ကိုဗစ်ကိုကာကွယ်ဖို့အတွက် လက်ဆေးဖို့ပြောကြတာ ခဏခဏကြားရမှာပါ။ လက်ဆေးခိုင်းတယ်ဆိုတာ လက်ကိုဖောက်ပြီးရောဂါပိုးကဝင်နိုင်လို့မဟုတ်ပါဘူး။လက်မှာရောဂါပိုးပါလာရင် နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတွေကို ကိုင်မိရင် ပိုးကအလွယ်တကူဝင်သွားနိုင်လို့ပါ။
COVID-19 ရောဂါပိုးက virus ပိုးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို phospholipid လို့ခေါ်တဲ့ အဆီပြင်နဲ့၂ထပ်ကာထားပါတယ်။ Phospholipid bilayer လို့ခေါ်ကြပါတယ်။ အဲ့အဆီပြင်အလွှာက ရောဂါပိုးအတွက်မရှိမဖြစ်အရေးပါပါတယ်။

ထိုအဆီပြင်အလွှာသာ ပေါက်ပြဲသွားရင် ရောဂါပိုးကလဲ အလိုလိုသေသွားမှာဖြစ်ပါတယ်။ အဆီပြင်အလွှာပေါ်မှာ virus ပိုးအတွက်အရေးကြီးတဲ့ protein spike တွေလဲပါတာမို့ အဆီပြင်အလွှာသာမရှိရင် ပိုးကဘာမှလုပ်လို့မရတော့ပါဘူး။

ဆပ်ပြာက အဆိုပါ အဆီပြင်ကြားထဲကို ဝင်ရောက်ပြီး အဆီ molecule တခုနဲ့တခုချိတ်ထားတဲ့နေရာကို ပြုတ်ထွက်သွားစေပါတယ်။ အဆီကြားကို ထိုးဖောက်ပြီး အလွယ်တကူပျက်စီးသွားအောင်ဖျက်ဆီးလိုက်တဲ့အတွက် ရောဂါပိုးက ပျက်စီးသွားပြီး သေသွားရပါတယ်။
ရေနဲ့ဆေးချလိုက်တော့ သေပြီးသားပိုးမွှားအပိုင်းအစလေးတွေက တခါတည်း ရေနဲ့အတူပါသွားလို့ သန့်သွားပါတယ်။ အရက်ပြန်ကလဲ ထိုနည်း၎င်းပါပဲ။
CDC ရဲ့အဆိုအရ 60% ကနေ 95% alcohol ပါတဲ့အရက်ပြန်က ကိုဗစ်ကိုအလွယ်တကူသေစေနိုင်ပါတယ်။
Ethanol ပဲဖြစ်ဖြစ် ၊ isopropyl alcohol ပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။

အရက်ပြန်ကလဲ အဆီပြင်အလွှာကိုဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
ပိုထူးခြားတာက အရက်ပြန်က ဆပ်ပြာလို အဆီကြားတနေရာကိုရှာကာ
ထိုးဖောက်ပြီးဖျက်ဆီးတာမဟုတ်ဘဲ virus ပိုးအခွံတခုလုံးကို ပတ်ပတ်လည်ဖျက်ဆီးလိုက်တဲ့သဘောပါ။

ဒါဆို ဆပ်ပြာနဲ့ အရက်ပြန် ဘယ်ဟာကပိုကောင်းသလဲလို့ မေးရင် ၂ခုလုံးကအလုပ်ဖြစ်ပြီး အားသာချက် အားနည်းချက်ကိုယ်စီပါပဲ။ ရေနဲ့ဆပ်ပြာက ရောဂါပိုးအပြင် လက်မှာကပ်နေတဲ့ တခြားသောအညစ်အကြေးတွေ၊ ဆီချေးတွေ၊ ဖုန်နဲ့ အဆိပ်အတောက်တွေကိုပါ စင်ကြယ်အောင်ဖယ်ရှားပေးနိုင်တဲ့ အားသာချက်ရှိပါတယ်။
ဒါ့အပြင် ဆပ်ပြာက ကြာကြာပွတ်တိုက်တဲ့အခါ အမြုပ်တွေထွက်လာရင် အမြုပ်တွေက လက်တခုလုံးကိုပျံ့နှံ့သွားလို့ လက်ကြိုလက်ကြားတွေကိုပိုရောက်စေပါတယ်။ ဆပ်ပြာနဲ့ဆေးရတာက အချိန်တခုပေးရလို့ ပိုးနဲ့ဆပ်ပြာထိတွေ့ချိန်ပိုကြာပြီး ပိုးကိုသေချာ သေစေနိုင်ပါတယ်။

ဆပ်ပြာရဲ့အားနည်းချက်က နေရာတကာမှာ အလွယ်တကူဆေးလို့မရတာရယ် လက်ဆေးဖို့ရေလိုတဲ့အတွက် ရေမရှိတဲ့နေရာ ရေရှားတဲ့ဒေသကိုရောက်ရင် အဆင်မပြေဖြစ်နိုင်ပါတယ်။ အရက်ပြန်ရဲ့အားသာချက်က နေရာတကာကို ယူသွားလို့ရပြီး လိုတဲ့အခါ ထုတ်သုံးလိုက်လို့ရတာပါ။
ဒါပေမယ့် အရက်ပြန်က လက်တခုလုံးကိုသေချာ ပြန့်သွားဖို့လိုပြီး နည်းနည်းပဲသုံးလို့အဆင်မပြေပါဘူး။ ဒါ့အပြင် အရက်ပြန်ကို ခြောက်တဲ့အထိစောင့်ပေးဖို့လိုပြီး မြန်မြန်ခြောက်အောင်အဝတ်နဲ့သုတ်ပစ်လိုက်တာတို့ မလုပ်သင့်ဘဲ သဘာဝလေနဲ့ပဲ ခြောက်အောင်စောင့်သင့်ပါတယ်။ လက်ဆေးတဲ့အခါမှာလဲ အနည်းဆုံး စက္ကန့် ၂၀ကြာအောင်ဆေးရမှာဖြစ်သလို အရက်ပြန်သုံးရင်လဲ အရက်ပြန် ခြောက်သွားတဲ့အထိ စောင့်ရပါမယ်။

ဆပ်ပြာနဲ့ရေရှိရင် ဆပ်ပြာနဲ့ရေကို ပိုသုံးသင့်တယ်လို့ CDC ကတိုက်တွန်းထားပါတယ်။
ဒါပေမယ့် တချို့သောအကောင်တွေကိုတော့ ဆပ်ပြာထက် အရက်ပြန်ကပိုသတ်ပေးနိုင်တယ်လို့လဲဆိုပါတယ်။ ဥပမာ တုပ်ကွေးရောဂါကိုဖြစ်စေတဲ့ rhinovirus ဆိုရင် capsid အလွှာပါလို့ အရက်ပြန်က ပိုထိရောက်တယ်လို့ဆိုပါတယ်။

ပိုကောင်းတာကတော့ အရက်ပြန်သုံးပြီး ဆပ်ပြာနဲ့ရေထပ်ဆေးတာက ပိုစိတ်ချရပါတယ်တဲ့။
ဘယ်အကောင်က ဘယ်နည်းနဲ့ပိုးသတ်ရမလဲဆိုတာ တကောင်နဲ့တကောင်မတူတာမို့လို့ အချိန်နဲ့တပြေးညီ ယုံကြည်ရတဲ့သတင်းတွေကိုလိုက်လေ့လာဖို့လိုပါမယ်။
လက်ရှိအချိန်အထိတော့
ဆပ်ပြာနဲ့ရေကိုသုံးတာက ဘက်စုံသုံးထိရောက်မှုရှိပြီး အရက်ပြန်ကိုသုံးတာကလဲ လွယ်ကူလျင်မြန်စွာပိုးသတ်နိုင်လို့ မိမိသင့်တော်သလို အသုံးပြုလို့ရပါတယ်။

ဘာနည်းနဲ့ပဲ ပိုးသတ်ပါစေ… အချိန်တခုစောင့်ပြီးသေချာပိုးသတ်ဖို့နဲ့ ဆပ်ပြာဖြစ်ဖြစ်၊အရက်ပြန်ဖြစ်ဖြစ်လုံလောက်တဲ့ပမာဏကို သုံးပြီးပိုးသတ်ဖို့လိုပါမယ်လို့ပြောပါရစေ။
Dr. Venice
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။