျိုးပေါ့။
ဒီနည်းတွေ အကုန်လုံးက မကောင်းတာမဖြစ်ချင်လို့၊ နောက်အကျိုးမျှော်လို့ လုပ်တာဖြစ်တဲ့အတွက် Motivation အကောင်းကြီးတွေတော့ မဟုတ်လှပါဘူး။

အကောင်းဆုံးကတော့ Internal Motivators တွေပါ။ ဒီအလုပ်ကို ဘာလို့လုပ်ရလဲဆိုရင် “လုပ်ချင်လို့… တကယ်ဝါသနာပါလို့…” လုပ်နေတာမျိုးပါ။ မကောင်းတာတွေ မဖြစ်ချင်လို့၊ သူများပြောမှာကြောက်လို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Motivation က သူများအပေါ်မှာ မီတည်နေတဲ့အခါ “သူတို့စိတ်ပျက်သွားလည်း ဘာဖြစ်လဲ… ငါလုပ်ချင်တာလုပ်မှာပဲ” ဆိုတဲ့စိတ်မျိုး လမ်းခုလတ်မှာ ဝင်လာတတ်ပါတယ်။ ဒီလိုဆိုရင် External Motivators တွေ Fail ပါပြီ။

မြင်အောင်ပြောရရင် External Motivators တွေဟာ တုတ်နဲ့တူပြီး Internal Motivators တွေကတော့ Reward တစ်ခုခုနဲ့တူပါတယ်။ ကိုယ့်မှာ Internal Motivation များလေလေ အလုပ်တစ်ခုကို အောင်မြင်အောင်လုပ်နိုင်ဖို့ လွယ်လေလေပါပဲ။

ကလေးတွေကို စမ်းသပ်ထားတာရှိပါတယ်။ အရုပ်တွေနဲ့ဆော့လို့ရအောင် အခန်းတစ်ခုထဲခေါ်ထားပါတယ်။ ဒါပေမယ့် အကြီးဆုံးနဲ့အလှဆုံးအရုပ်ကိုတော့ ပေးမဆော့ပါဘူး။ စမ်းသပ်သူက “အပြင်ခဏသွားဦးမယ်… ဒီအရုပ်နဲ့လုံးဝမဆော့နဲ့… မင်းတို့ဆော့တာ ငါမြင်ရင် အရမ်းစိတ်ဆိုးမိလိမ့်မယ်…” လို့ပြောခဲ့တယ်။ ဒီတော့ ကလေးတွေက ကြောက်ပြီးမဆော့ရဲတော့ဘူး။

ဒါပေမယ့် နောက် ၆ပတ်ကြာတဲ့အခါ ကလေးတွေကို ဆရာမတစ်ယောက်က အဲ့ဒီအခန်းထဲပြန်ခေါ်ပြီး စာမေးပွဲဖြေခိုင်းတယ်။ အမှတ်ခြစ်နေတုန်းမှာ ကလေးတွေကို အရုပ်တွေထဲက ကြိုက်တာနဲ့ ကစားထားနှင့်ဆိုပြီး ပြောလိုက်တယ်။ ကလေးတွေရဲ့ ၇၇% က လွန်ခဲ့တဲ့ ၆ပတ်က မကစားနဲ့လို့ တားထားတဲ့အရုပ်ကို ကစားသွားတယ်။

နောက်တစ်သုတ်ကိုတော့ စမ်းသပ်သူက Tactic ပြောင်းလိုက်တယ်။ “မင်းတို့ ဒီအရုပ်ကိုမကစားနဲ့… ဘာလို့လဲဆိုတော့ ဒီလိုလုပ်တာဟာ မှားတယ်…” လို့ပြောလိုက်တယ်။ ဒီအခါမှာလည်း ကလေးတွေက အရုပ်ကို မဆော့ရဲကြပါဘူး။ ဒါပေမယ့် ထူးခြားတာက နောက် ၆ပတ်နေတော့ စမ်းသပ်တဲ့အခါ ကစားခွင့်ပေးထားပေမယ့် အဲ့ဒီအရုပ်ကိုကိုင်တာ ၃၃% ပဲရှိတော့တယ်။

ဒီစမ်းသပ်ချက်ကိုကြည့်ရင် အကြောက်တရားနဲ့ခြိမ်းခြောက်တဲ့အခါ လစ်ရင်လစ်သလို တားထားတဲ့ကိစ္စကို လုပ်တတ်ကြပေမယ့် နားလည်အောင် ပြောတဲ့အခါ မျက်ကွယ်ရောက်လည်း ဒီကိစ္စကို မလုပ်ကြတော့ဘူး
ဒါကြောင့် ကလေးတွေကို ဆုံးမတဲ့အခါ မရိုက်ဖို့ ခုနောက်ပိုင်းမှာ ပြောလာကြတာပါ။

ကျွန်တော်တို့တွေလည်း ကလေးတွေလိုပါပဲ။ External Motivators တွေဟာ တုတ်လိုပဲဖြစ်လို့ အကြောက်တရားနဲ့ ရှေ့ဆက်နေရပေမယ့် Internal Motivators တွေကတော့ “လုပ်သင့်လို့ လုပ်တာ” ဆိုတဲ့အတွေးမျိုး ရသွားစေပါတယ်။

ဒီတော့ တကယ်ဖြစ်ချင်တယ်ဆိုတာလည်း သေချာပြီ၊ Internal Motivator တစ်ခုလည်း ရှိနေပြီဆိုရင် နောက်အခက်အခဲတစ်ခုကြုံရနိုင်ပါသေးတယ်။ ဒါကတော့ Sacrifice ပါ။ ဒါက Motivation မရှိရခြင်းရဲ့ နောက်ဆုံးအဆင့်ပါပဲ။

ဒီလမ်းကိုရွေးလိုက်တဲ့အတွက် စွန့်လွှတ်ရတဲ့ကိစ္စတွေ ရှိလာမှာပါ။
အချိန်တွေရင်းနှီးမြှုပ်နှံရမယ်… ဒီတော့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်ချင်ပြတ်လာမယ်။ စိတ်ပင်ပန်းရမယ်… ဒီအတွက် ကျန်းမာရေးထိခိုက်ချင် ထိခိုက်လာနိုင်မယ်။ ပေးဆပ်ရမှာတွေ အရမ်းများနေရင် Motivation လည်းရှိတော့မှာမဟုတ်ပါဘူး။

Internal Motivation က အရမ်းကို အားကောင်းနေရင်တော့ Sacrifice ကိုကျော်သွားနိုင်မှာပါ။ ပြောချင်တာက ဂစ်တာတီးသင်တဲ့အခါ လက်တွေနာမယ်၊ အသားမာတွေတက်လာမယ်၊ အချိန်ပေးရမယ်…။ တကယ်ဝါသနာပါရင် ဒါတွေက အပရိကပါပဲ။ Sacrifice လို့ပြောလို့မရတော့ပါဘူး။
It’s not a sacrifice. It’s a choice” လို့ပြောနိုင်တာဟာ ဒီအဆင့်ကို ကျော်သွားလို့ပါ။

Sacrifice တွေအရမ်းမများအောင်လည်း ကိုယ့်ဘာသာ Manage လုပ်နိုင်ရမှာပါ။ ဥပမာ သူငယ်ချင်းတွေနဲ့ သောကြာနေ့တိုင်း မုန့်သွားစားနေကြပေမယ့် ဒီအလုပ်ကိုလုပ်လိုက်တဲ့အခါမှာ အချိန်မပေးနိုင်တော့ဘူးဆိုပါတော့။ ဒါဆိုရင် သူတို့နဲ့ မတွေ့တော့ဘဲ ဝေးကွာသွားတော့မလား… အဲ့လိုမှမဟုတ်ရင် အချိန်တစ်ခုအားအောင်လုပ်ပြီး သူတို့နဲ့တွေ့မလား… ကိုယ့်ဘာသာ Manage လုပ်ရမှာပါ။

ကိုယ့်အတွက် ဘယ်ဟာက အရေးကြီးလဲဆိုတဲ့ Priority ရှိနေရင် Manage လုပ်ရတာ မခက်ပါဘူး။
သူငယ်ချင်းက သိပ်အရေးမကြီးဘူး… ရည်းစားကအရေးကြီးတယ် ဆိုလည်း အားတဲ့အချိန်မှာ ရည်းစားနဲ့တွေ့သင့်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ဝေးကွာသွားပြီဆိုပြီး ယူကြုံးမရမဖြစ်သင့်သလို ရည်းစားနဲ့ပြတ်တဲ့အခါလည်း သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှုကို မတမ်းတသင့်တော့ပါဘူး။

စာကျက်ဖို့ Motivation ရှိပေမယ့် ဇာတ်လမ်းမကြည့်ရတော့ဘူးဆိုတဲ့ Sacrifice က Moti ထက်များနေတဲ့အခါ စာကျက်တော့မှာမဟုတ်ပါဘူး။ ဒီတော့ စာမေးပွဲကျတာပေါ့။

ဒီတော့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ကိုယ့်ဘာသာ ရွေးချယ်ကြပါ။ ဒီဘက်ကမ်းကို စွန့်မှ ဟိုဘက်ကမ်းကိုရောက်မှာပါ။ ကိစ္စတိုင်းအတွက် စွန့်လွှတ်မှုတွေကတော့ ရှိပါတယ်။ ဒီ ၃ဆင့်ကို သေချာ Manage လုပ်နိုင်ရင်တော့ Motivation မရှိဘူးဆိုတဲ့ ပြဿနာပြေလည်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ပေးတာကျေးဇူးပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started