စာဖတ်သူတွေထဲ အိမ်မှာ Wifi တပ်ထားတဲ့သူတွေ ပါမှာပါ။ ဘယ်လိုင်းရွေးရွေး စျေးပေါတယ်ဆိုရင် တခါတခါ လိုင်းပြတ်တတ်ပါတယ်။ တချို့ဆို စျေးကြီးပေးတာတောင် လိုင်းက မကောင်းပါဘူး။ ဂိမ်းကစားခံနီးလို့ Ping က ဝါနေ၊ နီနေရင် ဒေါသထွက်ရပါတယ်။ ဂိမ်းဆော့နေတုန်းမှာ ဖြစ်ရင်တော့ ဒေါသက ငယ်ထိပ်ရောက်လာတာပေါ့။
ကျွန်တော်ဆိုရင် ဒီလိုဖြစ်လာတဲ့အခါ ချက်ချင်းတော့ ဖုန်းဆက်ပြီး လှမ်းမဆဲပါဘူး။ ကောင်းလာနိုးနိုးနဲ့ စောင့်တာပေါ့။ တစ်ရက်စောင့်တယ်… နှစ်ရက်စောင့်တယ်… ၃ရက်မြောက်တဲ့ထိ ဝေလေလေပဲဆိုရင်တော့ ဖုန်းဆက်ပါပြီ။ အဲ့ဒီအချိန်ထိ မဆဲသေးပါဘူး။

အကျိုးအကြောင်း မေးကြည့်ပါတယ်။ Customer Service တွေက တခါတခါမှာ ဘာဖြစ်နေလဲ သေချာမသိကြပါဘူး။ အဲ့ဒီအခါမှာ အလွတ်ကျက်ထားတဲ့ ဖြေရှင်းနည်းတွေ ပြောပါလိမ့်မယ်။ Restart လေးချကြည့်ပါ ဘာညာပေါ့။ အဲ့လိုဆိုရင် သူတို့စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပါတယ်။ နောက် နာရီဝက်လောက်နေလို့ လိုင်းမကောင်းသေးရင် ပြန်ဆက်ပါတယ်။ မဆဲသေးပါဘူး။

အဲ့အချိန်မှာ အကျိုးအကြောင်းထပ်မေးပါတယ်။ သူတို့ဘက်က ပြဿနာဖြစ်နေတာလား… ဆိုတာ သိအောင် သေချာမေးပါတယ်။ ဒီ Customer က မဆဲလောက်ဘူးဆိုတာ သေချာရင် ဘာကြောင့်လဲဆိုတာ ပြောတတ်ကြပါတယ်။ အဲ့လိုဆိုရင် ကျွန်တော် မဆဲတော့ပါဘူး။

သူတို့ဘက်က ဖြစ်နေတာ… ပြဿနာကို ပြေလည်အောင် ဖြေရှင်းနေတယ်… ရက်ပိုင်းတော့ စောင့်ရမယ်… ဆိုတာလောက် သိရင် ကျေနပ်သွားပါတယ်။ အဲ့လိုမဟုတ်ဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေရင်ပြီး ဘာမှရေရေရာရာမပြောဘဲ ရင့်လာရင်တော့ ဆဲပါပြီ။

ဒီလိုလုပ်တာဟာ မှန်လား၊ မှားလား ပြောချင်လို့ပါ။ ကျွန်တော်တို့တွေဟာ ဒေါသထွက်လွယ်ကြပါတယ်။ တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့သူကို ဆဲချင်ကြပါတယ်။ ဒါပေမယ့် ဒီကိစ္စကိုဖြစ်လာအောင် သူတို့လုပ်နေတာလားဆိုတာ သေချာမသိကြပါဘူး။
အပေါ်က ပြောတဲ့ပြဿနာဆိုရင် လိုင်းမကောင်းအောင် သူတို့လုပ်နေတာမဟုတ်ပါဘူး။ မကောင်းတာက သူတို့ကုမ္ပဏီပါ။ ကိုယ်မကျေနပ်ရင် သူတို့ Service ကိုမသုံးရုံပါပဲ။
အဲ့တော့ ပြင်နေပါတယ်ဆိုတာကိုသာ သိရင် ဒီပြဿနာကို ကိုယ့်ဘာသာ အဖြေမရှာတော့ပါဘူး။ အချိန်တန်ရင် ပြေလည်သွားနိုင်တယ်လို့ စိတ်က သိသွားလို့ပါ။
Customer တွေနဲ့ဆက်ဆံဖို့ထားထားတဲ့လူက ပြောတာဆိုတာ အချိုးမပြေဘူးဆိုရင်တော့ သူတာဝန်မကျေတာ ဖြစ်သွားပါပြီ။ အဲ့လိုအချိန်မှာ ဆဲတာ မလွန်တော့ဘူးလို့ တွေးမိပါတယ်။

လူတွေက သူတို့အဆင်မပြေမှုတွေအတွက် တစ်ယောက်ယောက်ကို Blame ချင်ကြပါတယ်။ ဒါက မလွန်ပါဘူး။ ဒါပေမယ့် မှန်မှန်ကန်ကန် Blame နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ မဆိုင်တဲ့သူကိုသွားပြီး စိတ်ဒုက္ခပေးတာဟာ မကောင်းပါဘူး။
အနောက်နိုင်ငံတွေမှာတော့ လေ့လာမှုတွေအရ စားပွဲထိုးတွေဟာ ဟင်းပွဲအရသာမရှိရင် Tip ကောင်းကောင်းမရတော့ဘူးလို့ ဆိုပါတယ်။ သေချာစဉ်းစားကြည့်ရင် စားပွဲထိုးရဲ့ Service နဲ့ ဟင်းပွဲကောင်းခြင်း၊ မကောင်းခြင်း မဆိုင်ပါဘူး။ ဒါက စားဖိုမှူးရဲ့အလုပ်ပါ။ မကျေနပ်ရင် မန်နေဂျာကတစ်ဆင့် စားဖိုမှူးကို ပြောသင့်ပါတယ်။
ကိုယ်မမှာထားတာကို လာချတာ… ဆက်ဆံရေးမကောင်းတာ… ဆိုရင်တော့ သူအသုံးမကျတာ ဖြစ်သွားပါပြီ။

ကိုယ်အရမ်းသဘောကျတဲ့ နာမည်ကြီးအဆိုတော်၊ မင်းသား၊ မင်းသမီးတစ်ယောက်ယောက်ကို အပြင်မှာ တွေ့ဖူးချင်ကြမှာပါ။ သူဟာ သဘောကောင်းကြောင်း၊ တိရစ္ဆာန်လေးတွေကို ချစ်ကြောင်း၊ ပရဟိတလုပ်ကြောင်း သတင်းအတိုအထွာလေးတွေ တွေ့နေရတော့ ဒီလူရဲ့ Personality ကို ကိုယ့်စိတ်ထဲမှာ Stereotype တစ်ခုနဲ့ ပုံဖော်မိနေတတ်ပါတယ်။
အပြင်မှာ တကယ်တွေ့တဲ့အခါ ကိုယ်ထင်သလိုမျိုး ဖြစ်နေရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်ဖို့က မလွယ်ပါဘူး။ ဒါကြောင့် တော်တော်များများကတော့ ကိုယ်သဘောကျတဲ့ Cele တစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ မကြိုးစားသင့်ဘူးလို့ အကြံပေးကြပါတယ်။ သူလည်း လူပဲမို့ ကိုယ်သတ်မှတ်ထားတဲ့ စံတွေထဲကို လုံးလုံးလျားလျားဝင်ဖို့ ခက်မှာပါ။
အမေရိကမှာတော့ ကျောင်းသားတစ်ယောက်က စိတ်ရူးပေါက်ပြီး ဆရာတွေရော၊ ကျောင်းသားတွေရောကို ပစ်သတ်တဲ့အမှုတွေ ခဏခဏတွေ့ရပါတယ်။ တော်တော်များများကတော့ ကျောင်းသားရဲ့ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုလွဲနေတယ်လို့ ထင်ကြပါတယ်။ ဒါ့အပြင် ရှေ့မှာတစ်ယောက်က ဒီလိုလုပ်သွားတာကို သတင်းစာတွေမှာ အကျယ်တဝင့်ဖော်ပြကြတော့ သူတို့လည်း နာမည်ကြီးချင်လို့ လိုက်လုပ်ကြတာဆိုပြီး ထင်ကြပါတယ်။

ဒီလိုတွေးလိုက်တာဟာ စိတ်တော်တော်ရှင်းသွားစေပါတယ်။ ဒီကျောင်းသားက စိတ်ရူးပေါက်လို့… Metal နားထောင်လို့… (အရင်က တကယ်ပဲ ဒီလို Conclude လုပ်ထားတာပါ) ကြမ်းတမ်းတဲ့ Game တွေကစားလို့… စသဖြင့်ပေါ့။ ဒီကျောင်းသား ဒီလိုစိတ်ရူးပေါက်စေဖို့ အကြောင်းပြချက်တွေ ရှာကြတာပေါ့။ အဲဲ့တော့ သူတို့စိတ်ထဲမှာ စိတ်ရူးပေါက်စေတယ်လို့ ထင်တဲ့ကိစ္စတွေ အကုန်လုံးကို လွှဲချတော့တာပဲ။ (Gen Lee များ…)

ဒါပေမယ့် သိသင့်တာက လူတွေဟာ ရုတ်တရက်ကြီး ထပြီး စိတ်ရူးပေါက်ကုန်တာ မဟုတ်ပါဘူး။ သူတို့ကို ဒီလိုဖြစ်လာစေဖို့ တွန်းပို့တဲ့ကိစ္စတွေရှိပါတယ်။ ဒါတွေဟာ စိတ်ထဲမှာ တငွေ့ငွေ့နဲ့ ဖွဲမီးလို လောင်ကျွမ်းနေပါတယ်။ ဥပမာ အိမ်တွင်းရေးမပြေလည်တာ… ကျောင်းမှာ Bully လုပ်ခံရတာမျိုးပေါ့။
အချိန်တစ်ခုရောက်တဲ့အခါ သည်းမခံနိုင်တော့တဲ့အဆုံး ဒီလမ်းကို လိုက်ကုန်တာပါ။
ဒီလိုမြင်လိုက်ရင် လူတိုင်းက စိတ်ရူးပေါက်ပြီး ကိုယ့်ကို ပစ်သတ်ဖို့ Potential ရှိသွားပါတယ်။ ဒါကြောင့် စိတ်က ဒီလိုမတွေးချင်ပါဘူး။ တွေးလိုက်ရင် အမြဲတမ်း အကြောက်တရားတစ်ခုနဲ့ နေရတော့မယ်လေ။
ဒီအခါမှာ ပတ်ဝန်းကျင်ကြောင့်လား… Personality ကြောင့်လားဆိုတာ မေးစရာဖြစ်လာပါတယ်။ တော်တော်များများကတော့ ခပ်လွယ်လွယ်ပဲ Personality ကို Blame ကျပါတယ်။ လူယုတ်မာဆိုတော့ လူယုတ်မာ အလုပ်ကို လုပ်မှာပေါ့ဆိုပြီး တွေးလိုက်ရင် ကိစ္စပြတ်တာပဲလေ။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါပါတယ်။

“သူက လူအုပ်ကြီးကို မြင်ရင် စိတ်မသက်သာဘူး… ဒီတော့ လူရှုပ်ရှုပ်နေရာတွေကို မသွားတတ်ဘူး” လို့ ပြောမယ့် အစား “သူကရှက်တတ်တယ်” လို့ပြောလိုက်ခြင်းဟာ Personality တစ်ခုကို စိတ်ထဲက တည်ဆောက်လိုက်တာပါပဲ။ နောက်တစ်ခါသူ့ကို မြင်ရင် “အော်… ရှက်တတ်တဲ့ ကောင်လေးပဲ” ဆိုပြီး စိတ်က အလွယ်တွေးလို့ရသွားတာပေါ့။
ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက်က ဘဲနဲ့ပြတ်သွားတယ်ဆိုပါစို့။ အဲ့ဒီအကြောင်း ကိုယ့်ကို လာပြောပြတယ်။ တကယ်ပြတ်ပြီ… ဘယ်လိုချော့ချော့ ပြန်မတွဲတော့ဘူး ဘာညာပေါ့။ ဒါကို ယုံခြင်း၊ မယုံခြင်းဟာ သူ့ရဲ့အတိတ်နဲ့ တိုက်ပြီး ဆုံးဖြတ်ရမှာပါပဲ။
အရင်ဘဲတုန်းကလည်း ဒီလိုပဲပြောပြီး ပြန်တွဲတယ်… ပြီးတော့ ပြတ်သွားတယ်… ပြီးတော့ ပြန်တွဲတယ်… ပြီးတော့မှ တကယ်ပြတ်သွားတယ်ဆိုရင်တော့ အခုတစ်ခေါက်ပြတ်တယ်ဆိုတာ တကယ်ဟုတ်ချင်မှ ဟုတ်မှာပါ။ ကြား ၃ကြား မဝင်ကောင်းဘူး… အတင်းတွေပြောပြီး ပြန်တွဲသွားရင် ကိုယ့်စကားတွေပဲ လွန်ကုန်မယ်လို့ တွေးပြီး အတင်းတုပ်ချင်နေတဲ့ ပါးစပ်ကို ထိန်းထားသင့်ပါတယ်။ ဒါပေမယ့် အရင်ဘဲတုန်းကလည်း ပြတ်ပြီဆို တိခနဲပဲလို့ သိရင်တော့ တကယ်ဖြစ်နိုင်တယ်လို့ တွေးနိုင်ပါတယ်။
ဒါတွေဟာ သူ့ရဲ့ Behaviour သည် Consistent ဖြစ်လား၊ မဖြစ်လားဆိုတာကို ပြန်ကြည့်လိုက်တာပါ။

ဒီလိုလုပ်တာဟာ ကိုယ့်ဘော်ဒါအရင်းကြီးတွေ၊ ကိုယ့်မိတ်ဆွေတွေကိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် လမ်းမှာ စည်းကမ်းဖောက်တဲ့ ကားသမားတွေ၊ မီးစိမ်းနေပေမယ့် ဖင်လေးနေတဲ့ ကားသမားတွေကိုတော့ ဒီနည်းနဲ့တွေးလို့ မရပါဘူး။ သူတို့အကြောင်း ကိုယ်မှမသိတာ။
အဲ့တော့ လူတွေဟာ တစ်ဖက်လူရဲ့ Consistency ကိုမသိနိုင်တဲ့အခါ Personality ကိုပဲ Blame လိုက်ကြပါတယ်။ ကားသမားတွေက လူမိုက်တွေများတယ် ဆိုတာမျိုးဖြစ်လာတာပေါ့။
စမ်းသပ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။ ယောက်ျားတွေကို ခပ်ချောချော အမျိုးသမီးသရုပ်ဆောင်တစ်ယောက်နဲ့ တစ်ယောက်ချင်းစကားပြောခိုင်းပါတယ်။ ပြောပြီးတဲ့အခါ အမျိုးသမီးက ဒီယောက်ျားတွေအပေါ် သူ့ရဲ့ Impression ကိုရေးပါတယ်။ Negative လား Positive လားဆိုတာ စမ်းသပ်သူရေးခိုင်းတဲ့အတိုင်း ရေးပါတယ်။ ဒီအကြောင်း ယောက်ျားတွေကို ပြောပြထားပါတယ်။
ထူးဆန်းတာက Negative Impression ရတဲ့ယောက်ျားတွေဟာ ဒီအမျိုးသမီးက သူ့အလုပ်သူလုပ်နေတာ… ပေးချင်လို့ ပေးတာမဟုတ်ဘူးလို့ လက်ခံပါတယ်။ Positive Impression ရတဲ့သူတွေကတော့ သူ့အလုပ်သူလုပ်နေတယ်ဆိုတာ သိပေမယ့် သူတို့ကို သဘောကျတာ နည်းနည်းတော့ပါရမယ်လို့ ထင်ကြပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေဟာ အရောင်းစာရေးမ ချောချောတွေကို ငှားချင်ကြတာပါ။ အလုပ်သဘောအရဆိုတာ သိပေမယ့် သူတို့ကို သဘောကျတာ နည်းနည်းတော့ပါရမယ်လို့ လူတွေက ထင်တတ်ကြပါတယ်။ ဆေးကုမ္ပဏီတွေဟာ ဆရာဝန်ကြီးတွေကို ချဉ်းကပ်ကြတဲ့အခါ ဒီနည်းကိုသုံးတတ်ပါတယ်။
ဒီလိုအလွဲတွေဟာ နေ့စဉ်ဘဝမှာ အများကြီးပါပဲ။ ဆင်းရဲတဲ့သူတွေဟာ ပျင်းလို့၊ ကိုယ့်ကို ရိုးရိုးသားသား စကားလာပြောတာတောင် စိတ်ဝင်စားလို့ စတာတွေပေါ့။ ဘာကြောင့် ဒီလိုပြုမူနေရတာလဲဆိုတဲ့ Cause ကိုရှာတဲ့အခါ Personality ကိုပုံချမိတတ်ပါတယ်။
ဒီတော့ တစ်ဖက်လူ Professional မပီသတဲ့အခါ သူ့ကို Blame နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့မဆိုင်တဲ့ကိစ္စတစ်ခုအတွက်နဲ့ သူ့ကို စိတ်ဒုက္ခမပေးသင့်ပါဘူး။ Personality တွေကို Stereotype တွေလိုမြင်တာဟာ လွဲနိုင်ပါတယ်။ ပြဿနာတိုင်းကို တဖက်လူရဲ့ Personality ကြောင့်ဆိုပြီး အပြစ်ပုံချလို့မရပါဘူး။ ပတ်ဝန်းကျင်အခြေအနေတွေကို ကြည့်ဖို့လိုအပ်ပါသေးတယ်။ နည်းမှန်လမ်းမှန်နဲ့ Blame နိုင်ကြပါစေခင်ဗျာ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။
Reblogged this on Site Title and commented:
ကြုိက်လို့❤
LikeLike