ဒီအကြောင်းကို ငယ်ငယ်က ကိုရီးယားကားတကားထဲမှာကြည့်ဖူးလိုက်ပါတယ်။
မင်းသမီးက ဗိုက်ကြီးတော့ ပျို့မယ်အန်မယ်ကြံတုန်းရှိသေးတယ်… သူ့ယောကျ်ားကပါလိုက်ပြီး ပျို့အန်တဲ့အကြောင်းရိုက်ပြထားတာပါ။

အဲ့တုန်းကတော့ “ထူးဆန်းတယ်ဟ”လို့
တွေးမိပါတယ်။ အိမ်ကအမေကတော့ “တွေ့လား သူများယောကျ်ားတွေများ မိန်းမကို သည်းသည်းလှုပ်ချစ်တတ်လိုက်တာ” ဘာညာနဲ့ အဖေ့ကို စကားနာထိုးပါတော့တယ်။
ဒီpost မှာတော့ အဲ့အကြောင်းကို ရှာဖွေရေးသားပေးလိုက်ပါတယ်။
အမျိုးသမီးတယောက်က ကိုယ်ဝန်ဆောင်ရင် ပထမလအစပိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့်အန်တတ်ပါတယ်။ အဲ့လိုအန်တာကို Morning sickness လို့ခေါ်ပြီး hCG (human Chorionic gonadotropin) ဆိုတဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့်အန်တာပါ။
ထူးဆန်းတာက တချို့ယောကျာ်းတွေကလဲ အဲ့အချိန်မှာ မိန်းမနဲ့အတူ မအီမသာဖြစ်ပြီး လိုက်အန်တတ်တာမျိုးရှိပါသတဲ့။
အဲ့တာကို Couvade syndrome လို့ခေါ်ပါတယ်။
Couvade ဆိုတဲ့စကားက couver ဆိုတဲ့ပြင်သစ်စကားလုံးကနေလာတာဖြစ်ပြီး “ဥမှအကောင်ပေါက်သည်” (hatch or brood) လို့အဓိပ္ပာယ်ရပါတယ်။
Sympathetic pregnancy လို့လဲတချို့ကခေါ်ပါသေးတယ်။

လက္ခဏာဘာတွေပြတတ်လဲဆိုတော့ ကိုယ်ဝန်ဆောင်မိန်းမတယောက်ခံစားရသလိုပါပဲ။
အစာမကြေမအီမသာဖြစ်လာမယ်။
ဗိုက်နာလာမယ်။ ပျို့အန်မယ်။
အစားအသောက်ပျက် ခံတွင်းမလိုက်ဖြစ်မယ်။ ဂဂျီဂကြောင်ကျမယ် စတာတွေဖြစ်တတ်ပါတယ်။
ဒါတင်မကသေးပါဘူး။
ဝက်ခြံတွေထွက်တာ၊ ကိုယ်အလေးချိန်တက်လာတာ၊ ခေါင်းကိုက်တာ၊ ညဖက်အိပ်မပျော်တာအထိပါ ဖြစ်တတ်ပါသေးတယ်။
(အိမ်မှာ ဗိုက်ကြီးသည် ၂ ယောက်ရှိနေသလိုကို
ချုချာလာတာမျိုးပါ။)

ဘာလို့ တချို့ အမျိုးသားတွေကျမှ ဒီ Couvade syndrome ရတာလဲဆိုတာ တိကျတဲ့အဖြေမရှိသေးပါဘူး။
ဆေးပညာရှင်တွေကတော့ ဖခင်လောင်းတွေမှာလဲ သားသမီးကြောင့်ဖြစ်လာတဲ့ paternal mind ကြောင့် ခန္ဓာကိုယ်က ဟော်မုန်းတွေပြောင်းလဲလာတာလို့ဆိုပါတယ်။

တိရစ္ဆာန် model တွေကို စမ်းသပ်ချက်အရတော့ Prolactin ဆိုတဲ့ ဟော်မုန်းရယ်၊ Testosterone /Estrogen ဟော်မုန်းအချိုး ပြောင်းလဲသွားလို့ဖြစ်တာကို တွေ့ထားပါတယ်။
ဒါပေမယ့် လူတွေမှာတော့ စိတ်ကျေနပ်စရာကောင်းလောက်တဲ့အဖြေမရသေးပါဘူး။
Psychologists တွေယူဆချက်ကတော့ ပိုကြမ်းပါတယ်။ (ဖတ်ပြီးရင် ရှင်တို့ ယွကျားတွေမကောင်းဘူးဆိုပြီး ဖြစ်လာနိုင်ပါတယ်။ ဤကား စကားချပ်)
ပထမဆုံး ယူဆချက်ကတော့ womb envy လို့ခေါ်ပါတယ်။ မိန်းမတွေမှာပဲ သားအိမ်ရှိပြီး ကိုယ်ဝန်ဆောင်လို့ရတာကို ယောကျ်ားတွေက
မနာလိုဝန်တိုဖြစ်တတ်ပါတယ်တဲ့။

အဲ့မနာလိုစိတ်ကြောင့် သူကျ ကိုယ်ဝန်ဆောင်ရတယ်ငါကျ ဗိုက်မကြီးရဘူးလား။ ငါလဲဗိုက်ကြီးချင်တယ်ဆိုပြီး မသိစိတ်ထဲဖြစ်လာလို့ပါတဲ့။ အဲ့စိတ်ကြောင့် ကိုယ်ဝန်ဆောင်ချင်တဲ့ လက္ခဏာတွေပေါ်လာတာလို့ဆိုပါတယ်။
(တော်တော်မကောင်းတဲ့ ယွကျားတွေလို့ပြောလဲခံရတော့မှာပါ။)

(ဒီနေရာမှာ Envy နဲ့ Jealous ကွာခြားပုံလေး ကြုံတုန်းပြောပြပါရစေ။ ကိုယ့်မှာမရှိပဲ သူများမှာပဲပိုင်ဆိုင်တဲ့အရာကို မနာလိုရင် envy လို့သုံးပါတယ်။
ဒီမှာဆို မိန်းမမှာပဲ သားအိမ်ရှိလို့ ယောကျ်ားတွေက envy ဖြစ်တာပါ။
ကိုယ့်မှာရှိနေတဲ့ ပိုင်တဲ့အရာကို သူများကလုယူသွားမှာကြောက်တဲ့ သဝန်တိုမနာလိုတာကိုကျ jealous လို့ခေါ်ပါတယ်။ ဥပမာ ကိုယ့်ချစ်သူချောချောလေးကို သူများက စနှိုက်လာကြော်သွားမှာစိုးတာမျိုးပေါ့)
နောက်တချက် ယူဆတာကကျ ယောကျာ်းတွေက attention လိုချင်လို့ပါတဲ့။ အိမ်တအိမ်မှာ ကိုယ်ဝန်ဆောင်ရှိရင် တအိမ်လုံးက ဝိုင်းပြီးဂရုစိုက်ကြ ချစ်ခင်ကြ လိုတာလုပ်ပေးကြပါတယ်။ မိန်းမက ဒီလိုအချစ်ခံနေရတာကို မြင်လာရင်း ယောကျာ်းက သူ့ role နိမ့်လာတယ်လို့ထင်လာပါတယ်။

အဲ့လိုနဲ့ အမျိုးအဆွေတွေဆီက အတန်ရှည် (attention) ရအောင် လုပ်တဲ့အနေနဲ့ ဒီလို Couvade syndrome ပေါ်လာတာလို့ ယူဆပြန်ပါတယ်။
အထူးသဖြင့် မိန်းမက အိမ်ထောင်ဦးစီးဖြစ်ပြီး ယောကျာ်းကမှီခိုရတဲ့သဘောဖြစ်တဲ့ အိမ်ထောင်တွေမှာ ပိုတွေ့ရတတ်ပါတယ်လို့ လေ့လာချက်တခုကဆိုပါတယ်။ ယောကျ်ားက role ကျလာလေ သူ့ role ကိုတင်ဖို့ မသိစိတ်က ကိုယ်ဝန်ဆောင်ချင်လာလေလေဖြစ်လို့ပါတဲ့။

နောက်ထပ်ယူဆချက်ကတော့ ဖခင်လောင်းဘဝကိုရောက်ပြီလို့ သိလိုက်ရတဲ့အခါ စိတ်ထဲတမျိုးတမည်ဖြစ်သွားပြီး paternal anxiety သဘောဖြစ်လာတာပါ။ ခါတိုင်းနဲ့မတူတော့ဘဲ စိတ်က ကလေးအကြောင်းတွေ ပိုတွေးပြီး ခံစားချက်တွေပြောင်းလာကာ အိပ်မပျော်ဖြစ်လာတာ၊ စားမဝင်ဖြစ်လာတာလို့ဆိုပါတယ်။

နောက်ဆုံးယူဆချက်ကတော့ Oedipal conflict တကျော့ပြန်ပေါ်လာတာလို့ဆိုပါတယ်။ Oedipal conflict ဆိုတာက ကလေးငယ်ငယ်လေးတွေမှာ အဖေကိုမုန်းပြီး အမေကိုပဲ တန်းတန်းစွဲချစ်တာမျိုးပါ။ ကလေးစိတ်က အဖေကို အဖေလို့မမြင်ဘဲ သူ့အမေရဲ့အချစ်ကိုလုမယ့် သူစိမ်းယောကျ်ားလို့မြင်နေတာပါ။

ဒါကြောင့် တချို့ကလေးတွေက အဖေ့ကို အမေနားအကပ်မခံဘဲ အမေကိုသူတို့ပဲ မောင်ပိုင်စီးထားတတ်ပါတယ်။ အဖေကို ရန်သူလိုမြင်နေတာပါ။ ကလေးအသက် ၃နှစ်ကနေ ၆နှစ်လောက်မှာတွေ့ရတတ်ပြီး သားယောကျ်ားလေးတွေမှာဖြစ်တတ်တာပါ။
ကြီးလာရင်တော့ အသိစိတ်ဝင်လာပြီး အဖေကိုအဖေမှန်းသိလာပါတယ်။ (မသိလို့လဲမရဘူးလေ…အကြိတ်ခံရမှာပေါ့လို့)
အခု ဒီ Couvade syndrome မှာလဲ ခင်ပွန်းသည်က Oedipal conflict တကျော့ပြန်ပေါ်လာပြီး သူ့မိန်းမကို သူ့သားကလုသွားမှာစိုးလို့ မိန်းမဆီက attention ရအောင် မသိစိတ်က ဒီလိုဝေဒနာတွေထုတ်ပြတာလို့ဆိုကြပါတယ်။
တချို့ကလဲ Couvade syndrome က ယောကျာ်းတွေက မိန်းမအပေါ် ဒီလိုကိုယ်ဝန်ကြီးနဲ့ပင်ပန်းအောင်လုပ်မိတာကို Guilty ဖြစ်လို့ သူပဲကိုယ်စားအဖြစ်ခံလိုက်ချင်တယ်ဆိုတဲ့သဘောလို့ ပြောကြပြန်ပါတယ်။
ဘယ်လိုပဲယူဆကြပါစေ… ခင်ပွန်းတိုင်းလဲဒီလိုမဖြစ်ကြသလို… ဖြစ်လာခဲ့ရင်လဲ မိန်းမရဲ့ကိုယ်ဝန်ဆောင်ဒုက္ခတွေကို ပိုနားလည်လာမယ်လို့ပဲ အကောင်းဖက်က ယူဆမိပါတယ်။

Thanks for your time!
လင်းမူ
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။