ဦးနှောက်ဟာ ပုံပြင်တွေပြောတဲ့နေရာမှာ ကျွမ်းကျင်ကြောင်းအရင်က ရေးခဲ့ဖူးပါတယ်။ အခုပြောပြချင်တာက ပုံပြင်အပြောကောင်းလွန်းလို့ စိတ်ရောဂါတွေ ဖြစ်ကုန်တဲ့အကြောင်းပါ။
၁၈၇၀ ခုနှစ်က ဆရာဝန်တစ်ယောက်ဟာ စကားမပြောနိုင်တဲ့လူနာတွေကို လေ့လာနေတယ်။ စကားမပြောနိုင်ဘူးဆိုလို့ “အ” နေတယ် မထင်ပါနဲ့။ ဆေးပညာအရတော့ ဒါကို Aphasia လို့ခေါ်ပါတယ်။ ဦးနှောက်ကြောင့် ခဏတဖြုတ် စကားတွေနားမလည်တော့လို့ ပြန်မပြောနိုင်တာမျိုးပါ။ လေဖြတ်တဲ့လူနာအချို့ကို ကြည့်ရင်သိနိုင်ပါတယ်။

ဒါပေမယ့် ဒီဆရာဝန်လေ့လာနေတာ လေဖြတ်တဲ့လူနာတွေ မဟုတ်ပါဘူး။ အကြောင်းတစုံတရာမရှိဘဲ စကားမပြောကြတော့တဲ့သူတွေပါ။ သူက ဒါကို Negotiation Delirium လို့ခေါ်ပါတယ်။
သူ့ရဲ့အဆိုအရ လူတစ်ယောက်ရဲ့ဦးနှောက်ကို ထိခိုက်မိတဲ့အခါ သူဟာ သေသွားပြီလို့ ယုံကြည်သွားစေတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ ရှင်းပြရှင်းပြ လုံးဝလက်မခံတော့ပါဘူး။ ခုချိန်မှာတော့ ဒီရောဂါကို ခံစားနေရတဲ့ Case ပေါင်း ၁၀၀ ကျော်မှတ်တမ်းတင်ထားပါတယ်။ ဒါကို Cotard’s delusion လို့ပြောင်းလဲခေါ်ဝေါ်လိုက်ကြပါပြီ။ Walking Corpse Syndrome လို့လည်း ပြောတတ်ကြပါတယ်။ (လမ်းလျှောက်နေတဲ့ အလောင်းကောင်ကြီးဆိုပါတော့…)

ဒီရောဂါဖြစ်လာရင် ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်တဲ့အခါ “ငါဟာ ငါမဟုတ်… ငါ့နှလုံးခုန်သံဟာ ငါ့ဟာမဟုတ်… ငါ့ခန္ဓာကိုယ်ကြီးက ပုပ်ပွနေပြီ…” စသဖြင့် ထင်တတ်ပါတယ်။ အရမ်းဆိုးဝါးတဲ့ Case တွေဆိုရင် ကိုယ့်ကိုကိုယ် တစ္ဆေဖြစ်သွားပြီလို့ ထင်ပြီး အစာမစားတော့ပါဘူး။ အဲ့လိုကြောင့် သေသွားတဲ့ လူနာတွေလည်း ရှိပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ဦးနှောက်ကို ထိခိုက်မိလို့ပါ။ ပိုရှင်းအောင် ပြောရရင် ဖြစ်ပျက်နေတာတွေကို မစဉ်းစားနိုင်တော့တဲ့အတွက် ဦးနှောက်က ပုံပြင်ပြောတာပါ။ ကိုယ့်ရုပ်ကိုယ်မှန်ထဲကြည့်တဲ့အခါ ဒါဟာ “ငါ” ဆိုတဲ့ ရင်းနှီးမှုမျိုး သူ့မှာ ကျွန်တော်တို့လို မခံစားရပါဘူး။ ဒါ့အပြင် ကိုယ့်မိသားစုအပေါ် ရင်းနှီးတဲ့ခံစားချက်မျိုး မရတော့သလို ကိုယ့်ရည်းစားကိုလည်း ချစ်တဲ့စိတ်မပေါ်တော့ပါဘူး။ သူ့စိတ်ထဲမှာ အရာရာကို ခံစားချက်တွေနဲ့ တွဲမမှတ်မိတော့ပါဘူး။

ဒီတော့ ဦးနှောက်က ပုံပြင်တစ်ပုဒ်ကိုရှာလိုက်ပါတယ်။ အဲ့ဒါကတော့ ပတ်ဝန်းကျင်က လူတွေဟာ လူယောင်ဆောင်ထားတဲ့ ဂြိုလ်သားတွေဖြစ်ရမယ်၊ လူပုံစံစက်ရုပ်တွေ ဖြစ်ရမယ်၊ ရုပ်ချင်းတူတဲ့ ဟန်ဆောင်လူတွေဖြစ်ရမယ်လို့ တွေးလိုက်တာပါ။ ဒါက သူများတွေအပေါ်ခံစားချက် မရှိတော့တဲ့အခါ ဖြစ်တာပေါ့။
ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပြီး ရင်းနှီးတယ်လို့ မခံစားရတော့တဲ့အခါမှာတော့ ငါက သေပြီးပြီ… ငါက အတုယောင်ကြီးပဲ… ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။
လူတိုင်းမှာလည်း ဒီလိုအတွေးတွေရှိပါတယ်။ ဒီလူနာတွေမှာကတော့ တစ်ဖက်အစွန်းကို ရောက်သွားတာပေါ့။ အဲ့တော့ လွဲနေတယ်ဆိုတာ မြင်လွယ်တယ်။ သူတို့ဦးနှောက်ထိခိုက်သွားတယ်ဆိုတာကို ဦးနှောက်က မသိဘူး။ ဒီအတွက် ကြုံနေရတဲ့အတွေ့အကြုံကို အဓိပ္ပါယ်ရှိအောင် ပုံပြင်တစ်ပုဒ် ဖန်တီးလိုက်တာပေါ့။

ဒီလိုမျိုးကိစ္စကို အခြားစိတ်ရောဂါတစ်ခုမှာလည်း တွေ့ရပါသေးတယ်။ ကိုယ့်မှာ ရောဂါရှိတာကို လက်မခံနိုင်တာပါ။ ဆေးပညာအရတော့ Anosognosia လို့ခေါ်တယ်။ ဒီလူနာတွေဟာ သူတို့ဖြစ်နေတဲ့ရောဂါတွေကို မျက်မြင်ကိုယ်တွေ့မြင်နေရပါလျက်နဲ့ မယုံကြည်ကြပါဘူး။ လူနာတစ်ယောက်ဆိုရင် လက်တစ်ဖက်အကြောသေနေတာတောင်မှ သူအကြောသေနေတယ်လို့ လက်မခံပါဘူး။ ဆရာဝန်တွေက “အဲ့ဒါဆိုရင် လက်က ဘာလို့လှုပ်မရတာလဲ” လို့မေးတော့ “ဒါဟာ သူ့အမေရဲ့လက်ပါ… သူ့အမေက သူ့ကိုစနောက်ချင်လို့ စားပွဲအောက်မှာ ပုန်းနေတာ” လို့ ပြန်ပြောပါတယ်။

ဒါ့အပြင် သတိမေ့ရောဂါရှိတဲ့ လူအချို့မှာလည်း ဒါကိုတွေ့ရပါတယ်။ Memento ကြည့်ဖူးရင် သိမှာပါ။ မှတ်ဉာဏ်အသစ်တွေဟာ အချိန်တစ်ခုရောက်ရင် ပျက်သွားပြီး ဘာကိုမှသူမမှတ်မိတော့ပါဘူး။ ဆေးပညာမှာတော့ Anterograde Amnesia လို့ခေါ်ပါတယ်။ လက်တွေ့ဘဝထဲက လူနာတစ်ယောက်ကတော့ ၁၀ မိနစ်တစ်ခါလောက် မှတ်ဉာဏ်က Reset ဖြစ်တတ်ပါတယ်။ အဲ့တော့ သူသတိတစ်ခါမေ့သွားတိုင်း ဆေးရုံပေါ်ရောက်နေကြောင်း အသစ်ပြန်ပြီး သတိရနေတာပေါ့။ ဒါပေမယ့် “ဆေးရုံပေါ်ဘာလို့ ရောက်နေလဲ သိလား” လို့မေးတဲ့အခါ “သူက ဆေးရုံမှာ အလုပ်လုပ်တာပါ” လို့ တခါတခါပြောတတ်သလို “လူနာသတင်းလာမေးတာ” လို့လည်း ပြောတတ်ပါတယ်။

အကြောင်းတစုံတရာကြောင့် (ဥပမာ လေဖြတ်တာ၊ မတော်တဆဖြစ်တာ) မျက်စိမမြင်တော့တဲ့လူနာတစ်ယောက်ဟာ သူမျက်စိမမြင်တော့တာကို လုံးဝလက်မခံပါဘူး။ ဆရာဝန်တွေက စမ်းသပ်ပြီးတဲ့အခါ မမြင်ရတော့ကြောင်း ပြောတာကို လက်မခံတာမျိုးမဟုတ်ပါဘူး။ သူမမြင်ရတာကို သူကိုယ်တိုင်ထုတ်မပြောတာပါ။ မပြောတော့ ဆရာဝန်တွေလည်း မသိပါဘူး။
တခါတခါမှာ ဒီလူနာတွေက မြင်ရသလိုပဲ ခပ်တည်တည်နဲ့ လမ်းထလျှောက်နေတယ်လို့ ပြောပါတယ်။ အဲ့တော့ ဟိုဟာနဲ့ဝင်တိုက်၊ ဒီဟာနဲ့ဝင်တိုက်ဖြစ်ကုန်တာပေါ့။
ဘယ်လောက်ထိတောင် ကိုယ့်ဘာသာလိမ်သလဲဆိုရင် သူ့နားမှာမရှိတဲ့လူတွေ၊ ပစ္စည်းတွေကို မြင်ရတဲ့အတိုင်း လက်ညှိုးထိုးပြီး စကားတွေပြောနေ၊ ညွှန်ပြနေတတ်တယ်။ ဆေးပညာအရ ဒီရောဂါကို Anton-Babinski Syndrome လို့ခေါ်ပါတယ်။

ဒါက အပေါ်ယံပဲရှိပါသေးတယ်။ နာမည်တွေမျိုးစုံတပ်ထားလို့ ရောဂါအမျိုးမျိုးဖြစ်နေပေမယ့် အရင်းစစ်လိုက်တော့ ဦးနှောက်က ပုံပြင်တွေပြောနေတာပါပဲ။
ဦးနှောက်က လူကို သိပ်ပြီး စိတ်အရှုပ်မခံစေပါဘူး။ အဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရတယ်ဆိုရင် အဓိပ္ပါယ်ရှိသွားအောင် လုပ်ပေးနိုင်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ဦးနှောက်ဟာ တည်ငြိမ်ခြင်းကို သဘောကျပါတယ်။ ဖြစ်ချင်သလိုဖြစ်နေတဲ့ လောကကြီးကို မကြိုက်ပါဘူး။ ဒီတော့ အရာရာကို သူနားလည်သလို အမျိုးအစားတွေခွဲထားတတ်ပါတယ်။

ဦးနှောက်မှာ ဘယ်ဘက်အခြမ်းက ပုံပြင်တွေ ပြောတာလို့ ပညာရှင်တွေက ဆိုပါတယ်။ ညာဦးနှောက်က ဒါကို ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ပြန်ငြင်းခုန်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ ရောဂါတွေမှာ ညာဦးနှောက်က ပြန်မငြင်းနိုင်ပါဘူး။ ဒီတော့ ဘယ်ဦးနှောက်ပြောသမျှကို (ဘယ်လောက်ပဲ အဓိပ္ပါယ်မရှိမရှိ) လက်ခံလိုက်ပါတယ်။

ဥပမာ “လက်က အကြောသေနေတယ်နော်” လို့ တွေးမိတဲ့အခါ ဘယ်ဦးနှောက်က “စိတ်မပူနဲ့ ဘာမှမဖြစ်ဘူး… ဒါက မင်းအမေရဲ့လက်ကြီး… မင်းကို စနေတာ” လို့ ပြန်ပြောနိုင်ပါတယ်။ သာမန်လူမှာဆိုရင်တော့ ဒါကို Counter လုပ်ဖို့ ညာဦးနှောက်က “အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့… မင်းလက်က တကယ်အကြောသေနေတာ” လို့ ပြန်ပြောနိုင်ပါတယ်။
ဦးနှောက်ထိခိုက်ထားတဲ့လူတွေမှာတော့ ဒီလို တန်ပြန်တာမျိုး မလုပ်နိုင်ပါဘူး။

ကိုယ်မကြုံဖူးတဲ့ ထူးထူးဆန်းဆန်းကိစ္စတစ်ခုကို ကြုံရတဲ့အခါ ဘယ်လိုကြောင့်လဲဆိုတာ အဖြေရှာတတ်ကြပါတယ်။ “ဒီနှစ်စပါးအထွက်နှုန်း တော်တော်ညံ့တယ်။ ရာသီဥတုကလည်း မကောင်းဘူး။ နတ်ဘုရားတွေ စိတ်ဆိုးနေတာဖြစ်ရမယ်။ ဒါကြောင့် ယစ်ပူဇော်ကြမယ်…” လို့ အရင်ခေတ်က တွေးခဲ့ကြပါတယ်။
အခုခေတ်မှာ ဒါမျိုးလာပြောရင် လက်မခံမယ့်သူများသွားပါပြီ။ ဒီအဆိုကို လက်ခံခြင်း၊ လက်မခံခြင်းဟာ ညာဦးနှောက်က ဆုံးဖြတ်နေတာပါ။
ဒါဆိုရင် ဘာလို့ စပါးထွက်နှုန်းနည်းနေရတာလဲ။ သိပ္ပံနည်းကျ အဖြေရှာကြည့်ပြီး ကိုယ်လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်တွေ့ရင် ညာဦးနှောက်က မီးစိမ်းပြလိုက်ပါတယ်။
ဒီလိုမဟုတ်ဘဲ ခုခေတ်မှာ “နတ်ဘုရားတွေစိတ်ဆိုးနေတာဖြစ်မယ်…” ဆိုတာကို ညာဦးနှောက်က မီးစိမ်းပြနေသေးတယ်ဆိုလည်း ယစ်ပူဇော်တာကို ဆက်လုပ်မှာပေါ့။

အဓိကကတော့ လက်တွေ့မှန်ဖို့မလိုဘဲ ညာဦးနှောက်လက်ခံတဲ့ ဖြေရှင်းချက်တစ်ခု ရသွားရင် ကျေနပ်သွားတာပါပဲ။ ဒါကြောင့်ပဲ တော်တော်များများက သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြတာပါ။ Pseudoscience တွေကို သဘောကျကြတာလည်း ဒါနဲ့ပြေးမလွတ်ပါဘူး။
ကိုယ့်ရဲ့ညာဘက်ဦးနှောက်က သူသိသလောက်နဲ့ လောကကြီးကို ကြိုးစားပြီးနားလည်အောင် လုပ်နေပါတယ်။

ဒီတော့ ကိုယ့်ဘာသာ မေးခွန်းပြန်မေးရပါမယ်။ ငါလက်တွေ့ဘဝမှာ တကယ်မှန်ကန်တဲ့အမြင်ကို လိုချင်တာလား? ဒါဆိုရင်တော့ အရာရာကို မေးခွန်းထုတ်တတ်ရပါလိမ့်မယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်တွေ ပြောတာကို လေ့လာရပါလိမ့်မယ်။ Skeptic တစ်ယောက်ဖြစ်ဖို့ လိုပါလိမ့်မယ်။
ဒီလိုမှမဟုတ်ဘဲ ဘယ်ဦးနှောက်ပြောသမျှကို သိပ်မငြင်းဆန်နိုင်ဘူးဆိုရင်တော့ အမှန်တရားနဲ့ ဝေးကွာနေကြဦးမှာပါ။
ကိုယ့်ရဲ့ ညာဦးနှောက်ကို ပိုပြီး Critical ဖြစ်လာအောင် ပျိုးထောင်သင့်ပါတယ်ခင်ဗျာ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။