ပျော်ရွှင်ခြင်း မှတ်ဉာဏ် ၂မျိုး

ဟိုတစ်ရက်က လူတွေမှာ စိတ် ၃မျိုးရှိကြောင်း ရေးခဲ့ပါတယ်။ အခုကတော့ မှတ်ဉာဏ် ၂မျိုးအကြောင်း ပြောပြချင်ပါတယ်။

ကိုယ်ဖျားနေလို့ ၁ပတ်လောက် အိပ်ရာထဲလှဲနေခဲ့တာကို မှတ်မိကြသေးလား? ဒါမှမဟုတ် ဖျားနေတဲ့အခါတိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာရော မှတ်မိလား? ဘာမှမမှတ်မိတာ ဖြစ်ဖို့များပါတယ်။ ဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရသမျှကိစ္စတော်တော်များများကို မေ့သွားကြတာများပါတယ်။

ဒီအခါမှာ “ငါကျောင်းတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်လာပြီပဲ… အချိန်တွေကုန်တာမြန်လိုက်တာ…” ၊ “၂နှစ်ပြည့်တော့မယ်… နောက်ဆုံးနှစ်ကကို မတက်တော့ဘူး… အချိန်တွေကုန်တာ နှေးလိုက်တာ…” စသဖြင့် အတွေးတွေပေါ်လာတတ်ပါတယ်။
“အခု July တောင်ရှိပြီလား… 2021 ကိုခွေးတွေလုပ်တာနဲ့ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး…” ဆိုတာမျိုးပေါ့။

မှတ်ဉာဏ်ဆိုတာ ဒီသဘောပါပဲ။ မှတ်ဉာဏ်အကြောင်းမပြောခင် ကိုယ့်အကြောင်းကိုယ် အရင် နားလည်နေဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို လူတွေက လက်စုပ်လက်ကိုင်မပြနိုင်ပေမယ့် တိတိကျကျသိတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကိုယ်ဘယ်သူလဲဆိုတာ ကိုယ့်ဘာသာထင်တဲ့အထင်ပဲရှိတာပါ။

ဒီတော့ မှတ်ဉာဏ် ၂မျိုးဖြစ်လာပါတယ်။ တစ်မျိုးက လက်ရှိအကြောင်းပဲတွေးနေတာပါ…။ Short-term memory လို့ပြောရင် ရနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အတိတ်ကို ပြန်တွေးနေတတ်ပါတယ်။ ဒါကိုတော့ Long-term memory လို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက ဒီမှတ်ဉာဏ် ၂ခုပေါ်မီတည်နေပါတယ်။

ဥပမာ ရေခဲမုန့်စားတယ်ဆိုပါတော့။ အရသာရှိတယ်လို့ သိတာက လက်ရှိမှတ်ဉာဏ်ပါ။ ဒါဘယ်လောက်ခံမလဲဆိုတော့ စားနေတဲ့အချိန်နဲ့ စားပြီးမိနစ်ပိုင်းလောက်ပဲ မှတ်မိမှာပါ။ နောက် ၅နှစ်နေလို့ အခုစားခဲ့တဲ့ ရေခဲမုန့်အကြောင်း ပြန်မေးရင်သိမှာမဟုတ်တော့ပါဘူး။

ကိုယ်အရင်က ရေခဲမုန့်စားခဲ့တဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ပါ။ အကုန်လုံးကို သေချာမှတ်မိသေးရဲ့လား။ မှတ်မိတဲ့အကြိမ်တွေကရော သဲသဲကွဲကွဲရှိရဲ့လား။ ပြန်မှတ်မိနေဖို့အတွက် Long-term memory ထဲကိုဝင်သွားရမှာပါ။
ဒါပေမယ့် ကိုယ်ရေခဲမုန့်စားတဲ့ရည်ရွယ်ချက်က ခဏတာ အရသာရှိဖို့ပါပဲ။ နောက် ၅နှစ်နေလို့ ပြန်တွေးတဲ့အခါ အရသာရှိလိုက်တာဆိုပြီး ပီတိတွေဖျာနေဖို့မဟုတ်ပါဘူး။

ကျွန်တော်တို့တွေကို ဆုံးဖြတ်ချက်ချဖို့ ဦးဆောင်တာက အတိတ်ကိုပြန်မှတ်မိတဲ့ မှတ်ဉာဏ်ပါပဲ။ အတိတ်ကမှတ်ဉာဏ်တွေအပေါ် အခြေခံပြီး မှတ်ဉာဏ်အသစ်တွေ ဖြစ်အောင်တွန်းအားပေးတတ်ပါတယ်။ ဥပမာ အရင်တစ်ခေါက်က ငတ်ကြီးကျလိုက်တာ အစာအိမ်ရောင်သွားတယ်… ဒါကြောင့် အဲ့ဒီနောက်ပိုင်းအစာစားရင် ထိန်းထိန်းသိမ်းသိမ်းစားတတ်လာတာမျိုးပေါ့။

လက်ရှိအကြောင်းပဲတွေးနေတဲ့ မှတ်ဉာဏ်ကတော့ ဒါတွေစိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားတာက ပျော်အောင် စားပစ်လိုက်မယ်…၊ ပျော်အောင် နေပစ်လိုက်မယ်… ဆိုတာပါပဲ။ ဒီမှတ်ဉာဏ်ဟာ ပစ္စုပ္ပန်ကျကျနေတယ်လို့ ပြောလို့ရပါတယ်။ “စားရသောက်ရရင် ပျော်နေတာပဲ…” ဆိုတာက ဒီမှတ်ဉာဏ်က ပြောနေတာပါ။

ဒီတော့ အတိတ်ကိုတွေးတတ်တဲ့မှတ်ဉာဏ်က ဆရာကြီးနဲ့တူပြီး လက်ရှိကိုပဲ သိတဲ့မှတ်ဉာဏ်က ကလေးတစ်ယောက်လိုပါပဲ။ ဒီ ၂ခုကြားမှာ လူတွေလွန်ဆွဲနေကြရပါတယ်။
ဆရာကြီးဟာ အတိတ်ကို စားမြုံ့ပြန်တွေးရရင် ပျော်နေပေမယ့် ကလေးကတော့ ချက်ချင်းလက်ငင်း ပျော်စရာ တစ်ခုခုလုပ်နေရမှ ပျော်ပါတယ်။

မေးခွန်းတစ်ခုမေးချင်ပါတယ်။ ကိုယ်က ၂ပတ်လောက် ခရီးထွက်ရမယ်ဆိုပါစို့။ ခရီးထွက်ပြီးတဲ့အခါ ၂ပတ်အတွင်း တွေ့ကြုံခဲ့ရတဲ့ Experience တွေကို မမှတ်မိတော့အောင် ဆေးတစ်မျိုးသောက်ရမယ်ဆိုရင် ဒီခရီးကို သွားဦးမလား?

၂ပတ်ခရီးမှာ တစ်ဘဝလုံးစာ Memory တွေရနိုင်ပါတယ်။ ဒီတော့ ဒါတွေကိုမေ့သွားမယ်ဆိုရင် ဆရာကြီးက ကြိုက်မှာမဟုတ်ပါဘူး။ ကလေးကတော့ သွားချင်မှာပါ…။ ခုပျော်ရဖို့က အရေးကြီးတာပဲလေ။
Personally ပြောရရင် ကျွန်တော်ဆို ဒီမေးခွန်းကို ဘယ်လိုဖြေရမလဲ မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှတ်ဉာဏ်ကို မေ့သွားမယ်ဆိုရင် သွားခဲ့ရတာ အချည်းနှီးပဲလို့ တွေးမိလို့ပါ။ အဲ့ဒီအစား ကိုယ်မှတ်မိနေမယ့် အလုပ်တစ်ခုကိုပဲ ၂ပတ်လောက်လုပ်လိုက်မှာပေါ့လို့ တွေးမိပါတယ်။ ဒါပေမယ့် မမေ့ခင် ၂ပတ်မှာတော့ ပျော်နေရမှာပဲ… ဆိုပြီးလည်း တွေးမိပြန်ပါတယ်။

ပညာရှင်တွေကတော့ ပျော်ရွှင်မှုဆိုတာ မှတ်ဉာဏ်နှစ်ခုလုံး (ကလေးရော၊ လူကြီးရော) ကို သဘောကျစေမှ အဆင်ပြေတယ်လို့ ပြောကြပါတယ်။ လက်ရှိပစ္စုပ္ပန်မှာလည်း ပျော်နေပြီး ပြန်တွေးကြည့်တဲ့အခါလည်း ပျော်နေရမယ့် ပျော်ရွှင်မှုမျိုးပါ။

ဒါကြောင့် စိတ်ပျော်အောင် လုပ်ချင်တာတွေ လျှောက်လုပ်နေပြီး အနာဂတ်ကို မစဉ်းစားတာဟာ “လူကြီးဉာဏ်” ကို ပျော်ရွှင်စေမှာမဟုတ်သလို အမြဲတမ်း အနာဂတ်အတွက်တွေးပြီး လက်ရှိမှာ ပျော်အောင်မနေတာကလည်း “ကလေးဉာဏ်” ကိုပျော်ရွှင်စေမှာ မဟုတ်ပါဘူး။

ဒီတော့ မှတ်ဉာဏ် ၂ခုလုံး သဘောကျအောင် ဘယ်လိုလုပ်ကြမလဲ? အကောင်းဆုံးနည်းလမ်းကတော့ ဘာလုပ်လုပ် အဓိပ္ပါယ်ရှိအောင် လုပ်တာမျိုးပါ။
ဥပမာ ရေခဲမုန့်သွားစားတယ်ဆိုရင် ဂမူးရှုးတိုး နွားငတ်ရေကျ မစားဘဲ ဖြေးဖြေးစားပါ။ မာလရှမ်းကောစားလည်း အငတ်လိုမစားပါနဲ့။ “ကလေး” ကိုပျော်ရွှင်အောင်လုပ်ရင်း မှတ်ဉာဏ်တစ်ခုရအောင် ဖန်တီးသင့်ပါတယ်။

ငယ်ငယ်က ပေခဲ့တေခဲ့ပြီး အသက်ကြီးတော့မှ “နောင်တရတယ်” ဆိုတာမျိုးတွေ တွေ့ရတတ်သလို ငယ်ငယ်က လူလိမ္မာလိုနေပြီး အသက်တစ်ခုရလာတဲ့အခါ “မတန်လိုက်တာကွာ” ဆိုပြီးတွေးကြတာတွေလည်း ရှိပါတယ်။
အခု Facebook ပေါ်မှာ တွေ့နေရတဲ့ကိစ္စပေါ့ဗျာ။

“စာမကြိုးစားခဲ့တာ ဝမ်းသာတယ်… ခုချိန်ဆို အကုန်လုံးတူတူ ခွေးဖြစ်နေပြီ” ဆိုတဲ့စကားဟာ “လူကြီးဉာဏ်” ကပြောတဲ့စကားပါ။
ဒါကို သေချာစဉ်းစားကြည့်ရင် သူတို့ဟာ အရင်ကလည်း မကြိုးစားဘဲ “ကလေး” ပျော်အောင်နေခဲ့သလို အခုပြန်တွေးတဲ့အခါမှာလည်း “လူကြီး” က ကျေနပ်နေပါတယ်။
ဒါဆိုရင် အောင်မြင်ခြင်း၊ ကျရှုံးခြင်းသဘောတွေ ထည့်မတွေးဘဲ ပျော်ရွှင်ခြင်းစံနဲ့ တိုင်းရင် သူတို့ တကယ်ပျော်ရွှင်နေတာပါ။ (အပေါ်ကပြောတဲ့စကားက တကယ်စိတ်ထဲက လာတဲ့စကားဆိုရင်ပေ့ါ…)

ဒီတော့ အနှစ်ချုပ်ပြောချင်တာက လက်တလောပျော်ရွှင်ဖို့ မခက်ပါဘူး။ ကလေးတစ်ယောက်ကို စိတ်ကျေနပ်အောင် လုပ်ဖို့လွယ်သလိုပါပဲ…။ ဒါပေမယ့် အချိန်တစ်ခုရောက်လို့ ပြန်တွေးကြည့်တဲ့အခါ ပျော်နေနိုင်ဦးမလား… ဆိုတာက အဆုံးအဖြတ်ပါပဲ။ ဒါကြောင့် မှတ်ဉာဏ် ၂ခုလုံးကို သက်ရောက်နိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ရှာကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started