ကြိုတင်ယူဆချက် (Preassumption) များနှင့် နောက်ဆက်တွဲအလွဲများ

လူတွေက အနာဂတ်မှာဘာတွေဖြစ်လာမလဲ ကြိုပြီးခန့်မှန်းတတ်ကြပါတယ်။ နောက် ၁ဝနှစ်နေရင် ငါဘယ်နေရာကိုရောက်နေရမယ်…၊ ဘယ်လိုအိမ်ကြီးနဲ့ နေနိုင်ရမယ်… စသဖြင့် တွေးထားတတ်တာမျိုးပါ။ ဒီလိုဖြစ်တာက လူတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ သူတပါးရဲ့အပြုအမူတွေကို အမြဲတမ်း ခန့်မှန်းကြည့်နေတတ်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ဒီလိုပဲ တွေးမိနေတတ်ပါတယ်။

အနာဂတ်ဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအရ ဖြစ်လာမှာပါ။ လုပ်ဆောင်ချက်ဆိုတာ ကိုယ့်ရဲ့အပြုအမူတွေကနေ ဖြစ်လာတာပါ။ ထို့အတူ အပြုအမူဆိုတာလည်း ကြိုတင်ခန့်မှန်းတာရဲ့နောက်ဆက်တွဲရလဒ် တစ်ခုပါ။
ဒီတော့ ကြိုတင်ခန့်မှန်းတတ်တာနဲ့ အနာဂတ်နဲ့ဆက်စပ်မှုတွေရှိနေပါတယ်။ ဒါကို Thomas Theorem လို့ခေါ်ပါတယ်။
သူက ဘာပြောခဲ့လဲဆိုတော့ “လူတစ်ယောက်က အခြေအနေတစ်ခုကို ဖြစ်နိုင်တယ်လို့ တွေးရင် တကယ်ပဲဖြစ်လာတယ်” လို့ဆိုပါတယ်။

ဒီလိုတွေ ပြောနေလို့ Supernatural ထဲကို ဝင်သွားပြီလို့ မထင်ကြပါနဲ့။ နတ်တွေ၊ သိကြားတွေ၊ တန်ခိုးရှင်တွေအကြောင်း ပြောဖို့ရည်ရွယ်လိုက်တာ မဟုတ်ပါဘူး။
ပြောချင်တာက လက်ရှိကိုယ့်ရဲ့ယူဆချက်တွေက တော်တော်များများမှန်နေတယ် ဆိုရင် အနာဂတ်ကိုမှန်အောင် ခန့်မှန်းလို့ရတာ မဆန်းပါဘူး။ အဓိကက လက်ရှိ Data မှန်ကန်နေဖို့ပါ။
ဥပမာ “ကြက်ဥတွေ ပစ္စည်းပြတ်တော့မယ်ဟေ့…” ဆိုတဲ့သတင်း ကြားလိုက်တဲ့အခါ လူတွေက ပြေးဝယ်ကြတယ်။ အဲ့ဒီတော့ တကယ်ပဲ ကြက်ဥတွေ ပြတ်လပ်ကုန်တာပေါ့။ (လူတွေရဲ့ ကြောက်စိတ်ကို နှိုးဆွနိုင်တဲ့ သတင်းစကားတစ်ခုဟာ တော်တော်အန္တရာယ်များပါတယ်)

ဒီလိုဖြစ်ရတာဟာ သတင်းမှားတစ်ခုကို မစူးစမ်းပဲယုံကြည်ရာကနေ စတယ်လို့ ပညာရှင်တွေကဆိုကြပါတယ်။ အဲ့ဒီသတင်းမှားကိုမီပြီး အနာဂတ်ကို ခန့်မှန်းကြည့်လိုက်တော့ တလွဲကြီးဖြစ်သွားတာပေါ့။ ကိုယ်ကဒီခန့်မှန်းမှုကို ဝင်နှောင့်ယှက်တဲ့အခါ (ဥပမာ ပစ္စည်းပြတ်မှာကြောက်လို့ ပြေးဝယ်တာမျိုး) ကိုယ်ခန့်မှန်းသလို ဖြစ်လာတော့တာပါပဲ။

ပြန်တွေးကြည့်တဲ့အခါမှာ “ကြိုဝယ်ထားလိုက်တာတော်သေးတယ်… မဟုတ်ရင် ငတ်ပြီ…” ဆိုပြီး တွေးမိကြမှာပါ။ ဒီလိုလုပ်တာမှန်တယ်လို့ ထင်သွားကြပါတယ်။ တကယ်တော့ သူတို့ကြောင့်သာ ဒီလိုနောက်ဆက်တွဲတွေ ဖြစ်လာတာပါ။

လူအတော်များများက တွေးတဲ့အခါ Logic ကျကျ တွေးကြတာမျိုးမဟုတ်ပါဘူး။ အခြားလူတွေတွေးသလိုမျိုးပဲ လိုက်တွေးတတ်ကြတာပါ။
လူတစ်ယောက်ကို Stereotype တစ်ခုထဲထည့်ပြီးမြင်လိုက်တဲ့အခါ သူဘာလုပ်လုပ် ဒီ Stereotype ထဲက မထွက်တော့ပါဘူး။ ဒါဟာ ကိုယ့်စိတ်က ဖြစ်နေတာပဲဆိုပေမယ့် အဲ့ဒီအတွေးအတိုင်းလိုက်ပြီး Act လုပ်တတ်ကြပါတယ်။

သိပ္ပံနည်းကျလေ့လာထားတာမျိုး မရှိဘဲနဲ့ ပြောတဲ့အခါ Idea တစ်ခုဟာ မှန်ရာကနေ မှားတယ်ဆိုပြီး ခဏလေးနဲ့ဖြစ်သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Social Norms တွေကြောင့်ပါ။ “အများညီရင် ဤကိုကျွဲဖတ်” လို့ ရနေပါတယ်။

မြန်မာပြည်မှာ တစ်ချိန်က ပေါကားတွေ ခေတ်ဖြစ်ခဲ့ပါတယ်။ လူတိုင်းပေါကားငှားကြည့်ကြပါတယ်၊ တချို့ဆိုရုံတွေထဲထိသွားပြီး ပေါကားကို ကြည့်ကြပါတယ်။ အဲ့ခေတ်ရဲ့ Standard နဲ့ဆို ပေါကားဟာ ဟာသကားပါပဲ။
ဒီဘက်ခေတ်မှာ အမြင်ကျယ်လာကြတော့ Misogynistic ဖြစ်တယ်၊ LGBT တွေကို Discriminate လုပ်တယ်ဆိုပြီး ဝေဖန်လာကြပါတယ်။ ဘာဇာတ်လမ်းမှ မရှိဘဲ ရိုက်ပြီး ပိုက်ဆံလိမ်ယူတယ်လို့ စွတ်စွဲလာကြပါတယ်။ ဝေဖန်နေတဲ့သူတွေကို ကြည့်ရင် တချိန်က ပေါကားကို စွဲစွဲမြဲမြဲကြည့်လာကြသူတွေပါပဲ။ (ကျွန်တော်အပါအဝင်…)
ဒီတော့ ခေတ်ကာလတစ်ခုအပြောင်းအလဲမှာ ဟာသကားကနေ ပေါကားဖြစ်သွားပါတယ်။ ဒါကြောင့် Socially လက်ခံတဲ့ အမြင်တစ်ခုဟာ ခဏလေးအတွင်း ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။

အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ဖို့ စိတ်က ဘယ်လောက်တောင်အရေးပါလဲဆိုတာ စမ်းသပ်ထားတာရှိပါတယ်။ လူဖြူနဲ့ လူမဲတွေကို စာမေးပွဲဖြေခိုင်းလိုက်ပါတယ်။ အဲ့ထဲက လူတစ်ဝက်ကို “သူတို့ရဲ့ဉာဏ်ရည်ကို စမ်းသပ်ချင်တာဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။ ပိုပြီး Stress များသွားတာပေါ့။
ဖြေပြီးတော့ အမှတ်စစ်တဲ့အခါမှာ လူဖြူတွေဟာ သူတို့ဉာဏ်ရည်ကို စမ်းသပ်မယ်လို့ ပြောပြော၊ မပြောပြော ဒီအမှတ်ပါပဲ။ လူမဲတွေမှာတော့ ဉာဏ်ရည်စစ်မယ်လို့ အပြောခံရတဲ့သူတွေဟာ အမှတ်မကောင်းကြပါဘူး။

အကြောင်းကတော့ သူတို့ဆီမှာ လူမဲဆိုရင် ဉာဏ်ရည်နိမ့်တယ်ဆိုတဲ့ Stereotype တစ်ခုရှိနေလို့ပါ။ ဒီတော့ ငါတကယ်များ ဉာဏ်ရည်နိမ့်နေမလားဆိုတဲ့ psycho ဝင်သွားတာပေါ့။
လူဖြူတွေကတော့ ဒီလိုမျိုး မရှိတဲ့အတွက် ဉာဏ်ရည်စစ်ခြင်း၊ မစစ်ခြင်းဟာ သူတို့ကို Affect မဖြစ်စေပါဘူး။

ဒီလိုစမ်းသပ်မှုမျိုးကို Variable တွေအမျိုးမျိုးပြောင်းပြီး စမ်းသပ်ခဲ့တဲ့အခါ တွေ့လာရတာက နေရာတော်တော်များများမှာ ဒီပြဿနာရှိနေပါတယ်။ ဒါကို Stereotype Threat လို့ခေါ်တယ်။
ကိုယ်က Negative Stereotype တစ်ခုဖြစ်နိုင်တယ်လို့ တွေးမိတဲ့အခါ စမ်းသပ်တဲ့အချိန်မှာ တလွဲတွေလုပ်ရင်း အဲ့ဒီ Stereotype ထဲကို ဝင်မှန်းမသိဝင်သွားတာမျိုးပါ။

ယောက်ျားနဲ့ မိန်းမကို ယှဉ်ပြီး သင်္ချာတွက်ခိုင်းတာလည်း ရှိပါတယ်။ လူတွေမျက်စိထဲမှာ မြင်တာက မိန်းမဆိုရင် သင်္ချာညံ့တယ်၊ ကားမောင်းရင် တလွဲတွေလုပ်တတ်တယ် စသဖြင့်ပေါ့။ လွယ်ကူတဲ့ပုစ္ဆာတွေမှာတော့ အမှတ်တွေက မတိမ်းမယိမ်းပဲ။ ခက်ခဲတဲ့ပုစ္ဆာတွေဆီ ရောက်လာတဲ့အခါ မိန်းမတွေရဲ့အမှတ်တွေက ထိုးကျသွားတယ်။

ဒါနဲ့ နောက်တစ်သုတ်ထပ်စမ်းကြည့်တယ်။ ဒီတစ်ခါမှာတော့ မဖြေခင်ကတည်းက ယောက်ျားနဲ့မိန်းမ သင်္ချာစွမ်းရည်ဟာ တူတူပဲလို့ ကြိုပြောပြထားတယ်။ နောက်ဆုံးပိတ်ရလာတဲ့ အမှတ်တွေက တကယ်လည်း သွားတူနေပါတယ်။ ဒီတော့ မိန်းမတွေသင်္ချာညံ့တယ်ဆိုတာ မဟုတ်ပါဘူး။

ဒီလိုတွေဖြစ်လာရတာဟာ အတွေး (Perception) တစ်ခုကြောင့်ပါပဲ။ အဲ့ဒီအတွေးကို ရအောင်ဖျောက်ဖျက်နိုင်ရင် အဆင်ပြေသွားပါတယ်။

Illustration of stereotypes in science.

နောက်တစ်ခုက ကိုယ့်ကို သူများတွေက တမျိုးမျိုး သတ်မှတ်ထားရင် တကယ်ပဲ သူတို့သတ်မှတ်ထားသလိုဖြစ်လာတဲ့ အကြောင်းပါ။ ဥပမာ ဆရာမက မောင်မောင်ဟာ တော်တယ်လို့ ပြောတဲ့အခါ မောင်မောင်က အမှန်တကယ် လူတော်ဖြစ်လာပါတယ်။
အဓိကကတော့ ဆရာမက ကိုယ့်ကို ပစားပေးတယ်။ အဲ့ဒီအတွက် အတန်းဖော်တွေက လေးစားတယ်။ ကိုယ့်ကို ဒီလို Expect လုပ်လိုက်တဲ့အခါ ကိုယ်ကလည်း သူတို့ရဲ့ Expectation နဲ့အညီလိုက်နေရပါတော့တယ်။ တော်တယ်လို့ အမြဲပြောခံရအောင် စာပိုကြိုးစားရပါတယ်… ဒီတော့ တကယ်တော်တဲ့သူဖြစ်လာပါတယ်။ ဒါကို Labeling Theory လို့ခေါ်ပါတယ်။

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာ ဒီ သီအိုရီကိုပြောလိုက်သလိုပါပဲ။ ဒီလူတစ်ယောက်ဟာ မကောင်းတဲ့သူလို့ ကိုယ်က ကြိုတင်သတ်မှတ်ထားရင် သူနဲ့ဆက်ဆံတဲ့အခါ စိတ်ပါလက်ပါ ဆက်ဆံမိမှာမဟုတ်ပါဘူး။ အဲ့အခါမှာ သူကလည်း ကိုယ့်ကို ကောင်းကောင်းဆက်ဆံမှာ မဟုတ်ဘူး။ ဒီတော့ ဒီလူမကောင်းဘူးလို့ ကိုယ်ထင်ထားတာ မှန်သလိုဖြစ်သွားတာပေါ့။

ဒါကို အတွဲတွေမှာလည်း တွေ့ရပါတယ်။ တဖက်လူက မရိုးသားဘူးလို့ ထင်တဲ့အခါ သူ့အပေါ် ကိုယ့်ရဲ့ဆက်ဆံပုံတွေ ပြောင်းလဲလာတတ်ပါတယ်။ အဲ့အခါမှာ ဒါကို သူလည်း သတိထားမိပြီး အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးပိတ် မသာယာတော့လို့ နောက်တစ်ယောက်ပြောင်းသွားတဲ့အခါ “သူ မရိုးသားဘူး ထင်ခဲ့တာ ငါမမှားပါလား…” လို့ တွေးမိတတ်ပါတယ်။

ဒါတွေ အကုန်လုံးဟာ ကိုယ့်ဦးနှောက်ရဲ့ Assumption တွေအပေါ်လိုက်ပြီး Act လုပ်နေကြတာသာဖြစ်ပါတယ်။ ဒီ Assumption တွေဟာ Logic ကျကျတွေးထားတာမျိုး မဟုတ်တတ်ပါဘူး။ ဒါကြောင့် တော်တော်အန္တရာယ်များပါတယ်။

စမ်းသပ်ထားတာတစ်ခုကို ပြောပြီး အဆုံးသတ်ချင်ပါတယ်။ လူတွေကို ပရဟိတအဖွဲ့တစ်ခုမှာ ၃နာရီလောက် အကူအညီပေးဖို့ ဖုန်းဆက်ပါတယ်။ တချို့ကို “လုပ်နိုင်မလား” လို့မေးလိုက်ပါတယ်။ သူတို့က Yes ပြန်ပြောတယ်။ ဒါပေမယ့် အဲ့ဒီအထဲက 4% ကပဲ တကယ်ရောက်လာပါတယ်။
တချို့ကိုတော့ “သင့်ကို ကူညီဖို့တောင်းဆိုခဲ့သည်ရှိသော် လာနိုင်မယ်ထင်လား” လို့မေးပါတယ်။ တော်တော်များများက “လာနိုင်တာပေါ့” လို့ဖြေကြပါတယ်။ အကုန်နီးပါး တကယ်ရောက်လာကြပါတယ်။

ဘာလို့လဲဆိုတော့ ဒုတိယအဖွဲ့ဟာ ကိုယ့်ရဲ့ Personality ကိုတွေးမိသွားလို့ပါ။ ငါဟာ ပရဟိတ လုပ်နိုင်တဲ့သူလား… ဆိုတာ ကိုယ့်ဘာသာပြန်မေးပြီး လုပ်နိုင်တယ်ဆိုတဲ့ အဖြေရတဲ့အခါ လုပ်လိုက်ပါတယ်။ ဒါကို လုပ်ခြင်း၊ မလုပ်ခြင်းဟာ သူတို့ Personality နဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့ တွေးမိသွားလို့ပါ။

စကားအသွားအလာအနည်းငယ် ပြောင်းလိုက်တာနဲ့ ရလဒ်တွေက အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အပြင်လောကကြီးကို မြင်တဲ့အမြင်တွေဟာ Logic သိပ်မကျပါဘူး။

အလုပ်ကောင်းကောင်းလိုချင်တယ်၊ ရည်းစားကောင်းကောင်းလိုချင်တယ်၊ သူငယ်ချင်းကောင်းတွေလိုချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြောင်းလဲရပါတယ်။ ဒီလိုပြောင်းလဲလိုက်လို့ တကယ်ဖြစ်လာမယ်ဆိုပြီး အတိအကျပြောလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကောင်းတာတွေ ဖြစ်လာမယ်လို့ ယုံကြည်တိုင်း ကောင်းတာတွေ ဖြစ်လာတာမဟုတ်လို့ပါ။

ဒါပေမယ့် ဆိုးတာတွေ မဖြစ်လောက်ဘူးလို့ ယုံကြည်ရင်တော့ ကိုယ်ယုံကြည်သလိုမဖြစ်အောင် နေထိုင်ပြုမူတဲ့အတွက် အမှန်တကယ်ပဲ ဆိုးတာတွေ ဖြစ်မလာတတ်ပါဘူး။ ဘဝကြီးမှာ ကောင်းတာတွေ ဖြစ်မလာရင်တောင်မှ ဆိုးတာတွေ မဖြစ်လာရင်ပဲ တော်တော်နေလို့ အဆင်ပြေနေပါပြီ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started