စေတနာနဲ့ ရှင်းမလား၊ ငွေနဲ့ ရှင်းမလား?

စားသောက်ဆိုင်တစ်ခုမှာ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်က လိုက်ပြီး Treat တယ်ဆိုပါတော့။ စားသောက်လည်းပြီးရော “ခုလိုကျွေးတာ ကျေးဇူးတင်တယ်ကွာ… မင်းကို ဘယ်လောက်ပေးရမလဲ… ၁သောင်းဆို လောက်မလား…” လို့မေးလိုက်တယ်ဆိုရင် ရန်ဖြစ်မှာပေါ့။ ရန်မဖြစ်ရင်တောင် ကိုယ့်ကို နောက်တစ်ခါကျွေးတော့မှာ မဟုတ်ဘူး… စေတနာပျက်သွားတာပေါ့။
တဖက်က စေတနာနဲ့ကျွေးတာကို ငွေကြေးနဲ့တုံ့ပြန်လိုက်တဲ့အတွက် ပြဿနာတက်သွားတာပါ။

ဒီလိုဖြစ်စဉ်မျိုးတွေ အမြဲတွေ့နေရတာပါပဲ။ စိတ်ပညာအရတော့ Social Norm နဲ့ Market Norm လို့ခေါ်တယ်။ Social Norm ဆိုတာ စေတနာနဲ့ လုပ်ပေးတာမျိုးပေါ့…။ ဥပမာ အိမ်ပြောင်းတော့မယ်ဆိုရင် အလကားအချိန်ပေးပြီး လာကူပေးကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဟာ Social Norm အရလာကူကြတာပါ။ ဒါက နွေးထွေးတဲ့အသွင် ရှိပါတယ်။

Market Norm ကတော့ ငွေကြေးနဲ့လုပ်ပေးတာပါ။ ဥပမာ အိမ်ပြောင်းမယ်ဆို ပြောင်းပေးမယ့် Agency ကို ဆက်သွယ်လိုက်တာနဲ့ အခကြေးငွေတစ်ခုယူပြီး လာလုပ်ပေးပါတယ်။ ဒါက အပေးအယူဆန်တယ်။ နွေးထွေးမှုမရှိဘူးဆိုပါတော့။ ဒီနေရာမှာ ကွက်ကျော်ရိုက်တာတွေ၊ ဂျင်းထည့်တာတွေ၊ ခြေထိုးခံလိုက်တာတွေ အပြည့်ရှိတယ်။

လူတွေက ပုံမှန်အားဖြင့် ဒီ Norm ၂ခုကို အကန့်ခွဲထားတတ်ကြပါတယ်။ မြင်အောင် ခပ်ရိုင်းရိုင်းပြောရရင် လိင်ကိစ္စကိုပဲကြည့်ပါ။ Social Norm နဲ့သွားတဲ့အခါ အခကြေးငွေမလိုပါဘူး။ ဒါက ကိုယ့်ရည်းစားဖြစ်နိုင်သလို၊ ကိုယ့်အိမ်ထောင်ဖက်နဲ့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Market Norm နဲ့သွားတဲ့အခါ အချူဇယားတွေ၊ ပြည့်တန်ဆာတွေ ဖြစ်လာပါတယ်။ သူတို့နဲ့က ငွေပေးလိုက်ရင် ပြီးသွားပြီမို့ ဘာ Attachment မှ မရှိတတ်ကြပါဘူး။ ရာသက်ပန်ချစ်မြတ်နိုးပါမယ် ဆိုတာမျိုးလည်း သစ္စာဆိုစရာမလိုပါဘူး။

ဒီ ၂ခု ရောထွေးသွားတဲ့အခါ ပြဿအကြီးကြီးတွေ တက်ကြပါတယ်။ ဥပမာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ရည်းစားဖြစ်တဲ့ ပထမရက်မှာ မုန့်လိုက်ကျွေးတယ်…။ ဒုတိယရက်မှာလည်း မုန့်လိုက်ကျွေးတယ်…။ တတိယရက်မှာလည်း မုန့်လိုက်ကျွေးတယ်ဆိုပါတော့။ ဒီအခါမှာ ၃ခါလုံး သူပဲရှင်းတယ်။ ဒါပေမယ့် ကောင်မလေးက ၃ရက်မြောက်တဲ့အထိ လက်အကိုင်မခံဘူး။

ဒီတော့ သူက တွေးလာတယ်။ “ငါ့ပိုက်ဆံတွေတော့ တော်တော်ကုန်နေပြီ… သူက လက်လေးတောင် အကိုင်မခံဘူး…” ဆိုပြီးတော့ပေါ့။ ဒါဟာ ကောင်လေးအနေနဲ့ Social Norm နဲ့ Market Norm ကိုရှုပ်ထွေးနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ စတုတ္ထနေ့မှာ သူက “နင့်ကို ချစ်ရတာ ပိုက်ဆံတော်တော် ကုန်နေပြီ” လို့ ပြောလိုက်လို့ကတော့ ငါ့အကောင်အတွက် မျက်ရည်နှစ်စက်လို့ ပြောရမှာပါ။

ဒီ Norm ၂ခုရဲ့ အင်အားဘယ်လောက်ကြီးမားလဲဆိုတာ စမ်းသပ်ထားတာရှိပါတယ်။ လူတွေကို Computer တစ်လုံးပေးထားပြီး Screen မှာ ပေါ်လာတဲ့ စက်ဝိုင်းတွေကို သေတ္တာတစ်လုံးထဲ Drag လုပ်ပြီးထည့်ခိုင်းပါတယ်။ (ပျင်းစရာကြီးပေါ့ဗျာ…) ဒါကို ငါးမိနစ်တိတိလုပ်ခိုင်းတယ်။

လူတချို့ကို ၅မိနစ်စာအတွက် စမ်းသပ်မှုမစခင် ကတည်းက ၅ဒေါ်လာပေးထားလိုက်တယ်။ ဖြေပြီးတာနဲ့ ထွက်သွားလို့ရတယ်လို့ ပြောထားတယ်။ ဒါက Market Norm လိုဖြစ်အောင် လုပ်လိုက်တာပါ။
နောက်တစ်ဖွဲ့ကိုတော့ 50 cents ပဲပေးတော့တယ်။ ဆယ်ဆကွာသွားတာပေါ့။ (မြန်မာပြည်မှာဆိုရင်တော့ လက်ဖက်ရည်ဖိုးလောက် ရှိမယ်ထင်တယ်) ဒါလည်း Market Norm ဖြစ်အောင် လုပ်တာပါပဲ။
နောက်ဆုံးအဖွဲ့ကိုတော့ ဒီအတိုင်းပဲ အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဘာမှပေးမယ်လို့ မယ်မယ်ရရ မပြောထားပါဘူး။ ဒါကတော့ Social Norm ဖြစ်အောင် လုပ်လိုက်တာပါ။

ဘယ်အဖွဲ့က ၅မိနစ်အတွင်း စက်ဝိုင်းများများကို သေတ္တာထဲထည့်သွားတယ် ထင်သလဲ? Market Norm နဲ့သွားတဲ့ ၂ဖွဲ့မှာ စျေးပိုရတဲ့အဖွဲ့က အလုပ်ပိုလုပ်ကြပါတယ်။ ဘယ်လောက်တောင်ကွာလဲဆို ၅၀% လောက်ပိုလုပ်ကြတာပါ။ Social Norm အဖွဲ့ကတော့ ၅ ဒေါ်လာအဖွဲ့ထက်တောင် နည်းနည်းပိုပြီး ကြိုးစားကြပါတယ်။

လူတွေအတွက် ငွေကအရေးကြီးပေမယ့် ငွေထက်အရေးကြီးတာတွေ အများကြီးရှိတယ်လို့ တော်တော်များများက လက်ခံကြမှာပါ။ ဒီတော့ ဒါက သိပ်မထူးဆန်းပါဘူး။
ရှေ့နေတွေကို မတတ်နိုင်တဲ့သူတွေအတွက် အလုပ်လုပ်ပေးဖို့ အောက်စျေးနဲ့ ၁နာရီကို ဒေါ်လာ ၃၀ ပေးပြီး ငှားခဲ့ဖူးပါတယ်။ တစ်ယောက်မှ မလုပ်ကြပါဘူး။ ဒါပေမယ့် ဉာဏ်ကောင်းတာက ဒေါ်လာ ၃၀ နဲ့ငှားလို့မရတာကို တပြားမှမပေးဘဲ ထပ်ငှားကြည့်ပါတယ်။ ဒီအခါမှာတော့ ရှေ့နေတွေက လက်ခံလိုက်ပါတယ်။

ဘယ်လိုကြောင့် တပြားမှမရတာက ဒေါ်လာ ၃၀ ရတာထက် ဆွဲဆောင်မှုရှိနေရတာလဲ? ဒေါ်လာ ၃၀ လို့ပြောလိုက်တဲ့အခါမှာ သူတို့ခေါင်းထဲအရင်ဆုံး ဝင်လာတာက Market Norm ပါ။ အောက်စျေးနဲ့ ဖြစ်တဲ့အတွက် သိက္ခာအရ လုပ်ချင်ကြမှာမဟုတ်ပါဘူး။
ဒါပေမယ့် တပြားမှ မပေးတဲ့အခါ Social Norm က အသက်ဝင်လာပါတယ်။ ငါ ကူညီပေးသင့်တယ်… ဆိုတဲ့ စိတ်မျိုးဖြစ်လာစေပါတယ်။ တကယ်ဆိုရင် ဒေါ်လာ ၃ဝယူပြီး ငါကူညီပေးနေတာပဲလို့ တွေးလည်းရတာပါပဲ။ ဒါပေမယ့် ငွေကို မြင်လိုက်ရင် Market Norm ဝင်လာတတ်ပါတယ်။
ဒါကြောင့် 50 cents ပဲရတဲ့လူတွေက ကြိုးကြိုးစားစားမလုပ်ကြတော့တာပါ။

ဒီတော့ လက်ဆောင်ပေးပြီး တစ်ခါထပ်စမ်းကြည့်ကြပြန်ပါတယ်။ လက်ဆောင်ဆိုတာ Social Norm ထဲမှာပဲ ရှိတဲ့အရာတစ်ခုလို့ လက်ခံကြမှာပါ။ ခုတစ်ခါလည်း Computer ရှေ့မှာထိုင်ခိုင်းပြီးပဲ စမ်းသပ်ပါတယ်။ ဒီတစ်ခါ ၅ဒေါ်လာသမားကို ၅ဒေါ်လာတန်တဲ့လက်ဆောင်ပါ အပိုပေးပါတယ်။ ထို့အတူပဲ 50 cents သမားကို 50 cents တန်တဲ့လက်ဆောင်ပေးပါတယ်။

ဒီအခါမှာတော့ ၃ဖွဲ့လုံး အလုပ်လုပ်တာ တူတူပဲလို့ အဖြေထွက်ပါတယ်။ ဒီတော့ ပြောလို့ရတာက လက်ဆောင် သေးသေး၊ ကြီးကြီး တန်ဖိုးနည်းနည်း၊ များများ အရေးမကြီးပါဘူး။ လက်ဆောင်ပေးလိုက်တာနဲ့ Market Norm ကနေ ဖယ်ခွာပြီး Social Norm ထဲကို ရောက်သွားပါပြီ။

ဒီလောက်နဲ့လည်း မကျေနပ်ကြသေးပါဘူး။ Norm ၂ခုကို ရောထွေးသွားအောင် လုပ်ပြီး လက်ဆောင်ကိစ္စကို ထပ်ပြီး စမ်းသပ်ကြည့်ပါတယ်။ ခုတစ်ခါမှာတော့ ၅ဒေါ်လာတန် လက်ဆောင်ပေးမယ်နဲ့ 50 cents တန် လက်ဆောင်ပေးမယ်ဆိုတာပဲ ပြောပါတယ်။ အဖြေကတော့ သူတို့ဟာ ငပျင်းတွေ ပြန်ဖြစ်သွားကြပါတယ်။

ဒီတော့ လက်ဆောင်ပေးလိုက်တိုင်း Social Norm ထဲရောက်သွားတာ မဟုတ်ပြန်ပါဘူး။ အထူးသဖြင့် လက်ဆောင်ရဲ့တန်ဖိုးကို ပြောလိုက်တဲ့အခါမှာပါ။ ငွေကြေးတစ်ခုကို မြင်လိုက်တာနဲ့ Market Norm ထဲကို စိတ်တွေက ရောက်ကုန်တတ်ပါတယ်။

ဒါကို နောက်တစ်ဆင့်ထပ်ကွန့်ပြီး စမ်းပါသေးတယ်။ စကားလုံးတွေကို ပြန်စီခိုင်းတာပါ။ ငွေအကြောင်းတွေးမိအောင်လို့ သူတို့ကို လစာများခြင်း (High-Paying Salary) လိုစာလုံးမျိုးတွေကို စီခိုင်းပါတယ်။ တခြားသူတွေကိုတော့ Neutral ဖြစ်တဲ့စာလုံးတွေပဲ စီခိုင်းပါတယ်။ စမ်းသပ်သူက “အပြင်ခဏသွားဦးမယ်… အကူအညီတောင်းချင်ရင် လာခဲ့” ဆိုပြီး ပြောသွားပါတယ်။

ဒီအခါမှာ ငွေအကြောင်း ပထမဦးဆုံး စီလိုက်ရတဲ့လူတွေဟာ အခြားလူတွေထက် အကူအညီတောင်းတာ သိသိသာသာ နောက်ကျပါတယ်။ ပြောချင်တာက Market Norm ထဲရောက်သွားတဲ့အတွက် ကိုယ့်အားကိုယ်ကိုးမယ်… အကူအညီမတောင်းဘူး… ဆိုတဲ့စိတ်မျိုးဖြစ်သွားတာပါ။
ဒါပေမယ့် မကောင်းတာက သူတို့ဟာ တခြားလူတွေကိုလည်း မကူညီချင်တော့ပါဘူး။
ဒီတော့ Market Norm ထဲဝင်သွားတဲ့အခါ ကိုယ့်အားကိုယ်ကိုးတတ်လာပေမယ့် သူများကို မကြည့်တတ်တော့ပါဘူး။ Teamwork ဆိုတဲ့သဘောကိုလည်း နားမလည်တော့ဘူး။ တစ်ယောက်တည်းပဲ Task တွေကို ဖြေရှင်းချင်တယ်။

Market Norm ဝင်လာရင် Social Norm တွေပျက်စီးသွားပါတယ်။ မေတ္တာဆိုတာမျိုး မရှိတော့ဘဲ ဆန်ပေးမှ ဆီရတယ် ဆိုတာမျိုးဖြစ်လာပါတယ်။ ဒီတော့ Market Norm ကို Social Norm နဲ့ ပြန်အစားထိုးလို့ရနိုင်မလား?

အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။ နေ့ကလေးထိန်း ကျောင်းတစ်ကျောင်းမှာ ကလေးအချို့ရဲ့မိဘတွေဟာ ညနေလာကြိုတဲ့အချိန် နောက်ကျပါတယ်။ ကျောင်းအာဏာပိုင်တွေက ဒီလိုမဖြစ်ဖို့ သတိပေးပေမယ့် ဖြစ်နေတာပါပဲ။ ဒါနဲ့ ဒဏ်ကြေးကောက်လိုက်ပါတယ်။ အဲ့တော့ ပြဿနာက ပိုကောင်းမလာဘဲ ပိုတောင် ဆိုးသွားပါတယ်။

အရင်က အားနာမှုဆိုတာ ဆရာနဲ့မိဘကြားမှာ ရှိပါသေးတယ်။ Social Norm အဆင့်ဆိုပါတော့။ ဒဏ်ကြေးဝင်လာတဲ့အခါ Market Norm ဖြစ်သွားပါတယ်။ ဒီအခါမှာ မိဘတွေက သူတို့နောက်ကျတာအတွက် အရင်လို အားနာနေစရာမလိုတော့ပါဘူး… ငွေပေးလိုက်ရင် ပြီးပြီဆိုတော့ နောက်ကျမြဲကျလျက်ပါပဲ။

ဒီအခါမှာ ကျောင်းက သူ့အမှားကို သိသွားတဲ့အတွက် ဒဏ်ကြေးကို ဖြုတ်လိုက်ပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ အကျင့်က ပျက်သွားပါပြီ။ ဒါကြောင့် Conclude လုပ်လို့ရတာက Market Norm ဝင်လာပြီးရင် Social Norm ကိုပြန်ပြောင်းဖို့ မလွယ်ဘူးဆိုတာပါ။

ကုမ္ပဏီတွေက ခုနောက်ပိုင်းမှာ “မိသားစုလိုပဲ” ဆိုတာမျိုးဖြစ်လာကြပါတယ်။ သူတို့ရဲ့ Work Environment ကို အလုပ်သမားတွေ Social Norm အတွေးမျိုးဝင်လာအောင် ပြင်ဆင်လိုက်ပါတယ်။ ပြောချင်တာက အလုပ်သမားတစ်ယောက်ချင်းစီရဲ့ Personal ပြဿနာတွေအထိ လိုက်ပြီး စဉ်းစားပေးတာမျိုးပါ။ ဒီအခါမှာ လစာငွေနဲ့ အလုပ်လုပ်နေတာ ဆိုပေမယ့် မိသားစုကုမ္ပဏီလိုမျိုး ဖြစ်တဲ့အခါ အလုပ်သမားတွေက ပိုကြိုးစားကြပါတယ်။

ကိုယ့်မိသားစု တစ်ခုခုဖြစ်ရင် သာတယ်၊ နာတယ်မတွက်ဘဲ အလုပ်လုပ်သလိုမျိုး အလုပ်သမားတွေက အချိန်ကုန် လူပင်ပန်းခံပြီး လုပ်ပေးကြတာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ အလုပ်သမားတွေကို ဒီလိုမျိုးဖြစ်စေချင်ကြမှာပါ။ ဒါပေမယ့် မထိတထိ ဟန်ဆောင် လုပ်လို့မရပါဘူး။ ဟိုမရောက် ဒီမရောက်လုပ်တဲ့အခါ အလုပ်သမားတွေ အနေနဲ့ နောက်ကျောကို ဓားနဲ့ထိုးခံရသလိုဖြစ်ပြီး ပိုနာကျည်းတတ်ပါတယ်။ (သူက မိသားစုလို့ သတ်မှတ်ထားတာကိုး…)

ခုချိန်မှာ စစ်သားတွေဟာလည်း Social Norm နဲ့ Market Norm ကြားမှာ ဗျာများနေမှာပါ။ တပ်မတော်ကြီးဟာ ကိုယ့်အတွက် မိသားစုလိုပဲလား…? (ဒါဆိုရင် Social Norm အရ သူတို့ဟာ အသက်ပင်သေသေ စေလိုရာ စေလို့ရမှာပါ)
ဒါမှမဟုတ် အခကြေးငွေအရပဲ လုပ်နေတာလား…? (ဒါဆို Market Norm အရ လစာငွေ တစ်ပဲခြောက်ပြားပဲ ရတာဆိုတော့ အသက်သေမယ်ဆို ပြေးကြမှာပါ)

COVID ကာလမှာ Management ညံ့ဖျင်းမှုတွေကြောင့် သူတို့အမျိုးအဆွေတွေ၊ အပေါင်းအဖော်တွေ သေလာတဲ့အခါ တပ်မတော်ဟာ Social Norm အရာမှာ ကျရှုံးနေတယ်ဆိုတာ ခံစားမိလာကြမှာပါ။ ဒါ့အပြင် ပြည်သူတွေရဲ့ မုန်းတီးမှုကို ခံလာရတဲ့အခါ “ငါဟာ ပြည်သူကို ကာကွယ်နေတာ…” လို့ တွေးလို့မရတော့ပါဘူး။

အရင်အစိုးရလက်ထက်က တိုင်းသူပြည်သားတွေဟာ COVID Management မှာ သာတယ်၊ နာတယ် မတွေးဘဲ လူတန်းစားပေါင်းစုံ ဝိုင်းကူကြပါတယ်။ အားလုံးရဲ့အတွေးထဲမှာ ငါတို့တိုင်းပြည်… ငါတို့ကူရမယ်… ဆိုတဲ့ Social Norm ရှိကြပါတယ်။ ခုတော့ Social Norm မရှိတော့ပါဘူး။
ဒါကြောင့် မေတ္တာပေးမှ မေတ္တာရတယ် လို့ ပြောကြတာပါ။ ခေါင်းဆောင်တစ်ယောက်ရဲ့ စွမ်းအားဘယ်လောက်တောင် ကြီးမားလဲဆိုတာ အထွေအထူးတောင် ပြောနေစရာမလိုပါဘူး။

စာတော်တော်ရှည်ပြီမို့ ရပ်လိုက်ပါပြီ။ အတွေးတစ်ခုရသွားမယ်ထင်ပါတယ်။ ဖတ်ပေးတာကျေးဇူးပါ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started