အလိမ်ဖော်စက်ကတကယ်ပဲ အလုပ်ဖြစ်သလား?

အလိမ်ဖော်စက်တွေကို ရုပ်ရှင်တွေထဲမှာပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ် မြင်ဖူးကြမှာပါ။ အလိမ်ဖော်စက်ဆိုပြီး လက်ထည့်ပြီးစမ်းရတဲ့စက်အသေးလေးတွေလဲ စျေးကွက်ထဲမှာရှိပါတယ်။

ကျနော်မြင်ဖူးတဲ့စက်ကလေးတွေက Running man ကြည့်တုန်းကပါ။ လက်ကွင်းစွပ်ပြီး မှားရင် ဓာတ်လိုက်သလိုကျဥ်သွားတာမျိုးပါ။ Running man အစောပိုင်း episode တခုမှာလဲ အလိမ်ဖော်စက်ဆိုပြီး နှလုံးခုန်နှုန်းတွေကိုတိုင်းတာ မေးခွန်းတွေမေးတာ ကြည့်ဖူးပါသေးတယ်။

ဒါဆို အလိမ်ဖော်စက်တွေကဘယ်လိုအလုပ်လုပ်သလဲ?

တကယ့်အလိမ်ဖော်စက်အစစ်ကတော့ Polygraph လို့ခေါ်တဲ့စက်ပါ။

စထွင်ခဲ့တဲ့သူတွေထဲမှာမှ အထင်ကရ ရှိတာက ၁၉၂၁ခုနှစ် အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley ရဲစခန်းက ရဲအုပ်တယောက်နဲ့ ဆေးကျောင်းသား John Augustus Larson တို့ပဲဖြစ်ပါတယ်။

Polygraph က လူတွေလိမ်ညာရင်ဖြစ်လာတဲ့ ဇီဝကမ္မပြောင်းလဲမှုကိုတိုင်းတာ တာဖြစ်ပါတယ်။

ဘာတွေတိုင်းလဲဆိုတော့
၁။ နှလုံးခုန်နှုန်း (heart rate)
၂။ အသက်ရှူနှုန်း (breathing rate)
၃။ သွေးပေါင်ချိန် (အပေါ်သွေး) (Systolic blood pressure)
၄။ ချွေးထွက်အား (amount of sweating)
စတာတွေကို အဓိကတိုင်းပါတယ်။

လူတယောက်က လိမ်ပြောတော့မယ်ဆိုရင် စိတ်လှုပ်ရှားလာပြီး နှလုံးပိုခုန်လာတယ်။
သွေးပေါင်ချိန်တက်လာတယ်။
အသက်ရှူမြန်လာတယ်။
ခြေလက်တွေက ချွေးစေးတွေထွက်လာပါတယ်။
ဒီအချက်တွေကိုကြည့်ပြီး လူတယောက်လိမ်နေသလားဆိုတာကို ခန့်မှန်းပါတယ်။

ဒါတင်မကသေးပါဘူး။ တကယ့် အလိမ်ဖော်စက်မှာ interview အမေးအဖြေလုပ်ပါသေးတယ်။ ကျွမ်းကျင်သူက မေးခွန်းတွေမေးပြီး အဖြေတွေကိုနှိုင်းယှဥ်ကြည့်ပါသေးတယ်။

မေးခွန်းတွေမှာ ၂မျိုးရှိပြီး relevant question နဲ့ control question ဆိုပြီးပါပါတယ်။ Relevant questions ဆိုတာက တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စတွေကိုမေးတာပါ။

ဥပမာ မင်းဒီလူကိုသတ်ခဲ့သလား။ မင်းဒီပစ္စည်းကိုခိုးသလား စတဲ့မေးခွန်းမျိုးပါ။

Control questions တွေကတော့ ယေဘုယျဆန်ပြီး လူတယောက်ရဲ့အတွေးအမြင်ကိုမေးတာမျိုးပါ။

ဥပမာ သင်ယုံကြည်ရတဲ့သူက သင့်ကိုနောက်ကျောကဓားနဲ့ထိုးပြီး သစ္စာဖောက်ရင် သင်ဘယ်လိုခံစားရမလဲ။ သင်သာ ငွေလိုနေတဲ့အချိန် ပိုက်ဆံအိတ်တအိတ်ကောက်ရရင် ဘာလုပ်မလဲ စတဲ့ စူးစမ်းတဲ့မေးခွန်းတွေပါဝင်ပါတယ်။

ဒီလိုမေးခွန်းတွေကို အမေးအဖြေလုပ်ရင်းနဲ့ ဒီလူဖြေတဲ့အဖြေတွေ ရှေ့နောက်ညီမညီစစ်သလို ခန္ဓာကိုယ်မှာအပြောင်းအလဲရှိမရှိလဲစစ်ဆေးပါတယ်။

မေးမယ့်မေးခွန်းတွေကိုတော့ surprise တိုက်လို့မရဘဲ ကြိုပြီးပြောပြထားရပါတယ်။ မပြင်ဆင်ထားတဲ့ unseen မေးခွန်းတွေမေးရင် လိမ်လို့စိတ်လှုပ်ရှားတာလား surprise မေးခွန်းကြောင့်လားဆိုတာ ခွဲရခက်သွားလို့ဖြစ်ပါတယ်။ ဒါကြောင့် Pretest တခါစစ်ပြီးမှ တကယ့်စက်နဲ့စစ်ပါတယ်။

ဒါမျိုးမရပါ

တချို့ဆိုရင် ပိုတိကျအောင် movement detector တွေ ၊ မျက်နှာအရေပြားအပူချိန်တိုင်းတာတွေပါထည့်ပြီး စစ်ပါတယ်။ လူကလိမ်နေပြီဆိုရင် ဂနာမငြိမ်ဖြစ်တတ်ပါတယ်။
ဘယ်လိုပဲပိရိအောင် လိမ်နိုင်ပါစေ…မမြင်ရတဲ့တုန်လှုပ်မှုဆိုတာ ဖြစ်တတ်ပါတယ်။
အဲ့လို ဂနာမငြိမ်တာကိုစမ်းဖို့ ကုလားထိုင်မှာ movement detector လေးပါမြုပ်ထားလေ့ရှိပါတယ်။

လိမ်ရင် မျက်နှာပူတတ်တာလူ့သဘာဝမို့လို့ infrared camera တွေ thermal camera တွေတပ်ထားပြီး မျက်နှာအပူချိန်ကို လေ့လာတာတွေအထိရှိပါတယ်။

နောက်ဆုံးအဆင့်အမြင့်ဆုံးကတော့ လူကို functional MRI (Magnetic resonance imaging) စက်ထဲမှာထည့်ပြီး ဦးနှောက်ကိုပါလေ့လာကြည့်ပါတယ်။

လိမ်နေရင် ဦးနှောက်ရဲ့ဘယ်နေရာမှာ ပိုပြီးအလုပ်လုပ်လဲဆိုတာ အတိအကျသိနိုင်တယ်လို့ဆိုပါတယ်။ တကယ့်မှုခင်းရေးရာတွေမှာတော့ functional MRI စက်အထိတော့ မလုပ်ကြသေးပေမယ့် သုတေသနလုပ်ငန်းတွေမှာတော့ MRI ကိုသုံးကြပါတယ်။

ဒါဆို ဒီအလိမ်ဖော်စက်တွေက တကယ်ပဲအသုံးဝင်သလား။
အဲ့စက်ကို မှင်သေသေနဲ့ လိမ်ညာလို့မရဘူးလား။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ အလိမ်ဖော်စက်က ထင်သလောက်တော့ အားမကိုးရပါဘူး။ အများအားဖြင့် လိမ်နေတဲ့သူတွေက စက်တွေတပ်တာရယ် မေးခွန်းတွေအမေးခံရတာရယ်ကို ကြောက်ပြီး အမှန်အတိုင်းဖွင့်ပြောမိသွားတာက ပိုများပါတယ်တဲ့။

စက်က တကယ်ပဲ အလိမ်ဖော်နိုင်တယ်ထင်ပြီး ကြောက်သွားလို့ မြန်မြန်ဝန်ခံလိုက်ကြတတ်ပါတယ်တဲ့။ တကယ်တမ်းစက်နဲ့စစ်တိုင်း အမှန်လို့ပြောမရပါဘူး။

ကြောက်လို့ဖြစ်ဖြစ် စိတ်လှုပ်ရှားလို့ဖြစ်ဖြစ် စက်ကလိမ်နေတယ်လို့ အဖြေထုတ်ပေးလိုက်တတ်ပါတယ်။ ထင်သလောက်တော့ စက်ကမစွမ်းလှပါဘူး။
လိမ်တာကိုတကယ်သိတာမဟုတ်ဘဲ လိမ်လို့ဖြစ်လာတတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို တဆင့်စစ်ဆေးခန့်မှန်းရတာဖြစ်လို့ indirect method ကြီးပဲဖြစ်လို့နေပါတယ်။

ဒါကြောင့်လဲ တကယ့်တရားခွင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သိပ်မသုံးကြသေးသလို သုံးနေတဲ့နိုင်ငံတွေကလဲ data တွေလိုချင်လို့ တနည်း သုတေသနသဘောသုံးနေကြတာပဲရှိပါသေးတယ်။

တကယ့်တိတိကျကျ အထောက်အထား မပြနိုင်သေးသလို စစ်တဲ့စက်၊ စစ်တဲ့နည်းလမ်း၊ မေးခွန်းလွှာပုံစံ၊ စစ်တဲ့သူရဲ့အရည်အချင်း၊ အစစ်ခံရတဲ့သူရဲ့ဉာဏ်ရည် စတာတွေပေါ်အများကြီးမူတည်ပါသေးတယ်။

ဒီလိုတကယ့်စက်ကြီးတွေတောင်မှ လိမ်တာကို ဖော်ထုတ်ရမလွယ်သေးရင် စျေးကွက်ထဲကစက်ကလေးတွေကလဲ ယောင်ဝါးဝါးသဘောပဲရှိပါသေးတယ်။

အလိမ်ဖော်စက်ကလဲ အခုချိန်ထိတော့ အလုပ်ကောင်းကောင်းမဖြစ်သေးဘူးလို့ပဲ ဆိုပါရစေ။
နောက်တချိန်မှာတော့ ပိုပြီးတိကျတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးလာနိုင်ရင်တော့ အလိမ်အညာတွေ နည်းလာနိုင်ပါတယ်။

အလိမ်ညာတွေမရှိတော့တဲ့အချိန်က
လူတွေလဲမရှိတော့တဲ့ကာလဖြစ်ချင်ဖြစ်နေမှာပါ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started