ခေါက်ဆွဲပြုတ်ကြိုက်သူများရဲ့ အိပ်မက်ဆိုး ၃ခုအကြောင်း

သင်ကခေါက်ဆွဲပြုတ်ကြိုက်တဲ့သူဆိုရင် ဒီစာကသင့်အတွက်ဖြစ်ပါတယ်။

ကျနော်လဲခေါက်ဆွဲပြုတ်ကြိုက်တတ်သူမို့လို့ ခေါက်ဆွဲပြုတ်ကိုမကြာခဏစားလေ့ရှိပါတယ်။လူကြီးတွေကတော့ ခေါက်ဆွဲပြုတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီး မစားခိုင်းတာ ခဏခဏကြားရမှာပါ။

လူကြီးတွေက ခေါက်ဆွဲခြောက်တွေမစားအောင် အမျိုးမျိုးခြောက်ကြပါတယ်။ ခေါက်ဆွဲပြုတ်တွေစားရင်ဘာဖြစ်တတ်တယ်… ညာဖြစ်တတ်တယ်… ဆိုပြီးပြောတတ်ပါတယ်။ ဒီ post မှာတော့ အဲ့လိုခြောက်လှန့်တဲ့စကားတွေက တကယ်မှန်မမှန် ပြောပြပေးသွားပါမယ်။

၁။ ခေါက်ဆွဲခြောက်ထဲမှာ ဖယောင်းတွေပါတယ်။

ဒီသတင်းက social media မှာဘယ်သူစပြီးလွှင့်လိုက်သလဲမသိပေမယ့် လူတိုင်းစီကို ဒီသတင်းရောက်နေတာသေချာပါတယ်။ ခေါက်ဆွဲခြောက်တွေမကျိုးမကြေပဲ တောင့်တင်းနေအောင်၊ ကြာကြာအထားခံအောင် ဖယောင်းကိုအပြင်ကနေအုပ်ထားတယ်ဆိုပြီး ပြောကြတာပါ။

ဒါက သတင်းမှားတခုပါပဲ။
နိုင်ငံတကာ FDA တွေရဲ့စမ်းသပ်ချက်တွေအရ ဖယောင်းပါတယ်ဆိုတာမဟုတ်ကြောင်း ပြောထားပြီးပါပြီ။ ခေါက်ဆွဲခြောက်စက်ရုံတွေကလဲ ဒီသတင်းကိုပြန်လည်ရှင်းပြထားပါတယ်။

ခေါက်ဆွဲခြောက်ကိုထုတ်လုပ်တဲ့နေရာမှာ ရေပါဝင်မှုနည်းအောင်လုပ်ရတဲ့အဆင့်တွေရှိပါတယ်။ ခေါက်ဆွဲခြောက်ကို ရေနည်းသွားအောင် ပေါင်းခံတာ၊ အခြောက်ကြော်တာ စတဲ့နည်းတွေနဲ့လုပ်လိုက်တဲ့အခါ ခေါက်ဆွဲခြောက်ကပုံသွင်းခံရသလိုဖြစ်ပြီး တွန့်လိမ်တဲ့ပုံစံဖြစ်သွားတာပါ။

မည်သည့်ဖယောင်းမှ တကူးတကသုံးထားတာမရှိပါဘူး။ တကယ်လို့များ ဖယောင်းပါတယ်ပဲထား… ဖယောင်းနည်းနည်းကိုစားမိလိုက်ရင်တောင် ခန္ဓာကိုယ်မှာ အန္တရာယ်ကြီးကြီးမားမားမရနိုင်ဘူးလို့ဆိုကြပါတယ်။

တချို့ကလဲ ဖယောင်းကိုစားမိမှာစိုးလို့ ခေါက်ဆွဲကို ၂ရေ ၃ရေ လောက်ပြုတ်ပြီးမှပဲ စားတတ်ကြပါတယ်။
ရေတွေနဲ့ခဏခဏပြုတ်လိုက်ရင် ခေါက်ဆွဲက နူးအိပြီးစားမကောင်းတော့ပါဘူး။ ဒါကြောင့် ခေါက်ဆွဲခြောက်မှာ ဘာဖယောင်းမှမပါပါဘူး။ စိတ်ချပြီးစားလို့ရပါတယ်လို့ဆိုချင်ပါတယ်။

၂။ ခေါက်ဆွဲပြုတ်ခဏခဏစားရင် ကင်ဆာဖြစ်တတ်တယ်။

ဒါကလဲ လူပြောများသလောက် တိကျတဲ့သက်သေ (evidence) ခိုင်ခိုင်မာမာမရှိသေးပါဘူး။

ခေါက်ဆွဲပြုတ်ခဏခဏစားတိုင်း ကင်ဆာဖြစ်လာတယ်ဆိုပြီး တွေ့ရှိတာတော့မရှိသေးပေမယ့် တချို့ processed food တွေကတော့ ကင်ဆာဖြစ်နိုင်ချေများပါတယ်။
ဥပမာ ယမ်းစိမ်းပါတဲ့ ဝက်အူချောင်း ကြက်အူချောင်းတွေ၊ ဆားများများနဲ့သိပ်ထားတဲ့ ငါးခြောက်တို့၊ ဝက်ပေါင်ခြောက်တို့ စတာတွေကတော့ အစာလမ်းကြောင်းကင်ဆာတွေဖြစ်နိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးသဘောရှိတာမို့လို့ ချင့်ချိန်စားဖို့တော့လိုပါမယ်။ ခေါက်ဆွဲခြောက်စားတာ ကင်ဆာဖြစ်တယ်လို့ပြောမရပေမယ့် တခြားရောဂါတွေနဲ့တော့ ဆက်စပ်မှုရှိပါတယ်။

ခေါက်ဆွဲခြောက်ထဲက အရသာမှုန့်တွေမှာ ဆားနဲ့ အချိုမှုန့်တွေပါဝင်နေတာမို့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါတွေဖြစ်စေနိုင်ပါတယ်။
နောက်ပြီးတော့ ဒိတ်လွန်နေတဲ့ခေါက်ဆွဲဘူးတွေမှာဆိုရင် မှိုတက်နေနိုင်တဲ့အတွက် မစားသင့်ပါဘူး။
ခေါက်ဆွဲပြုတ်ကိုကြိုက်တယ်ဆိုရင်တောင် အလွန်အကျွံမစားမိဖို့တော့ သတိချပ်သင့်ပါတယ်။

၃။ ခေါက်ဆွဲခြောက်များများစားရင် ဆံပင်ပိုဖြူတယ်၊ ဆံပင်ကျွတ်တယ်။

ခေါက်ဆွဲပြုတ်များများစားလို့ ဆံပင်ပိုဖြူတယ်ဆိုတာ မဟုတ်ပါဘူး။ ဆံပင်ဖြူစေတာက မျိုးရိုးဗီဇနဲ့လဲဆိုင်သလို စိတ်ဖိစီးတာကြောင့်လဲဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ချေတခုရှိတာက နေ့တိုင်းလိုလို တခြားအစားအစာ မစားဘဲ ခေါက်ဆွဲပြုတ်ပဲစားနေရင် အာဟာရဓာတ်တချို့နည်းလာနိုင်ပါတယ်။

ဥပမာ zinc ဓာတ်နဲ့ Vitamin B 12ဓာတ်တွေချို့တဲ့တတ်ပါတယ်။
ဒီလိုအာဟာရဓာတ်တွေချို့တဲ့လာရင်တော့ ဆံပင်ပိုဖြူလာတတ်တာရှိပါတယ်။ အလားတူပါပဲ ဆံပင်အတွက်လိုအပ်တဲ့အာဟာရတွေနည်းပါးလာတဲ့အခါ ဆံပင်မသန်ဘဲ ဆံပင်ပိုကျွတ်လာတတ်ပါတယ်။

ဒါကြောင့် ခေါက်ဆွဲပြုတ်ကိုဒီတိုင်းမစားဘဲ အာဟာရတွေပါရရှိအောင် ကြက်ဥထည့်စားတာ၊ အသားတွေထည့်စားတာ၊ တကယ့်ပုစွန်တွေထည့်စားတာ အဲ့လိုစားရင်တော့ အာဟာရတွေရရှိနိုင်ပါတယ်။

ခေါက်ဆွဲပြုတ်တပတ် ၃ခါ ၄ခါပုံမှန်စားရုံနဲ့တော့ ဆံပင်ဖြူတာ ဆံပင်ကျွတ်တာမဖြစ်နိုင်ပေမယ့် ကာလကြာရှည် ခေါက်ဆွဲပြုတ်ချည်းပဲ နေ့ရောညပါစားနေရင်တော့ တခြားအာဟာရတွေနည်းလာလို့ ဆံပင်ကိုထိခိုက်နိုင်ပါတယ်။

ဒီလောက်ဆိုရင် ခေါက်ဆွဲပြုတ်ကြိုက်တတ်တဲ့စာဖတ်သူတွေ စိတ်ရှင်းရှင်းနဲ့ ခေါက်ဆွဲပြုတ်ကိုစားလို့ရပြီထင်ပါတယ်။ အာဟာရဓာတ်တွေပါဝင်အောင် ခေါက်ဆွဲပြုတ်ထဲကို အစုံထည့်စားပါ။ အားရှိအောင်စားပါ လို့တိုက်တွန်းရင်း…။

Vector

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started