အလင်းဟာ စကြဝဠာကိန်းသေတစ်ခုဖြစ်ပါတယ်။ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နီးပါးသွားနိုင်ပါတယ်။ ဒါပေမယ့် စကြဝဠာကြီးနဲ့ယှဉ်လိုက်ရင် ဒီတန်ဖိုးက သေးငယ်လွန်းပါတယ်။ လူတွေက လက်ရှိအချိန်မှာ အလင်းအလျင်ရဲ့ ၁၀% တောင် မြန်အောင်မလုပ်နိုင်သေးပေမယ့် ဒီ Limit ကြီးကို ဖြတ်ကျော်ကြည့်ချင်ကြပါတယ်။ အဲ့တော့ အလင်းထက်မြန်အောင်… Einstein ရဲ့ သီအိုရီလည်း မမှားအောင်… တစ်မျိုးပြောင်းပြီး ကြံစည်ကြပါတယ်။

Physicists တွေကို အဓိက Inspire ဖြစ်စေတာကတော့ Star Wars တို့၊ Star Trek တို့ပါ။ Star Trek က Enterprise ယာဉ်တွေဟာ အလင်းအလျင်ထက် အဆ ၉၀၀၀ ပိုမြန်အောင် သွားနိုင်ပါတယ်။

Star Wars က Millenium Falcon ယာဉ်ဟာဆိုရင် အလင်းအလျင်ထက် အဆပေါင်း ၉သန်းပိုမြန်ပါတယ်။

လက်တွေ့မှာ အမြန်ဆုံးသွားနိုင်တဲ့ Juno Probe ဟာ အလင်းအလျင်ရဲ့ 0.0002 ပဲသွားနိုင်ပါတယ်။ တစ်စက္ကန့်ကို ၄၆ မိုင်လောက်သွားတာပါ။

ဘာလို့ဒီလောက်တောင် မြန်ချင်နေရတာလဲလို့ မေးချင်ကြမှာပါ။ အာကာသထဲခရီးသွားမယ်ဆိုရင် အနီးစပ်ဆုံးရှိနေတဲ့ Proxima Centauri B ထိတောင် အလင်းအလျင်နဲ့ နှစ်ပေါင်း ၂သောင်းသွားရမှာပါ။ Enterprise လိုယာဉ်မျိုးနဲ့သွားရင် အသွားအပြန် ၉နာရီပဲကြာပါမယ်။ Proxima Centauri B က ကမ္ဘာနဲ့တော်တော်တူလို့ သွားချင်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း အချိန်တစ်ခုမှာ ပျက်စီးသွားဖို့ သေချာနေတဲ့အတွက် ဒီကနေ ထွက်ခွာချင်ရင် ထွက်ခွာနိုင်အောင် ကြိုပြီး ပြင်ဆင်နေကြတာဖြစ်ပါတယ်။


ဇာတ်လမ်းတွေကိုကြည့်ပြီး စိတ်ကူးယဉ်တဲ့အခါ သူတို့လိုမြန်မြန်သွားနိုင်မယ့် ယာဉ်တစ်ခုကို သင်္ချာအရ တွက်ချက်လို့ရလာပါတယ်။ အခုပြောချင်တာ Warp Drive တွေအကြောင်းပါ။
၁၉၉၄ ခုနှစ်မှာ Miguel Alcubierre ဆိုတဲ့ပုဂ္ဂိုလ်ဟာ PhD တက်နေစဉ်ကာလမှာပဲ ဒီအကြောင်းကို Paper တစ်ခုတင်ခဲ့တာပါ။ Einstein ရဲ့ General Theory of Relativity အရဆိုရင် Gravity ဆိုတာ အားတစ်ခု မဟုတ်ဘဲ ပစ္စည်းတစ်ခုကြောင့် ဟင်းလင်းပြင်အချိန် (Space Time) ကွေးညွတ်သွားတာပါ။ ဂြိုလ်တွေ နေကိုပတ်နေတယ်ဆိုတာလည်း နေကြောင့် Space Time ကွေးညွှတ်မှုတွေများနေလို့ပါ။

Sun-Earth-Moon and space-time. Illustration of the gravitational fields of the Sun, Earth and Moon distorting the fabric of space-time. Albert Einstein conceived of space-time in his Special Theory of Relativity. He showed that space and time are not invariant, but should be considered a single continuum. In his General Theory of Relativity, Einstein then explained the phenomenon of gravity as a distortion of this space-time continuum.
Alcubierre က Einstein ရဲ့ Equation တွေကို Manipulate လုပ်ပြီး သူလိုချင်တဲ့ Warp Drive ကို Theory အရတည်ဆောက်ခဲ့ပါတယ်။ Thought Experiment တစ်ခုအနေနဲ့ စတင်ခဲ့ပေမယ့် သင်္ချာအရ မှန်ကန်နေလို့ ဒါဟာ ဖြစ်နိုင်လားဆိုတာ ပြောပြချင်ပါတယ်။ ခုချိန်မှာတော့ ဒါကို Alcubierre Drive လို့ခေါ်နေကြပါပြီ။

အာကာသယာဉ်တစ်ခုရဲ့ ပတ်ပတ်လည်မှာ ပူပေါင်း (Bubble) တစ်ခု ဖြစ်လာအောင် လုပ်လိုက်ပါ။ အဲ့ဒီပူပေါင်းရဲ့အရှေ့က Spacetime ကို ကွေးညွတ်အောင် (Compress) လုပ်ပြီး အနောက်က Spacetime ကို ဆန့်လာအောင် (Expand) လုပ်တဲ့အခါ အလင်းထက်မြန်အောင် သွားလို့ရလာပါတယ်။
“အော်… အဲ့လောက်တောင် လွယ်တာလား…” လို့ မပြောခင် ဆက်ဖတ်ပေးပါဦး။

Einstein က အလင်းထက်မြန်တာမရှိဘူးလို့ ပြောခဲ့တော့ Warp Drive တွေက ဒါကို ချိုးဖောက်နေသယောင်ရှိတာပေါ့။ ဒါပေမယ့် Einstein ပြောခဲ့တာက Spacetime ပေါ်မှာ သွားနေတဲ့ အရာဝတ္ထုတွေကိုပါ။ ဟင်းလင်းပြင် ကိုယ်တိုင်ကတော့ အလင်းထက်မြန်မြန်သွားလို့ရပါတယ်။ (ဒါကြောင့်လည်း Big Bang တုန်းက ဟင်းလင်းပြန်အချိန်ဟာ အလင်းထက်မြန်မြန် ဆန့်ထွက်နိုင်ခဲ့တာပါ)
မြင်အောင်ပြောရရင် “ငါပြောသလိုလုပ်… ငါလုပ်သလိုမလုပ်နဲ့…” ဆိုတဲ့သဘောပါပဲ။
ဒီတော့ Bubble ရဲ့နောက်က Spacetime ဟာ ဆန့်ကားလာတဲ့အတွက် Spaceship ကိုတွန်းပါတယ်။ ဒါကို Surfing လုပ်တာနဲ့ တူတယ်ဆိုပြီး ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ ဘုတ်ပြားပေါ်မှာ ကိုယ်က အငြိမ်ပါပဲ… လှိုင်းတွေကသာ ကိုယ့်ကို ရွေ့အောင်လုပ်ပေးနေတာပါ။

Spacetime ကို ရှေ့မှာကွေးပြီး နောက်မှာဆန့်စေချင်တဲ့အခါ အာကာသယာဉ်ရဲ့ Shape ကလည်း အရေးပါလာပါတယ်။ အောက်ကပုံကိုကြည့်ပါ။

မေးစရာရှိတာက Spacetime ကိုကွေးအောင် ဘယ်လောက်တောင် စွမ်းအင်တွေသုံးရမလဲ?
တကယ်တော့ မေးသင့်တဲ့မေးခွန်းက ဘယ်လိုစွမ်းအင်ကို သုံးရမလဲဆိုတာပါ။
Bubble ရဲ့အနောက်မှာ Spacetime ကို လှိုင်းလိုဖြစ်လာအောင် လုပ်ဖို့မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အရာဝတ္ထုတွေဟာ Spacetime ကွေးညွှတ်မှုကိုပဲ ဖြစ်စေပါတယ်။ ခုံးထလာတာမျိုး မဖြစ်စေပါဘူး။
ဒီတော့ အဲ့လိုခုံးထလာအောင် Negative Energy ကိုသုံးမယ်ဆိုပြီး တစ်မျိုးကြံစည်လိုက်ပါတယ်။ ဒါပေမယ့် Negative Matter တို့၊ Negative Energy တို့ဆိုတာ သီအိုရီအရပဲ ရှိတာပါ။ လက်တွေ့မှာ ရှာမတွေ့သေးပါဘူး။ (ဒီနေရာမှာ ရှင်းအောင်ပြောချင်တာက Negative Matter ဆိုတာ Antimatter မဟုတ်ပါဘူး… Anti-matter ဆိုတာ Matter နဲ့ Charge ပဲမတူတာပါ… တကယ်ရှိပါတယ်)

မြင်အောင်ပြောရရင် Negative Matter ဆိုတာ ပေါင်ချိန်လိုက်တဲ့အခါ -50kg (အနှုတ် ၅၀ ကီလိုဂရမ်) ဆိုပြီးပေါ်နေတာမျိုးပါ။ Negative Energy ဆိုတာလည်း အနှုတ်တန်ဖိုးတစ်ခုဆောင်နေတဲ့ Energy ပါပဲ။ ဒါတွေက ဘာလဲဆိုတာ စဉ်းစားကြည့်လို့တောင် မလွယ်ပါဘူး။

သာမန် Matter နဲ့ သာမန် Energy ပေါင်းလိုက်တဲ့အခါ Spacetime ကွေးညွတ်သွားပါတယ်။ ဒီတော့ Negative Matter နဲ့ Negative Energy သာပေါင်းလိုက်ရင် Spacetime က ခုံးထလာပြီး လှိုင်းလိုတွန်းလိမ့်မယ်လို့ တွက်လိုက်တာပါ။
ဒီလိုမျိုးလုပ်ဖို့ Energy ဘယ်လောက်လိုမလဲဆိုတာ Alcubierre ရဲ့တွက်ချက်မှုအရ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ Mass တွေအကုန်လိုမယ်လို့ ဆိုတယ်။ (ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ) နောက်ပိုင်းမှာ NASA က သူ့ Equation ကို Modify လုပ်လိုက်တဲ့အခါမှာတော့ Negative Energy ၇၀၀ ကီလိုဂရမ်နဲ့ အလုပ်ဖြစ်သွားပါတယ်။ ဒါဆိုရင် Negative Energy ရှာတွေ့တဲ့အခါ ဒီ Concept ဟာဖြစ်လာနိုင်ချေရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဘယ်လိုတွက်ချက်လိုက်ပြီး စကြဝဠာတစ်ခုလုံးလိုမယ့် ကိစ္စကို ၇၀၀ ကီလိုဂရမ်နဲ့ စျေးစစ်နိုင်လိုက်တာလဲ ဆိုတာပါ။ အောက်ကပုံကို တစ်ခေါက်ပြန်ကြည့်ပါ။

ပုံမှာ ပါတဲ့ကွင်း ၂ကွင်းကို လှည့်ပတ်နေအောင် လုပ်တဲ့အခါ ၁၀ မီတာပဲရှည်တဲ့ ယာဉ်ပျံတစ်ခုဟာ အလင်းအလျင်ရဲ့ ၁၀ ဆသွားနိုင်တယ်လို့ တွက်ချက်မှုတွေအရဆိုပါတယ်။ သူ့ရဲ့အဆိုအရ အဲ့ဒီကွင်း ၂ကွင်းထဲမှာ Negative Energy တွေလှည့်ပတ်စီးဆင်းနေအောင် လုပ်ရမယ်လို့ ဆိုပါတယ်။

ဒီတော့ Warp Drive တစ်ခုဖြစ်လာဖို့ Negative Energy လိုနေပါတယ်။ ဒါကိုဘယ်မှာရှာရမလဲ ပညာရှင်တွေစဉ်းစားကြပါတယ်။ အဲ့ဒီအခါမှာ ဖြစ်နိုင်ချေရှိတာ တစ်ခုသွားတွေ့ပါတယ်။ ဒါက Dark Energy ပါ။
ကျွန်တော်တို့ရဲ့ စကြဝဠာထဲမှာ Normal Matter, Dark Matter, Dark Energy ဆိုပြီး ၃မျိုးရှိတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ Normal Matter ဆိုတာ ကျွန်တော်တို့တွေ့ရသမျှ မျက်စိတစ်ဆုံးပါပဲ။ ဒါက စကြဝဠာတစ်ခုလုံးရဲ့ ၅% ပဲရှိပါတယ်။ ကျန်တဲ့ ၉၅% ဟာ မမြင်ရတဲ့ Dark Matter နဲ့ Dark Energy တွေပါ။ (ဒီအကြောင်းက သီးသန့်ရေးရမှာမို့ ဆက်မပြောတော့ပါဘူး…)

Dark Energy ကို ဘာလို့ Negative Energy ဖြစ်နိုင်တယ်လို့ ပြောသလိုဆိုရင် Spacetime ကို ပြန့်ကားအောင် သူကလုပ်ပေးနေလို့ပါ။ Warp Drive အတွက်လိုတာလည်း Spacetime ပြန့်ကားခြင်းပါပဲ။ ဒီတော့ Dark Energy ဟာ ကျွန်တော်တို့လိုအပ်တဲ့ Negative Energy များဖြစ်နေမလားဆိုပြီး တွေးလာကြပါတယ်။

အနာဂတ်မှာ Dark Energy အကြောင်းသေချာနားလည်သွားပြီး အသုံးပြုလို့ရအောင် လုပ်နိုင်မယ်ဆိုရင် Warp Drive တွေဟာ လက်တွေ့ဖြစ်လာနိုင်စရာရှိပါတယ်။ အဲ့အချိန်မရောက်ခင်ထိတော့ မီးဟုန်းဟုန်းတောက်နေတဲ့ ခပ်နှေးနှေး ဒုံးပျံကြီးတွေစီးပြီး အာကာသထဲသွားနေရဦးမှာပေါ့ဗျာ။

အခုနောက်ပိုင်းမှာ Negative Energy မလိုတဲ့ Warp Drive နောက်တစ်မျိုးကို သီအိုရီအရ ပြောလာကြပါတယ်။ အဲ့ဒီအကြောင်းကို ဆက်ရေးပါဦးမယ်။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
