ကြောင်နဲ့ခွေးကဘယ်လိုကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်လာကြတာလဲ?

စာဖတ်သူတွေထဲမှာ တိရစ္ဆာန်ချစ်သူတွေပါကြမှာပါ။
ကြောင်ချစ်သူတွေ၊ ခွေးချစ်သူတွေကို ဒီစာလေးကရည်ရွယ်ပါတယ်။

ဘာကြောင့်ဘယ်လို ခွေးလေးရယ် ကြောင်လေးတွေရယ်က လူတွေရဲ့အချစ်တော် pet လေးတွေဖြစ်လာကြတာပါလဲ။

ကြောင်တွေအကြောင်းအရင်စပြောရရင် ကြောင်တွေက ခွေးနဲ့ယှဥ်ရင် လူတွေနားကိုရောက်လာတာနည်းနည်းနောက်ကျပါတယ်တဲ့။ လူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် ကြောင်နဲ့လူရဲ့ ဆက်ဆံရေးကို မြင်နိုင်ပါတယ်။

နှစ်ပေါင်း ၁သောင်းလောက်ကြာပြီလို့ယူဆရတဲ့ လူအရိုးစုတွေကို ဆိုက်ပရပ်ကျွန်းမှာ တွေ့ရှိရတုန်းက လူအရိုးဘေးမှာ ကြောင်အရိုးတွေကိုပါမြှုပ်ထားတာကို အံ့အားသင့်စွာ တွေ့ရပါတယ်။ ကြောင်က ကျွန်းပေါ်ရောက်အောင် ပင်လယ်ကိုတော့ ရေကူးမလာလောက်တဲ့အတွက် ကြောင်ကို လူတွေကခေါ်လာတာလို့ယူဆကြပါတယ်။

ကြောင်ကိုမြှုပ်ထားတာကလဲ ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ သေချာမြှုပ်ပေးထားလို့ ကြောင်ချစ်သူ ဒါမှမဟုတ် ကြောင်သခင်ရှိလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီအထောက်အထားအရ ကြောင်တွေကို Pet အဖြစ်မွေးခဲ့တာ ဒီထက်မကကြာပြီလို့ယူဆနိုင်ပါတယ်။

အိမ်မွေးကြောင်တွေရဲ့ မူလဇာစ်မြစ်ကိုတော့ အရှေ့အလယ်ပိုင်း Middle East ဒေသကနေစခဲ့တယ်လို့ ဆိုကြပါတယ်။ Middle East ဒေသဆိုတာက အီဂျစ်၊အစ်စရေး၊ တူရကီ၊အီရန်၊ဆီးရီးယား၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ စတဲ့တိုင်းပြည်တွေရှိတဲ့နေရာကို ဆိုလိုတာပါ။ အဲ့ဒေသက တောင်ကြောင်ရိုင်းတမျိုးရဲ့ မျိုးရိုးဗီဇက ဒီနေ့ခေတ် အိမ်မွေးကြောင်တွေရဲ့ မျိုးရိုးဗီဇနဲ့ တော်တော်လေးဆင်တူနေတာကို တွေ့ရပါတယ်။

ကြောင်တွေက တောအုပ်ထဲမှာကျက်စားရာကနေ လူတွေနဲ့ဘယ်လိုရင်းနှီးလာတာလဲဆိုတာလဲစိတ်ဝင်စားစရာပါ။ ယူဆချက်တခုအရဆိုရင် လူတွေက ခြေသလုံးအိမ်တိုင်လျှောက်သွားတဲ့အခြေအနေအထိ ကြောင်တွေနဲ့ပတ်သက်မှုမရှိခဲ့ပါဘူးတဲ့။

နေရာအတည်တကျရှာပြီး နေထိုင်တတ်လာတော့ နေအိမ်တွေစတင်ဆောက်လုပ်လာကြပါတယ်။
စားစရာရိက္ခာတွေကို သိမ်းဖို့အတွက် တဲလေးတွေပါထိုးလာကြပါတယ်။ အဲ့လို ရိက္ခာတဲတွေဆောက်ပြီး အစားအစာတွေသိမ်းထားတဲ့အခါ ကြွက်တွေက မကြာခဏသောင်းကျန်းဖျက်ဆီးပါတယ်။

ကြွက်တွေကို ထိန်းမရသိမ်းမရဖြစ်လာတဲ့အခါ ကြွက်တွေကြောက်တဲ့ ကြောင်ဟာ လူတွေအတွက် မျက်စိကျစရာဖြစ်လာပါတော့တယ်။ လျင်မြန်တယ်၊ ယဥ်လွယ်တယ်၊ စတိုင်ကျတယ်၊ ကြွက်လဲအဖမ်းတော်တယ် ဆိုပြီး ကြောင်တွေကို တောထဲကရှာကာ ရိက္ခာတဲနားအထိခေါ်လာရင်း လူတွေနားရောက်လာပါတော့တယ်။

ကြွက်ပေါတဲ့ လူတွေနားမှာ အစာများများစားရတာသိလေတော့ ကြောင်ကလဲ လူကိုမျက်စိကျ၊ လူကလဲကြောင်ကိုအားကိုးနဲ့ ပနံတည့်ရင်း ကြောင်တွေကိုမွေးဖို့ဖြစ်လာတော့တာပါတဲ့။ နောက်ပိုင်းမှာတော့ ကြောင်တွေကို မျိုးစပ်ရင်းနဲ့ ယနေ့ခေတ်ကြောင်တွေအထိရောက်လာတော့တာပါပဲ။

ကြောင်ရဲ့သမိုင်းကြောင်းက သိပ်မကြာသေးလို့ သူတို့ရဲ့တောရိုင်းဆန်တဲ့အသွေးအမွေးတွေက ဆက်ရှိနေတုန်းပါပဲ။ အရင်ကလို ညဖက်အစာရှာထွက်ဖို့မလိုဘဲ ဟူးမန်းတွေကျွေးသမျှ မိန့်မိန့်ကြီးထိုင်စားနေရုံပဲ ဆိုပေမယ့် သူတို့မျက်လုံးတွေက ညဖက်ဆိုအစွမ်းထက်နေဆဲပါ။
အသံဆိုရင်လဲ ချက်ဆို နားခွက်ကမီးတောက်လောက်အောင် နားအလွန်ပါး ကြပါတယ်။

ခွေးတွေအကြောင်းပြောရရင်တော့ ကြောင်တွေထက်ကို ပိုရှေးကျပါတယ်တဲ့။ ခွေးတွေကက ကြောင်ထက်ကို senior ပိုကျတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါပဲ။ ယနေ့ခေတ်ခွေးတွေက ဝံပုလွေမျိုးနွယ်ကနေလာတယ်လို့ ဆိုကြပါတယ်။

တောထဲမှာ ခြေသလုံးအိမ်တိုင်နဲ့ အမဲလိုက်တတ်တဲ့ လူသားတွေကို ဝံပုလွေတွေက သိပ်အဖတ်မလုပ်ကြပါဘူးတဲ့။ လူတွေကလဲ ဝံပုလွေတွေကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင်ပါဘူးတဲ့။

ဒါပေမယ့် လူတွေအမဲလိုက်တဲ့အခါ သတိထားမိတာက သမင်တို့ ဒရယ်တို့ရှိတဲ့နားဆိုရင် ဝံပုလွေခြေရာတွေ တွေ့ရတတ်ပါတယ်။ လူတွေက လည်တော့ ဝံပုလွေရှိရင် အမဲလိုက်စရာ သားကောင်ရှိလို့ပဲဆိုပြီး ဝံပုလွေကို မသိမသာအားကိုးပါတယ်။

ဝံပုလွေတွေကလဲ လူတွေကိုသတိထားမိပါတယ်။ အထူးသဖြင့် ဟူးမန်းတွေက အသားတွေကိုအကုန်မစားနိုင်ဘဲ ချန်ချန်ထားတတ်လို့ လူတွေချန်ခဲ့တဲ့စားကြွင်းစားကျန်တွေကို ဝံပုလွေတွေက အရန်သင့်စားသောက်ကြပါတယ်။ ဒီလိုနဲ့ ဝံပုလွေတွေက လူတွေနောက်လိုက်ရင် စားကြွင်းစားကျန်တွေရတယ်ဆိုပြီး လူနားကို မသိမသာကပ်လာပါတယ်။ လူတွေသွားတဲ့နောက်ကို ကပ်တိုးလေးလိုက်လိုက်လာတတ်ပါတယ်။

အဲ့တာကို လူတွေကလဲသိတော့ အစာလာတောင်းတဲ့ဝံပုလွေတွေထဲကမှ လူနဲ့အယဥ်ပါးဆုံးအကောင်တွေကို အစာခေါ်ကျွေးရင်း လူနဲ့တဖြေးဖြေးရင်းနှီးလာပါတော့တယ်။ နောက်ပိုင်း ဝံပုလွေတွေက တောရိုင်းစိတ်တွေနည်းလာပြီး လူတွေနဲ့ခင်မင်တဲ့ ယနေ့ခေတ်ခွေးတွေအဖြစ်ပြောင်းလာပါတော့တယ်။

ခွေးနဲ့ကြောင်က လူနားကိုရောက်လာတဲ့ သမိုင်းကြောင်းပုံစံချင်း မတူပေမယ့် လူတွေရဲ့အချစ်ကိုအခံရဆုံး အကောင်တွေလို့ပြောလို့ရပါတယ်။ ဒီလောက်ဆိုရင် ကစ်တီလေးတွေရယ် ပါပီလေးတွေရယ် ဟူးမန်းတွေရယ် ဘယ်လိုတွေ့ဆုံခဲ့ကြသလဲဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။

နောက်များမှာ အလျဥ်းသင့်တဲ့အခါ ကြောင်တွေ ခွေးတွေရဲ့ စိတ်နေသဘောထားကို psychology အမြင်ဖက်ကနေ ရေးပေးသွားပါဦးမယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started