အသွင်တူလို့အိမ်သူဖြစ်တာလား? အိမ်သူဖြစ်လို့အသွင်တူလာတာလား?

ဗမာစကားပုံတခုအရ အသွင်တူမှအိမ်သူဖြစ်တယ်လို့ဆိုထားပါတယ်။
ကျနော်တို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် စုံတွဲတွေ၊ လင်မယားတွေက ရုပ်ချင်းဆင်တူနေတာကို သတိထားမိမှာပါ။

မျက်မှန်နဲ့ကောင်မလေးတွေကလဲ မှန်ကြောင်ကောင်လေးနဲ့၊ ပြောင်ကြီးတို့ကလဲ နောက်ထပ်နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့၊ တူရာတူရာစုထားသလို ဆင်တူအတွဲလေးတွေမြင်တိုင်း ဘာလို့ အိမ်ထောင်ဖက်တွေ၊ စုံတွဲတွေက ရုပ်တူတူလာကြတာလဲလို့ ထင်စရာရှိပါတယ်။

ဒါကသင်ထင်ထားတာထက်ကို ပိုလေးနက်တဲ့သက်သေသက္ကရ ရှိပါတယ်။

လေ့လာချက်တခုအရဆိုရင် အိမ်ထောင်သည်အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လေ့လာကြည့်တဲ့အခါ လက်ချောင်းခြေချောင်းအရှည်ကအစ နားသံသီးအရွယ်အစားထိ ဆင်တူဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုဆင်တူတာက ရုပ်တူတဲ့သူစိမ်းတွေထက်ကို လင်မယားတွေက ပိုဆင်တူပါသတဲ့။

ငြင်းစရာရှိတာက လင်မယားဖြစ်လို့ ဆင်တူလာတာမဟုတ်ဘူး။ လူတွေက ကိုယ်နဲ့ဆင်တူတဲ့သူကိုမှ ရွေးကြိုက်တတ်တာလို့ ပြောရင်လဲမမှားပြန်ပါဘူး။

ဒီအကြောင်းကို သုတေသနတခုလုပ်ထားတာရှိပါတယ်။ လုပ်အားပေးလူငယ်တွေကိုခေါ်ပြီး မျက်နှာပုံတွေပြကာ ဘယ်တယောက်ကိုသဘောကျလဲဆိုပြီးရွေးခိုင်းတာပါ။

တကယ်တမ်းတော့ဓာတ်ပုံအချို့က သူစိမ်းမျက်နှာနဲ့ ကိုယ့်မျက်နှာကို ရောပြီး Photoshop နဲ့ပြင်ထားတာတွေလဲပါပါတယ်။

အံ့သြဖို့ကောင်းတာက လူတွေက သဘောကျတယ်လို့ရွေးတဲ့ပုံတော်တော်များများက သူ့မျက်နှာအချိုးအစားနဲ့တူအောင် Photoshop ပြင်ထားတဲ့သူစိမ်းပုံတွေ ဖြစ်နေတာပါပဲ။ ဒါကိုကြည့်ခြင်းဖြင့် မိမိနဲ့ဆင်တူတဲ့သူကို ရွေးကြိုက်မိတာဖြစ်နိုင်ပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာက ချစ်သူရွေးတဲ့နေရာမှာတင်မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်မွေးတဲ့အခါမှာလဲ ကိုယ်နဲ့ဆင်တဲ့ ခွေးလေးကြောင်လေးတွေကို မသိစိတ်က ရွေးမွေးတတ်ပါသတဲ့။

University of British Columbia မှာလုပ်ခဲ့တဲ့လေ့လာချက်အရ ခွေးတွေနဲ့ သူတို့သခင်တွေကြားမှာ ရုပ်ချင်းဆင်ရင် ပိုအမွေးခံရတယ်ဆိုတာတွေ့ပါတယ်။ တကယ့်လူမျက်နှာနဲ့ ခွေးကိုမှ မွေးတယ်ပြောတာတော့မဟုတ်ပါဘူး။

ဘယ်လိုလဲဆိုတော့ ဆံပင်ရှည်နဲ့ကောင်မလေးက အမွေးဖွာဖွာနဲ့ နားရွက်ရှည်ကြီးဖားလားချထားတဲ့ ခွေးပုံစံကိုအရွေးများပြီး ဆံပင်တိုတိုနဲ့အမျိုးသမီးကကျ အမွှေးတိုတိုနဲ့ နားရွက်ထောင်ထောင်ခွေးမျိုးကို ပိုရွေးတယ်လို့ဆိုထားပါတယ်။

၁၉၈၇ ခုနှစ်မှာတော့ University of Michigan က psychologists တွေက ချစ်သူစုံတွဲပဲဖြစ်ဖြစ်၊လင်မယားပဲဖြစ်ဖြစ် စစဆုံချိန်ထက်စာရင်
တဖြေးဖြေးတူတူဖြတ်သန်းလာမှ ပုံစံပိုဆင်တူလာတယ်လို့တွေ့ရှိပြန်ပါတယ်။

ကျောင်းသားတွေက အိမ်ထောင်စု ၁၂စုက လင်မယားစုံတွဲ ၁၂တွဲရဲ့ မင်္ဂလာဆောင်ကစပုံရယ် နှစ်ပေါင်း ၂၅အကြာက ဓာတ်ပုံရယ်နှိုင်းယှဥ်ရွေးချယ်ခိုင်းတဲ့အခါ နှစ်ကြာမှ ရိုက်တဲ့ပုံကိုပိုလွယ်လွယ်ကူကူရွေးပြနိုင်တာကို တွေ့ရပါတယ်။

အကြောင်းကတော့ နှစ်တွေကြာလာရင်း စားသောက်တဲ့ပုံစံကလဲ တူနေမယ်။ နေရတဲ့ပတ်ဝန်းကျင်အခြေအနေကလဲတူမယ်။ စိတ်ခံစားချက်တွေကလဲ တဦးနဲ့တဦး share လုပ်ရင်းနဲ့ စိတ်ရောကိုယ်ပါပြောင်းလဲလာပြီး ဆင်တူလာတာလို့ဆိုပါတယ်။

ဥပမာ နေရာင်ကြောင့် အရေပြားတွန့်တာကအစ… ရန်ခဏခဏဖြစ်ရင် မျက်မှောင်ကျုံ့တာအဆုံး wrinkles ပေါ်လာနှုန်းတွေလဲတူလာတယ်လို့တွေ့ပါတယ်။

အထူးသဖြင့် personality type တူတဲ့စုံတွဲတွေက ရုပ်ပိုတူလာနိုင်တာကိုလဲတွေ့ပါတယ်။
လင်မယား ၂ယောက်လုံးက အေးအေးဆေးဆေးနေတတ်သူတွေဆို အေးဆေးတဲ့ပုံစံတူလာသလို
တက်ကြွတဲ့လင်မယားဆိုရင်လဲ တက်ကြွလှုပ်ရှားဟန်တွေအထိ ဆင်လာတာကိုမြင်ရပါတယ်။

ရုပ်တူတဲ့စုံတွဲတွေက တခြားသူတွေထက် ပိုပျော်ရွှင်ကြတယ်။ ပိုရင်းနှီးကြတယ်လို့လဲ စစ်တမ်းတခုကဆိုထားပါတယ်။ တချို့ theory တွေကျတော့ လူတွေက ရှေးခေတ်ကစပြီးစဥ်းစားကြည့်ရင် အကုန်လုံးအမျိုးတော်ကြလို့ ရုပ်ချင်းဆင်တူနိုင်တာ မဆန်းဘူးလို့ဆိုပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသွင်တူမှ အိမ်သူဖြစ်ကြသလို အိမ်သူဖြစ်လာကြတဲ့အခါမှာလဲ အသွင်တူအောင်လေ့ကျင့်နေထိုင်ရင်းနဲ့ပဲ တည်မြဲတဲ့အိမ်ထောင်ဖြစ်အောင်ထိန်းသိမ်းကြရမယ်လို့ ယူဆမိပါတယ်ခင်ဗျ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started