ဒီကိစ္စကို ရေးရတာ အတိုက်အခံတွေအငြင်းပွားစရာတွေများလာမယ်ဆိုတာသိပါတယ်။
ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စလေးမို့လို့ ဆေးပညာအမြင်ကနေ ဝေမျှကြည့်ချင်ပါတယ်။

ဝက်ခြံပိုပေါက်စေတဲ့ အစားအစာတွေကို အခုစိတ်ထဲက တခုချင်းရွတ်ကြည့်ပါလား။
ချော့ကလက် ပါမယ်။
နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေပါမယ်။
အဆီများတဲ့ အာလူးကြော်တို့၊ဆီကြော်အစားအစာတွေ ကျိန်းသေပါမယ်။
သကြားများတဲ့အချိုတွေ ပါလာမယ်။
ဟမ်ဘာဂါကြက်ကြော်နဲ့ ပီဇာတို့လို Fast food တွေပါသလို မာလာရှမ်းကောလို အပူအစပ်တွေအထိပါလာမှာပါ။
ခက်တာက ကိုယ်ကလဲ လူငယ်ဆိုတော့ ဒီအစားအစာတွေကို ကြိုက်ကြတာများပါတယ်။
စားကလဲစားချင် ဝက်ခြံပေါက်မှာလဲကြောက်ကြပါတယ်။
ဒါပေမယ့်… အဲ့ဒီအစားအသောက်တွေစားလို့ ဝက်ခြံပေါက်တာ မဟုတ်ပါဘူး။
အခုထိလဲ Diet ကြောင့် ဝက်ခြံပေါက်တယ်ဆိုတာ ဆေးပညာအရ အတည်မပြုနိုင်သေးပါဘူး။
ဒီအကြောင်းကို နည်းနည်းပိုသိအောင် အကျယ်ပြောပြပါ့မယ်။ ဝက်ခြံပေါက်စေတဲ့အကြောင်းရင်းကတော့ အရေပြားက ချွေးပေါက်ပိတ်လို့ ယောင်ယမ်းပြီး ဝက်ခြံဖြစ်လာတာပါ။

ဘာကြောင့်ပဲအပေါက်ပိတ်ပိတ် ဝက်ခြံထွက်ပါတယ်။ အများဆုံးပိတ်တာက ကိုယ့်မျက်နှာကအဆီတွေနဲ့ပါပဲ။ အဆီပြန်တတ်တဲ့အသားရေပိုင်ရှင်ဆိုရင် အဆီက ချွေးပေါက်ပိတ်လို့ ဝက်ခြံများလာပါတယ်။
မျက်နှာအဆီများခြင်းမများခြင်းက မျိုးရိုးဗီဇနဲ့ဆိုင်သလို ဟော်မုန်းဓာတ်နဲ့လဲဆိုင်ပါတယ်။ ဥပမာ Androgen ဟော်မုန်းများရင် အဆီပိုထွက်ပြီး ဝက်ခြံပိုများနိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လဲ ဝက်ခြံပိုများတတ်တာရှိပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ဓမ္မတာလာတဲ့အခါ ဝက်ခြံပိုထွက်တတ်တာရှိပါတယ်။ အဆီနဲ့ပိတ်တာအပြင် ဖုန်မှုန့်တွေနဲ့လဲ ချွေးပေါက်ပိတ်တတ်လို့ လေမသန့်တဲ့ပတ်ဝန်းကျင် polluted area မှာနေရတာတို့၊ ခေါင်းအုံးစွပ် မသန့်တာတို့၊ မသန့်တဲ့ဆံပင်တွေ မျက်နှာမှာဖုံးတာတို့ဆို ဝက်ခြံပိုဖြစ်စေပါတယ်။


မိတ်ကပ်တွေ အလှပြင်ပစ္စည်းတွေ တင်ကျန်ခဲ့ရင်လဲ ချွေးပေါက်ပိတ်ကာ ဝက်ခြံပိုပေါက်တတ်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု stress ကြောင့်လဲ ဝက်ခြံပိုထွက်တတ်ပါတယ်။ stress ကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တာလို့ ဆိုနိုင်ပါတယ်။

ဒါဆို အစားအသောက်ကရော ဝက်ခြံနဲ့မဆိုင်ဘူးလားပေါ့။ ဝက်ခြံနဲ့ အစားအသောက်ကိစ္စကိုလေ့လာတဲ့
သုတေသနတွေ အများကြီးရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံ Pennsylvania တက္ကသိုလ်နဲ့ အမေရိကန် Naval Academy မှာ စမ်းသပ်ခဲ့စဥ်က volunteer တဝက်ကို ချော့ကလက်မပါတဲ့ချော့ကလက်အတုကိုကျွေးပြီး ကျန်တဲ့လူတွေကိုတော့ ပုံမှန်ထက် ဆယ်ဆလောက်ပိုပါတဲ့ ချော့ကလက်တွေကျွေးပြီး ဝက်ခြံပိုပေါက်မပေါက်စမ်းခဲ့ပါတယ်။

အဲ့သုတေသနအရ ချော့ကလက်စားတာနဲ့ ဝက်ခြံပိုပေါက်တာ သက်ဆိုင်မှုမရှိဘူးလို့ အတိအကျဆိုပါတယ်။ ဒါကြောင့် ချော့ကလက်ကတော့ ဝက်ခြံမပေါက်စေတာ သေချာသလောက်ရှိပါတယ်။
သို့သော် အမေရိကန်နိုင်ငံ JAMA ဂျာနယ်ကနေ လူပေါင်း ၂သောင်း၄ထောင် ကိုစစ်တမ်း (Survey) ကောက်ပြီး သုတေသနလုပ်ခဲ့ရာမှာတော့ အစားအစာစားတဲ့ ပုံစံနဲ့ ဝက်ခြံပေါက်တာက ဆက်နွယ်မှုရှိတယ်လို့တွေ့ပြန်ပါတယ်။
ဒီလေ့လာချက်အရ လက်ရှိဝက်ခြံပြဿနာကြုံနေသူတွေဟာ
အဆီများတဲ့ အစားအစာဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အချိုများတဲ့အစားအစာတွေ၊ အဆီများတဲ့ အကြော်တွေစားနှုန်း ၅၄% ပိုများတယ်ဆိုတာတွေ့ပါတယ်။

ဒီရလာဒ်ကို အပေါ်ယံဖတ်လိုက်ရင်တော့ “တွေ့လားငါပြောသားပဲ… ဆီကြော်တွေ နွားနို့တွေက ဝက်ခြံပိုဖြစ်တယ်တွေ့လား” ဆိုပြီးထင်စရာရှိပေမယ့် သေချာဖတ်ကြည့်ရင်တော့ ကောက်ချက်ချရတာအမျိုးမျိုး အငြင်းပွားနိုင်စရာဖြစ်လာပါတယ်။
ဒီသုတေသနက အပေါ်က ချော့ကလက်ကို စမ်းသလို ချော့ကလက်ကျွေးပြီးစမ်းထားတာမဟုတ်ပါ။ သူတို့တနေ့တာစားတဲ့အစားအစာကို စာရင်းကောက်ပြီး လေ့လာတဲ့ dietary record သဘောဖြစ်လို့ အမှားတွေရေးပေးနိုင်ခြေရှိပါတယ်။
ဥပမာ ဆီကြော်စားလို့ ဝက်ခြံပိုပေါက်တယ်လို့ ယုံတဲ့သူက သူဆီကြော်စားမိတာကိုပိုမှတ်မိပြီး ဖောင်ထဲမှာ အလေးပေးရေးထားတတ်ပါတယ်။

တကယ်တမ်းက သူမျက်နှာသစ်ဖို့ပျင်းတာတွေ၊ Stress တွေပြည့်နေတာတွေ၊ လေထုညစ်ညမ်းတဲ့နေရာမှာနေတာတွေကြောင့် ဝက်ခြံပေါက်လာတာလဲ ဖြစ်နိုင်သေးပါတယ်။ အဲ့အချက်တွေကို confounding factors လို့ခေါ်ပါတယ်။

ဒါ့အပြင် ဒီလေ့လာချက်အရ ဝက်ခြံနဲ့ အစားအသောက်က ဆက်နွယ်မှု (Association) ရှိတယ်လို့သာ ဆိုနိုင်ပြီး Causal relationship ကို
မပြနိုင်ပါဘူး။
ဆိုလိုတာက အစားအသောက်စားတာမမှန်လို့ ဝက်ခြံပိုပေါက်တာပါဆိုပြီး ဒဲ့အပြစ်ပုံချလို့မရပါဘူး။
ဆေးပညာဖက်ကအကြံပေးချင်တာကတော့ အစားအစာကို တအားရှောင်တာထက် အာဟာရပြည့်ဝအောင်စားပါ။ နွားနို့တွေ အပူစပ်တွေစားတာ ကြိုက်ရင်လဲ ပုံမှန်စားတာကပြဿနာမရှိပါဘူး။ အလွန်အကျွံစားတာတော့ အားမပေးပါဘူး။ ချော့ကလက်လဲစားလို့ရပါတယ်။

ပိုအရေးကြီးတာက မျက်နှာ skin care ပဲဖြစ်တာမို့လို့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ စိတ်မဖိစီးအောင် လေ့ကျင့်နေထိုင်တာက ပိုပြီးထိရောက်ပါလိမ့်မယ်လို့ အကြံပေးပါရစေ။
Dr. Venice
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။