Color blind အတွက်ထုတ်ထားတဲ့မျက်မှန်တွေက ဘယ်လိုအလုပ်လုပ်သလဲ?

ခဏခဏရေးပေးဖို့ပြောထားတဲ့ topic လေးမို့လို့ အခုရေးပေးလိုက်ပါပြီခင်ဗျ။

ဒီ post က colour blind ရောဂါအကြောင်းရေးမှာမဟုတ်ဘဲ colour blind သမားတွေက အထူးသီးသန့်မျက်မှန်တပ်ရင် ပြန်ကောင်းသွားသလားဆိုတာကို အဓိကရေးသွားမှာပါ။

Social media တွေမှာ colour blind သမားတွေ အထူးသီးသန့်မျက်မှန်တပ်ပြီးတဲ့အခါ အရမ်းကိုအံ့သြစိတ်လှုပ်ရှားပြီး မျက်ရည်တွေကျကြ အရမ်းပျော်ကြတဲ့ video တွေမြင်ဖူးကြမှာပါ။

အခုမှပဲ လောကကြီးက အရမ်းလှနေပါလား တို့၊ အရောင်စုံလိုက်တဲ့လောကကြီးတို့ ၊ အရောင်တွေက ထူးဆန်းလိုက်တာဆိုပြီး color blind သမားတွေက မျက်မှန်တပ်ကာ ပြောတတ်ကြပါတယ်။ ဒါဆို တကယ်ပဲ အဲ့မျက်မှန်တွေအရမ်းစွမ်းလို့လားဆိုရင် မှန်တဝက် မမှန်တဝက်လို့ပဲ ဆိုရမှာပါ။

Colour blind လို့ဆိုတိုင်း လုံးဝ အဖြူအမည်းပဲမြင်ရတယ်လို့ မဆိုလိုပါဘူး။ တော်တော်များများက အရောင်တွေကိုမြင်ရပါတယ်။ ဒါပေမယ့် စိုစိုပြေပြေမရှိဘဲ မွဲခြောက်ခြောက်ဖြစ်နေတာတို့၊ အရောင်တွေက မသဲကွဲတာမျိုးဖြစ်ကြတာပါ။
လုံးဝ အရောင်မမြင်ရတဲ့ total colour blindness သမားက အလွန်ရှားပါတယ်။

နောက်ပြီး colour blind ရောဂါက ရောဂါပြင်းအားချင်းမတူပါဘူး။
အများအားဖြင့် ရောဂါခပ်ပျော့ပျော့ပဲဖြစ်ကြလို့ အရောင်တွေနဲ့ မစိမ်းလှပါဘူး။ အဓိကမခွဲနိုင်တဲ့အရောင်က အနီနဲ့ အစိမ်းရောင်ပါ။ ဒါကြောင့် Red-green colour blindness ကအတွေ့များပါတယ်။

ကျနော်တို့ခန္ဓာကိုယ်မှာ အရောင်ကိုသိတဲ့ လက်ခံဆဲလ် ၃မျိုး၃စားရှိပါတယ်။ အဲ့ဆဲလ်တွေက ရေခဲမုန့်ခွက်ကန်တော့ပုံနဲ့ဆင်တူလို့ Cone cells လို့ခေါ်ကြပြီး အနီ၊အစိမ်းနဲ့အပြာ ဆိုပြီး ၃မျိုးရှိပါတယ်။ နီစိမ်းပြာဆိုတဲ့ အရောင်၃မျိုးကို အချိုးကျရောစပ်လိုက်ရင် တခြားအရောင်တွေဖြစ်လာပါတယ်။

အဲ့ cone cells တွေ မွေးကတည်းက လုံးဝပါမလာတာဖြစ်ဖြစ်၊ ပါတော့ပါတယ် အရေအတွက်နည်းနေတာဖြစ်ဖြစ်၊ အရေအတွက်မနည်းပေမယ့် အလုပ်ကောင်းကောင်းမလုပ်တာဖြစ်ဖြစ် colour blind ထဲမှာအကျုံးဝင်ပါတယ်။ Color blind သမားအများစုက အနီနဲ့ အစိမ်းကြားကအရောင်တွေကို သေချာကွဲကွဲပြားပြားမသိပါဘူး။ အနီလိုလို အစိမ်းလိုလို ရောထွေးနေတတ်ပါတယ်။

ဒီအချက်ကိုသိတဲ့ ပညာရှင်တွေက အနီနဲ့အစိမ်းကို သေချာသဲကွဲအောင်လုပ်ဖို့ကြိုးစားကြပါတယ်။ အဲ့လိုနဲ့ colour blind သမားအတွက် အထူးသီးသန့် မျက်မှန်ဆိုပြီးပေါ်လာပါတော့တယ်။ အဲ့မျက်မှန်ကဘာထူးခြားလဲဆိုတော့ အရောင်တွေကို စစ်ထုတ်ပေးနိုင်တဲ့ စကာ (Optical filters) တွေပါပါတယ်။

အနီနဲ့အစိမ်းကြားက အနီလိုလိုအစိမ်းလိုလိုဖြစ်နေတဲ့ ကပြားအရောင်တွေကို ပိတ်ချလိုက်ပြီး တကယ့်အနီစစ်စစ်၊ တကယ့်အစိမ်းစစ်စစ်တွေကိုပဲ မျက်လုံးထဲပေးဝင်ပါတယ်။ အဲ့တော့ အနီပီသတဲ့ အနီရောင် wavelength နဲ့ အစိမ်းပီသတဲ့ အစိမ်းရောင် wavelength တွေပဲ မျက်လုံးကိုရောက်လာပြီး အရောင်တွေကို ပိုထင်ရှားသဲကွဲသွားပါတော့တယ်။

မျက်မှန်ရဲ့သဘောတရားကတော့ ဝင်လာသမျှအလင်းတိုင်းကို ပေးမဝင်ဘဲ ထင်ရှားတဲ့အရောင်ကိုပဲ ပေးဖြတ်တဲ့သဘောပါ။ ဒီလိုမျက်မှန်က colour blind သမားတိုင်းအတွက်တော့ ပိုကောင်းမလာစေပါဘူး။ တချို့သောသူတွေအတွက်တော့ တော်တော်ကြီးသိသိသာသာကောင်းသွားကြပါတယ်။

ဒါပေမယ့် အတော်များများကတော့ မျက်မှန်တပ်ထားလဲ သိပ်တော့မထူးလှဘူးလို့ဆိုပါတယ်။ ဒီမျက်မှန်မှာ အားနည်းချက်တွေရှိပါတယ်။

ဝတ်ထားမှပဲ အရောင်တွေကိုမြင်ရတာမို့လို့ မျက်မှန်တကားကားနဲ့ ဖြစ်နေတာပါ။ မျက်မှန်တပ်ရတာမကြိုက်သူတွေကတော့ ဒီအရောင်လေးနည်းနည်းပိုမြင်ရတာနဲ့မတန်ဘူးလို့ဆိုပါတယ်။

နောက်ပြီး ဒီမျက်မှန်က အလင်းဝင်ရောက်မှုကို လျှော့ချထားတဲ့ optical filter တွေပါလို့ ညဖက်တွေမှာ ကောင်းကောင်းမမြင်ရပါဘူး။ အလင်းနည်းတဲ့နေရာတွေမှာလဲ အလုပ်မဖြစ်လှဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ကားမောင်းရင်လဲ မျက်မှန်တပ်ပြီးမမောင်းဖို့ သတိပေးထားတာတွေရှိပါတယ်။ အလင်းကောင်းကောင်းမမြင်ရတဲ့ပြဿနာရှိနေလို့ပါ။

ဒါဆိုမေးစရာရှိတာက မျက်မှန်တပ်ပြီးကားမမောင်းနဲ့ဆိုတော့ colour blind သမားတွေကရော ကားမောင်းခွင့်လိုင်စင်ရလို့လားပေါ့။ အမေရိကန်နဲ့ နိုင်ငံအတော်များများမှာ colour blind တွေလဲ ကားမောင်းခွင့်ရှိပါတယ်။ လိုင်စင်လဲထုတ်ပေးပါတယ်။

ဒါဆို red-green colour blind သမားက မီးပွိုင့်နီနေလား စိမ်းနေလားဘယ်လိုသိမလဲပေါ့။ အများအားဖြင့် မီးပွိုင့်နေရာတွေက ပုံသေရှိပါတယ်။
ဒေါင်လိုက်မီးပွိုင့်ဆိုရင် အနီကထိပ်မှာရှိပြီး အဝါကအလယ်၊ အစိမ်းကအောက်ဆုံးမှာပါ။
ဘေးတိုက်ဆိုရင်တော့ နီ၊ဝါ၊စိမ်း ဆိုပြီး ရှိနေတာမို့လို့ ဘယ်မီးခွက်ကလင်းနေလဲဆိုတာကို ကြည့်ပြီးသိနိုင်ပါတယ်တဲ့။

လုံးဝအရောင်ကိုမမြင်ရတာမဟုတ်ဘဲ လင်းနေသလား မှောင်နေသလားဆိုတဲ့ သဘောကိုတော့ မြင်ရသေးတာမို့လို့ မီးပွိုင့်မီးလင်းတဲ့ position ကိုကြည့်ပြီး မီးနီလား မီးစိမ်းလားဆိုတာ သိကြပါတယ်။

နောက်ဆုံးအနေနဲ့ colour blind မျက်မှန်တွေရဲ့ အားနည်းချက်ကစျေးကြီးတာပါ။ ဒေါ်လာ ၄၀၀ လောက်ပျမ်းမျှတန်ကြေးရှိတာမို့လို့ တော်ရုံလူတွေ မဝယ်ဖြစ်ကြပါဘူး။ Colour blind အတွက်ထုတ်တဲ့ မျက်မှန် brand တွေထဲမှာ နာမည်အကြီးဆုံးကတော့ EnChroma တံဆိပ်ဖြစ်ပြီး နောက်ထပ်လူသိများတဲ့ brand ကတော့ Colormax ColorCorrection system လို့ခေါ်တဲ့ မျက်မှန်တွေပါ။ ဒီမျက်မှန်တွေက တဦးချင်းစီကို သေချာစစ်ဆေးပြီးတော့မှ သူနဲ့သင့်လျော်မယ့် မျက်မှန်ကို သီးသန့်ထုတ်လုပ်ပေးတာမို့လို့ ပိုတိကျပြီး ပိုလဲ custom made ဆန်ပါတယ်။

ပိုအားသာတာက မျက်မှန်တင်မဟုတ်ပဲ မျက်ကပ်မှန်အနေနဲ့လဲ ဝယ်ယူရရှိနိုင်တာပဲဖြစ်ပါတယ်။ စျေးတွေကတော့ ရှယ်ကြီးတယ်ဆိုတာ ထည့်ပြောဖို့မလိုတော့ဘူးလို့ထင်ပါတယ်။

ဒီလောက်ဆိုရင် colour blind မျက်မှန်တွေအကြောင်းသိသွားလောက်ပြီလို့ယူဆပါတယ်။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started