လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး

သင့်မှာ လက်ဆစ်ချိုးတတ်တဲ့အကျင့် ၊ ခါးချိူးတတ်တဲ့အကျင့်ရှိပါသလား။
ဒါဆို သင်သိချင်လောက်မယ့် အကြောင်းတွေပါလာမှာမို့ ဆက်ဖတ်ကြည့်ပေးပါ။

လက်ဆစ်ချိုးတာ မကောင်ဘူး၊ လက်ဆစ်လွဲမယ်တို့၊ ခါးကိုခဏခဏမချိုးနဲ့ ဆိုပြီး အိမ်ကလူတွေပြောတာကြားဖူးကြမှာပါ။ ဒါပေမယ့် အကျင့်ဆိုတာဖျောက်ရခက်တော့ အကျင့်ဖြစ်နေသူတွေအတွက် လက်ချိုးလိုက်ရမှ ၊ ခါးချိူးလိုက်ရမှ နေသာထိုင်သာရှိတာ ကြုံဖူးမှသိမှာပါ။

ဘေးကလူတွေကြားရင်တော့ လက်ဆစ်ချိုးတဲ့အသံက တော်တော်နာမယ့်အသံလို့ထင်နေကြပေမယ့် တကယ်တော့ နာကျင်မှုမရှိတတ်ပါဘူး။

ဘာလို့ အဆစ်တွေကိုချိုးလိုက်ရင် ဖောက်ဆိုပြီး အသံထွက်ရတာလဲ။ ဒါဘာလို့ဖြစ်တာလဲဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာကြပါတယ်။ အစောဆုံးလေ့လာခဲ့ကြတာကတော့ ၁၉၄၀ ခုနှစ်လောက်ကစခဲ့ပါတယ်။

အဲ့တုန်းကထင်တာက အဆစ်ချိုးတဲ့အခါ အရိုးထိပ်မှာဖုံးထားတဲ့ အရွတ်ခွက်ကလေးတွေ တင်းကြပ်ပြီး ပြန်ချောင်သွားတဲ့အခါ အသံထွက်လာတာလို့ထင်ခဲ့တာပါ။
ဒါကို Articular release theory လို့တင်စားခဲ့ပါတယ်။

နောက်ပိုင်းမှာ ခေတ်စားလာတဲ့ theory တခုကကျ လက်ဆစ်ကိုချိုးလိုက်တဲ့အခါ အရိုးအဆစ်နားက တစ်ရှူးတွေတုန်ခါလို့ ထွက်တဲ့အသံလို့ ဆိုကြပြန်ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ အားလုံးသိချင်နေတဲ့အဖြေကိုပေးနိုင်တဲ့ လေ့လာမှုတခုရှိခဲ့ပါတယ်။

အဲ့လေ့လာချက်အရ အရိုးအဆစ်တွေကြားထဲမှာ ချောဆီအရည်တခုရှိပါတယ်။ အဲ့ချောဆီအရည်က အရိုးတွေလှုပ်ရှားရင် ချောမွေ့အောင်လုပ်ပေးပါတယ်။ အဆစ်တခုကို ချိုးလိုက်ရင် အဆစ်ကြားက ဟ သွားပါတယ်။

Volume များလာရင် pressure ကျသွားလို့ အဲ့နေရာမှာရှိတဲ့ ချောဆီထဲမှာ ပျော်ဝင်နေတဲ့ gas တွေအပြင်ကိုထွက်လာပါတယ်။

အရိုး၂ခုကြားထဲမှာ ပူစီဖောင်းလေးတွေထွက်လာသလိုဖြစ်ပြီး အဲ့ပူစီဖောင်းလေးတွေ ပြန်ပေါက်သွားတဲ့အခါ ဖောက်ခနဲအသံကြားရတာပါ။

ဒီ gas bubble theory ကလူတိုင်းလက်ခံတဲ့ theory ဖြစ်လာခဲ့ပြီး ပုံဖော်စက်အမျိုးမျိုးနဲ့ စမ်းသပ်တဲ့အခါမှာလဲ အရိုးကြားမှာ ပူဖောင်းလေးတွေထွက်လာတာ ပေါက်သွားတာ အဆင့်ဆင့်ကို မြင်တွေ့ရပါတယ်။

နောက်တချက်ထူးခြားတာက သင်လက်ဆစ်တခါချိုးပြီးရင် နောက်တခါချက်ချင်းပြန်ချိုးလို့ အသံမထွက်တော့ပါ။ ဖောက်ခနဲ အသံပြန်ထွက်ဖို့ဆို
အနည်းဆုံး နောက်ထပ်မိနစ် ၂၀ လောက်ပြန်စောင့်ရပါတယ်။

အကြောင်းကတော့ အရိုးအဆစ်တွေက သူ့နေရာသူပြန်ရောက်ပြီး နေသားတကျပြန်ဖြစ်အောင် စောင့်ရလို့ပါ။ အဲ့တာမှပဲ gas bubble တွေပြန်ထွက်လို့ပါ။

ဒါဆိုဟုတ်ပြီ။ ခဏခဏအဆစ်တွေချိုးနေတာ ကျန်းမာရေးအတွက်ကောင်းသလား ဆိုးသလား။

အခုချိန်အထိတော့ လက်ဆစ်ချိူးတာနဲ့ ဆိုးရွားတဲ့ရောဂါတွေဖြစ်တယ်လို့ ဆက်နွယ်မှုမရှိသေးပါဘူး။ လေ့လာချက်တခုအရတော့ လက်ဆစ်ချိုးတဲ့အကျင့်ရှိသူတွေက အသက်ကြီးလာရင် လက်ဆုပ်ကိုင်မှုအားနည်းသွားတာ၊ လက်ချောင်းတွေအားနည်းတာ၊ ယောင်ယမ်းတာတွေဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။

ဒါပေမယ့် ဒါကလူတိုင်းအသက်ကြီးရင်ဖြစ်ကြတာပဲမို့လို့ လက်ဆစ်ချိုးမှပိုဖြစ်တယ်ဆိုတာတော့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါဘူး။ အဆစ်အမြစ်ကိုက်ရောဂါတခုဖြစ်တဲ့ osteoarthritis ရောဂါနဲ့လဲ လက်ဆစ်ချိုးတာနဲ့က သက်ဆိုင်မှုမရှိဘူးဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အချုပ်ပြောရရင် အဆစ်ချိုးလို့ အဆစ်မြစ်ရောဂါရတယ်ဆိုတာ မဟုတ်ပါဘူး။

ဒါပေမယ့် သတိထားရမယ့် နေရာတွေကတော့ လည်ပင်းဆစ်နဲ့ ခါးရိုးချိုးတဲ့နေရာတွေပါ။

အဲ့နေရာတွေကတော့ အရေးကြီးတဲ့ အာရုံကြောတွေရှိနေတာမို့လို့ အလွန်အကျွံလုပ်မိရင် ခါးလိမ်သွားတာ၊ ခါးဆစ်ရိုးကျွံသွားတာ၊ လည်ပင်းအဆစ်လွဲသွားတာ စတာတွေဖြစ်နိုင်ပါတယ်။

လက်ဆစ်ခြေဆစ်ချိုးတာက အန္တရာယ်မရှိပေမယ့် ဇက်ချိုးတာနဲ့ ခါးချိုးတာကိုတော့ သတိထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started