ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်မယ်ဆိုရင် “ခေါင်း” ကြီးပဲ ၅ခါကျနေတဲ့အခါ ၆ခါမြောက်မှာ ဘာကျမယ်လို့ ထင်ပါသလဲ?
တော်တော်များများကတော့ “ပန်း” ကျသင့်တယ်လို့ စိတ်ထဲက ထင်ကြမှာပါ။ ကိုယ်ဟာ သေချာ Logic ကျကျတွေးခေါ်တတ်ရင်တောင်မှ “ပန်း” ကျသင့်တယ်လို့ တွေးမိနေတတ်ပါတယ်။ လောကကြီးမှာ “ခေါင်း” တွေအများကြီးကျပြီးရင် “ပန်း” ကျအလှည့်လို့ ထင်ကြတာပါ။ ဒါကို Gambler’s Fallacy လို့ခေါ်ပါတယ်။

တချို့ကလည်း ဒါကို Monte Carlo Fallacy လို့ခေါ်ပါတယ်။ အကြောင်းတော့ ၁၉၁၃ ခုနှစ်က Casino တစ်ခုမှာ Roulette Game ကစားကြတော့ “အမည်း” ချည်းပဲ ၂၆ ခါတိတိကျပါတယ်။ ကိုယ်သာ ကစားတဲ့သူတစ်ယောက်ဆိုရင် အမည်း ၁ဝခါလောက် ဆက်တိုက်ကျလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။ ၁၁ခါမြောက်မှာ အမည်းကို လောင်းမလား… အနီကိုလောင်းမလား…။ အနီကိုလောင်းဖို့ ရာနှုန်းများပါတယ်။
အမည်းတွေ အများကြီးလာပြီးရင် အနီအလှည့်ရောက်သင့်တာပေါ့။ မဟုတ်ဘူးလား။

လောင်းကစားလုပ်တဲ့သူတွေလည်း ဒီအတွေးနဲ့ပဲ ပါသမျှကုန်သွားကြတာပါပဲ။ ခုပွဲရှုံးပြီးရင် နောက်ပွဲနိုင်မှာ… နောက်ပွဲရောက်ရင် ကောင်းတာတွေဖြစ်လာတော့မှာ… ဆိုပြီး တွေးတတ်ကြတယ်။ ဥပမာ ဖဲရိုက်နေတဲ့အခါ အိမ် ပြောင်းသွားရင် ဒီတစ်ခါတော့ ငါကံကောင်းလောက်ပါတယ် ဆိုပြီး တွေးကြတာမျိုးပေါ့။ ဇာတ်လမ်းတွေထဲမှာလည်း သူတို့ကံကောင်းစေတယ်လို့ ယုံကြည်တဲ့ ပစ္စည်းတစ်ခု (သို့) အမျိုးသမီးတစ်ယောက်ကို နမ်းပြီးမှ အံစာတုံးကို ခေါက်ကြတာ တွေ့ဖူးကြမှာပါ။
ဖဲရိုက်ရင်လည်း ဟိုနားဆိုမထိုင်ဘူး၊ ဒီနားဆိုမထိုင်ဘူးတွေ ရွေးတတ်ကြပါတယ်။

လေ့လာမှုတစ်ခုအရ လူတွေဟာ အံစာတုံးခေါက်တဲ့အခါ ဂဏန်းကြီးကြီးလိုချင်ရင် အားပြင်းပြင်းခေါက်တတ်ပြီး ဂဏန်းအသေးလိုချင်တဲ့အခါ ခပ်ဖွဖွခေါက်တတ်ပါတယ်။ မိုနိုပိုလီဆော့ခဲ့ဖူးတာမို့ ကျွန်တော့အတွက်တော့ ဒါဟာမှန်ပါတယ်။ ဒါပေမယ့် ခေါက်တဲ့အားနဲ့ ဂဏန်းအကြီးအသေးနဲ့က ဘာမှကိုမဆိုင်တာပါ။

Slot Machine တွေကစားတဲ့အခါမှာလည်း ကိုယ့်ရှေ့ကလူ ကစားတာထိုင်ကြည့်နေပြီး သူတစ်ခါမှ ကံမကောင်းတာကို စောင့်လေ့ရှိပါတယ်။ သူ့မှာရှိသမျှငွေအကုန်သုံးပြီး တစ်ခါမှ ကံမကောင်းခဲ့ရင် ကိုယ့်အနေနဲ့ သူ့နောက်ကဆက်ပြီး ကံကောင်းအောင် လုပ်ဖို့ရည်ရွယ်တာပါ။ ကံမကောင်းခြင်းတွေကို ရှေ့လူက ယူသွားခဲ့ပြီဆိုတော့ ကိုယ့်အလှည့်ကျရင် နည်းနည်းလောက် ဆက်ကစားလိုက်တာနဲ့ ရပြီလို့တွေးတတ်ပါတယ်။

ဒါက ကိုယ်တွေ့ပါ။ ကလေးဘဝတုန်းက (Game City ထင်တယ်… သေချာမမှတ်မိတော့ဘူး) အကြွေစေ့တွေမဲပေါက်တဲ့ Slot Machine တစ်ခုမှာ အမြဲကစားတယ်။ နောက်ပိုင်းကျတော့ ရှေ့လူတွေကစားသွားတာကို စောင့်ပြီးမှ ကစားတော့တယ်။ ဒီလူတွေ မပေါက်ရင် ငါ့အလှည့်ပဲ ဆိုပြီး တကယ်တွေးမိခဲ့ဖူးတယ်။ အဲ့ဒီအတွေးကို ပိုပြီးခိုင်မာလာစေတာက ကိုယ်လည်းကစားရော ခဏလေးနဲ့ အကြွေစေ့တွေ မဲပေါက်တတ်တယ်။

ဒါပေမယ့် ဒါတွေအကုန်လုံးက ကိုယ့်စိတ်ထဲက ထင်ယောင်ထင်မှား ဖြစ်မှုတွေပါပဲ။ ဖြစ်တန်စွမ်းတွေက အမြဲတမ်းတူတူပါပဲ။
ဖဲရိုက်တဲ့အခါ ကိုင်တဲ့ အိမ် ပြောင်းသွားခြင်းဟာ ဒီဖြစ်တန်စွမ်းကို မပြောင်းလဲနိုင်သလို… Slot Machine မှာ ရှေ့လူ မနိုင်သွားခြင်းဟာလည်း ကိုယ့်အလှည့်ကျနိုင်တော့မယ်ဆိုတဲ့ ဖြစ်တန်စွမ်းကို တိုးမလာစေပါဘူး။

အကြွေစေ့တစ်ခုကို ခေါင်း၊ ပန်းလှန်တဲ့အခါ “ခေါင်း” ၅ခါဆက်တိုက်ကျနေတာ မထူးခြားပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခါလှန်လိုက်တိုင်း ဖြစ်တန်စွမ်းက ၅၀% ရှိနေလို့ပါ။ ၅ခါလောက်လှန်လိုက်ရုံနဲ့ “ခေါင်း” ၅ခါကျနေတာ ကံကောင်းတာလည်း မဟုတ်ပါဘူး။ မယုံရင် အခါ ၅၀၀ လောက်လှန်ကြည့်ပါ။ ခေါင်း (သို့) ပန်းကျဖို့ဖြစ်တန်စွမ်း ၅၀% နီးနီးဖြစ်သွားမှာပါပဲ။

ဒါကြောင့် လောင်းကစားလုပ်တဲ့အခါ စွဲလမ်းမှုဖြစ်စေတာပါ။ နိုင်နေရင် ဆက်နိုင်မယ်ထင်ပေမယ့် ရှုံးတဲ့အခါ နောက်တစ်ပွဲတော့ ပြန်နိုင်မှာပါလို့ ထင်တတ်ကြတယ်။

လူတွေက တိမ်တွေကိုကြည့်ပြီး တိရစ္ဆာန်ပုံတွေ၊ ဘုရားပုံတွေ မျိုးစုံမြင်တတ်ကြပါတယ်။ Pattern Recognition မှာ ကျွမ်းကျင်ကြလို့ပါ။ ကျောက်ခေတ်မှာတော့ များများစားစားတွေးမနေရဘဲ “ဒါကိုမြင်ရင် ဒီလိုလုပ်လိုက်” ဆိုတာက ပိုပြီး အလုပ်ဖြစ်ပါတယ်။ အခုခေတ်မှာ Pattern Recognition ကိုလိုအပ်သေးပေမယ့် သေရေးရှင်ရေးမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘိုးဘေးဘီဘင်တွေရဲ့ အတွေ့အကြုံတွေကိုတော့ ဦးနှောက်ကသိမ်းထားပါတယ်။ ဒါကြောင့် တခါတခါ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တတ်ပါတယ်။

ကိုယ်မုန်းနေတဲ့သူတစ်ယောက်ကို ကျိန်ဆဲလိုက်လို့ သူတစ်ခုခုဖြစ်သွားတာ ကြုံဖူးလား… ဒါမှမဟုတ် အဲ့လိုဖြစ်သွားကြောင်း သူများပြန်ပြောတာကို ကြားဖူးလား?
ဒါလည်း မဆိုင်တာနှစ်ခုကို ဆွဲတွေးခြင်းပါပဲ။
ဘုရားတရားနေ့တိုင်းလုပ်ပြီး ပဌာန်းရွတ်တဲ့သူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူနဲ့မတည့်တဲ့သူတစ်ယောက် ဒုက္ခရောက်တဲ့အခါ ဒါဟာ သူနေ့တိုင်းရွတ်တဲ့ ပဌာန်းတွေကြောင့်လို့ အခိုင်အမာပြောပါတယ်။
ဒီအပြောဟာ ဘယ်လောက်မှားနေလဲဆိုတာ အထွေအထူးရှင်းမပြတော့ပါဘူး။

စမ်းသပ်ချက်တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ကျောင်းသားတွေကို သရုပ်ဆောင်တစ်ယောက်နဲ့ တွဲပေးလိုက်တယ်။ သရုပ်ဆောင်က ဂျစ်ကန်ကန်၊ ပေတေတေ၊ ခပ်ရိုင်းရိုင်း ပြုမူပါတယ်။ နောက်တစ်ဖွဲ့မှာတော့ သရုပ်ဆောင်က ရည်ရည်မွန်မွန်ပဲ ဆက်ဆံပါတယ်။
စမ်းသပ်သူက ကျောင်းသားကို Voodoo အရုပ်တစ်ရုပ်ပေးပြီး ဒီအရုပ်ဟာ သရုပ်ဆောင်ဖြစ်ကြောင်း တွေးခိုင်းပါတယ်။ ပြီးတော့ အရုပ်ထဲကို အပ်နဲ့ထိုးခိုင်းပါတယ်။ အဲ့ဒီအချိန်မှာ သရုပ်ဆောင်က ခေါင်းကိုက်ကြောင်း ပြောပါတယ်။

အဲ့ဒီအကြောင်းကို ခပ်ရိုင်းရိုင်းသရုပ်ဆောင်က ပြောတဲ့အခါ လူတွေက သူတို့လုပ်လို့ ဖြစ်တယ်ဆိုတာကို ယုံကြည်ကြပါတယ်။ ဒါပေမယ့် ယဉ်ယဉ်ကျေးကျေးသရုပ်ဆောင်က ပြောရင်တော့ သူတို့ကြောင့်ဆိုတာ ကျောင်းသားတွေက မယုံကြပါဘူး။

လူတိုင်းမှာ ဒီလိုအတွေးမျိုး တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပေါ်လာတတ်ပါတယ်။ ကိုယ့်ရဲ့အတွေးတွေက တဖက်လူရဲ့အပြုအမူတွေအပေါ် လွှမ်းမိုးနိုင်တယ်လို့ လွဲမှားပြီးယူဆတတ်တာမျိုးပါ။
ဥပမာ တစ်ယောက်ယောက် နေမကောင်းလို့ ဆုတောင်းပေးကြပါဦး… ဆိုတာဟာလည်း ဒီသဘောပါပဲ။ တကယ်တော့ ဒီ ၂ခုကြားမှာ ဆက်စပ်မှုရှိမနေပါဘူး။
ထို့အတူပဲ ကိုယ်စာသင်ပေးတဲ့ ကျောင်းသားတစ်ယောက် အောင်မြင်တာဟာ ကိုယ်သင်တာကောင်းလို့ဆိုပြီး Credit ယူတတ်ပေမယ့် ကျတဲ့အခါ ကိုယ်သင်တာညံ့တယ်လို့ မတွေးကြပါဘူး။ ကျောင်းသားညံ့တယ်လို့ပဲ တွေးတတ်ပါတယ်။

စိတ်ပညာစမ်းသပ်ချက်တွေအရ လူတွေဟာ ကိုယ့်ရဲ့ပြိုင်ဘက်အားနည်းတယ်လို့ ထင်ရင် လောင်းကြေးများများ ထပ်တတ်ကြတယ်လို့ ဆိုတယ်။
ဒါကြောင့် ဒီသဘောကို နားလည်တဲ့သူတွေဟာ ပြိုင်ဘက်တွေကို False Sense of Security ရအောင် Manipulate လုပ်တတ်ကြတယ်။

False Sense of Security ရအောင် လုပ်နေတာ ငါ့ကောင်တို့…

ကိုယ့်မှာသူများကို ကိုယ်လုပ်ချင်သလိုလုပ်နိုင်တဲ့စွမ်းအား တစ်ခုရှိတယ်လို့ ထင်တဲ့အခါ သူတို့စွမ်းအားကို အရမ်းအထင်ကြီးတတ်ကြတယ်။ ဝေးဝေးမကြည့်ပါနဲ့… သေနတ်ကိုင်ရင် အရာရာဖြစ်တယ်လို့ ထင်တဲ့ ဓားပြအဖွဲ့ကြီးကိုပဲ ကြည့်ပါ။
ဟစ်တလာကတော့ မဟာမိတ်အဖွဲ့တွေ ဘာလင်မြို့ကို တိုက်ခိုက်နေတဲ့အချိန်ထိ သူ့လူတွေကို အားပေးနေတုန်းပဲလို့ ဆိုတယ်။ ပြီးတော့လည်း ကိုယ့်ကိုကိုယ်သတ်သေသွားတာပါပဲ။
ဒီတော့ ဒီလူတွေမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း (Delusion) ကို တွေ့ရပါတယ်။ ကိုယ့်ရဲ့အင်အားကို အလွန်အထင်ကြီးတတ်ကြတဲ့သူတွေဆိုပါတော့။

စိတ်စွမ်းအားတွေဟာ သေချာခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းမြင်လွန်းတဲ့လူတွေဟာ ကိစ္စတစ်ခုကို ရှေ့ဆက်မတိုးသင့်ဘူးဆိုတဲ့ Sign တွေရှိနေပေမယ့် ဆက်တိုးတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ တခါတခါမှာ အောင်မြင်မှုကို ဖြစ်စေပါတယ်။ (အောင်မြင်ရေးစာအုပ်တွေ ဖတ်ရင် ဇာတ်လမ်းတွေက ဒီလိုတွေများပါတယ်…)
ဒါပေမယ့် အောင်မြင်တာတွေများလာတဲ့အခါ ကျရှုံးမှုက ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်လာတတ်ပါတယ်။ ဖဲရိုက်လို့ နိုင်ပွဲဆက်နေရင် နောက်ပွဲငါရှုံးနိုင်တယ်လို့ မတွေးမိသလိုပါပဲ။

ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ဆက်လုပ်နေဖို့လိုပါတယ်။ ဒါပေမယ့် လုပ်နေရင်းနဲ့ တွေးရမှာက အနာဂတ်ကို ကြိုပြောလို့မရပါဘူး။ အရာရာကိုယ့် Plan အတိုင်းဖြစ်မယ်လို့လည်း တွက်ထားလို့မရဘူး။ (ဘာလို့လဲဆိုတော့ Variable တွေများလွန်းလို့ပါ… ခုတောင် လူငယ်တော်တော်များများ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်နေကြပါပြီ)

ဒါကြောင့် ကိုယ်ထိန်းချုပ်လို့မရတဲ့ အနာဂတ်ဝေးဝေးကို တွေးမပူပါနဲ့။ တိမ်တွေကို ကိုယ့်စိတ်က ပုံစံတစ်ခုခုအဖြစ် မြင်သလိုပဲ ဖြစ်နေမှာပါ။
သေးသေးလေးတွေကနေ စလိုက်ပါ။ ဒါတွေကို ကိုယ်ထိန်းချုပ်လို့ရပါတယ်။
ဥပမာ နောက် ၁၀ နှစ်လောက်မှာ ငါဘယ်နေရာရောက်နေရမယ် တွေးတာမျိုးထက် အခုလက်ရှိမှာ အဲ့လိုဖြစ်အောင် ကိုယ်ဘာတွေလုပ်နိုင်သလဲ တွေးစေချင်တာပါ။
ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာတော့ အတိအကျမပြောနိုင်ပါဘူး။ ကိုယ်တစ်ယောက်တည်း ပြီးတာနဲ့ ပြီးသွားတဲ့ကိစ္စတွေမှ မဟုတ်တာဗျာ။

SAGAN

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

One thought on “ကိုယ့်အနာဂတ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ခြင်းနဲ့ နောက်ကွယ်က စိတ်ပညာ

Leave a comment

Design a site like this with WordPress.com
Get started