လူတွေက အကောင်းကြိုက်ကြပါတယ်။ အကောင်းတွေချည်းပဲလိုချင်ကြတော့ အဆိုးတွေကြုံလာတဲ့အခါ လိမ်ညာတာတွေပါလာကြပါတယ်။
ချိန်းထားတဲ့သူငယ်ချင်းပြောတဲ့..
“သားကြီးငါထွက်လာပြီ…ခဏနေရင်ရောက်တော့မှာ” ဆိုတဲ့စကားကနေ
“ဘာစာမှလဲမကျက်ရသေးဘူး” ဆိုတဲ့ အတန်းထဲက hyper ကောင်ရဲ့စကားတွေအထိ သင်ကြားသမျှတွေက လိမ်နေတာဖြစ်နိုင်ပါတယ်။ စစ်တမ်းတွေအရဆိုရင် နေ့စဥ် သင်ကြားရသမျှ စကားထဲမှာ ၁၀ခွန်းကနေ အခွန်း၂၀၀ အထိက အလိမ်တွေပါနေပါတယ်တဲ့။

ဒါဆို အလိမ်စကားတွေကို သင် ဘယ်လိုသိနိုင်မလဲ?
အရင်တုန်းကတော့ လိမ်ပြောတဲ့သူတွေကို နှိပ်စက်ပြီး အမှန်အတိုင်းပြောအောင်လုပ်ကြတာရှိပါတယ်။ နောက်ပိုင်းမှာတော့ အလိမ်ဖော်စက်ဆိုပြီး ထွင်လာခဲ့ပေမယ့် ဒီစက်ကို သိပ်ယုံလို့မရသေးပါဘူး။
မှင်သေသေနဲ့ စိတ်ထိန်းနိုင်တဲ့သူဆိုရင် ဒီစက်နဲ့စမ်းလဲ တော်ရုံလိမ်မှန်းမသိနိုင်ပါဘူး။

ဒီလိုပြောပေမယ့် လိမ်မှန်းသိနိုင်တဲ့ နည်းအချို့တော့ရှိပါတယ်။
လူတွေ ဘယ်လိုလိမ်လဲသိထားရင် လိမ်နေမှန်းကြိုသိနိုင်ပါတယ်။ လူတွေက လိမ်ပြောနေပြီဆိုရင် ကိုယ့်အကြောင်းကိုတိုက်ရိုက် သိပ်မပြောတော့ဘဲ သူများအကြောင်းဆိုပြီး အငှားပြောတတ်ပါတယ်။
စာရေးသူတခါကြုံဖူးတာက ကျောင်းတုန်းကဘော်ဒါက ကိုယ်ဝန်တားဆေးအကြောင်းလာမေးတာပါ။ လာမေးတဲ့အခါ သူသိချင်တာမဟုတ်ပါဘူးတဲ့… သူ့အသိတယောက်ကမေးခိုင်းတာပါဆိုပြီး နာမ်စားသုံးကာ လာမေးပါတယ်။

သူပြောတာတကယ်ဟုတ်ချင်လဲဟုတ်နိုင်ပေမယ့် လူတွေက လိမ်ပြောရင် ကိုယ်ဖြစ်နေတာလို့မပြောဘဲ သူများမေးခိုင်းသလိုလို သူများဖြစ်တာလိုလို လိမ်ပြောတတ်တာတွေ့ရပါတယ်။
အဲ့တော့ နောက်တခါ သင့်ကို “ဘယ်သူကလေ ဘာဖြစ်နေလို့ ဘာလုပ်ရမလဲ” မေးခိုင်းတာမျိုးဆိုရင် သင့်ကိုတခုခုလိမ်နေပြီဆိုတာ ခန့်မှန်းလို့ရပါတယ်။
နောက်တချက်က လိမ်တဲ့သူတွေက ဇာတ်နာအောင်ပြောပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောကာ လိမ်တတ်ပါတယ်။

ဥပမာ သူငယ်ချင်းချိန်းထားတာကိုမလာချင်ရင် ပြောတတ်တာက “သားကြီးရေ… ငါ့ဖားသားကြီးကကွာ ဘာသောက်လုပ်တွေရှုပ်နေလဲမသိပါဘူး။ ငါ့ကိုမဟုတ်တာတွေလာခိုင်းနေလို့ လုပ်ပေးရဦးမယ်။ ငါလဲစိတ်ညစ်တယ် တနေ့တနေ့။ အဲ့လူကြီးတွေကို တော်တော်စိတ်ပျက်စရာကောင်းတယ်။” စသဖြင့်ပြောကာ ငြင်းတတ်ပါတယ်။
ဒါက ချိန်းတာကို တမင်မလာချင်လို့ လိမ်ပြောတာနေမှန်းသိသာပါတယ်။
လိမ်ပြောတဲ့သူတွေက Negative စကားတွေကိုပိုပြောထွက်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မသိစိတ်ထဲမှာကိုက လိမ်ပြောရတာကို မလုံမလဲဖြစ်ပြီး အပြစ်ရှိသလို ခံစားနေရတာမို့ပါ။ ဒါကြောင့် တခုခုလိမ်တော့မယ်ဆို ဇာတ်နာအောင် ခပ်ရိုင်းရိုင်းတွေပြောပြီး လိမ်တတ်ပါတယ်။

တတိယတချက်က လိမ်တဲ့သူတွေက စကားကိုခပ်ရှင်းရှင်းပဲပြောပြီးလိမ်ကြပါတယ်။ လိမ်တယ်ဆိုတာကိုက သိပ်ပြင်ဆင်ထားချိန်မရကြလို့ တွေ့တဲ့အခြေအနေကိုပဲ အဆင်ပြေအောင်ကြည့်ကျက်ပြီးလိမ်ပြောလိုက်ရတာများပါတယ်။
ဘာလို့လဲဆိုတော့ ဦးနှောက်ကလိမ်ပြောတဲ့အခါ သိပ်ပြီး complex ဖြစ်အောင် မတွေးတတ်တော့ဘဲ ရှင်းရှင်းပဲလိမ်လိုက်ကြတာများပါတယ်။
လိမ်ပြောရင် brain က Reasoning လုပ်နိုင်တဲ့စွမ်းရည်နည်းသွားတာလဲပါပါတယ်။ ရှည်ရှည်ဝေးဝေးပြောပြီး လိမ်တယ်ဆိုတာနည်းပါတယ်။

ဒါကြောင့် တခါတခါ လိမ်ပြောပြီးမှ “ငါဟိုလိုလှည့်ပြောလိုက်ရင်ရတာပဲ… ငါလိမ်လိုက်တာကလဲ မပိရိလိုက်တာ” စသဖြင့် လိမ်ပြောတာကို ပြန်စဥ်းစားမိပြီးနောင်တပြန်ရတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ ညာပြောတဲ့သူတွေက ရိုးရိုးရှင်းရှင်းပဲညာတယ်ဆိုပေမယ့် စကားတွေကိုတော့ မရှုပ်ရှုပ်အောင် လုပ်ပြောတတ်ပါတယ်။

မင်းဘာလို့အလုပ်နောက်ကျတာလဲလို့ မန်နေဂျာကမေးရင် လိမ်ပြောမယ့်သူက “ကျနော့်မှာ အမေအိုကြီးရှိပါတယ် ဂျာကြီး။ အမေအိုကြီးက အိပ်ရာထဲလဲနေတာ နှစ်ချီနေပါပြီ။မနေ့က အမေ့က ကျနော်ကို ဆေးသွားဝယ်ခိုင်းပါတယ်။ အဲ့တာနဲ့ကျနော်သွားဝယ်ဖို့ လမ်းမှာ ကားလမ်းကူးတာ လူကူးမျဥ်းကျားကမကူးမိလို့ ဒဏ်ကျေးဆောင်ရပါတယ် ဘလာဘလာဘလာ” နဲ့ အမျိုးစုံ ဝေ့လည်ကြောင်ပတ်ပြောတတ်ပါတယ်။
လိုရင်းမရောက်ဘဲ စကားလမ်းကြောင်းအမျိုးမျိုးလွှဲပြီးပြောနေပြီဆိုရင် သူ့စကားတွေက လိမ်နေတာဖြစ်ဖို့များလာပါပြီ။
ကဲ… ဒီနည်းလမ်းတွေသိထားရင် ဘယ်သူတွေကတော့ဖြင့် ဘယ်လိုတွေလိမ်ပြောနေပြီလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။
Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။