ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?

ရှေးခေတ် ဂရိကဗျာဆရာတယောက်ကတခါတုန်းက အောက်ပါအတိုင်း ရေးခဲ့ဖူးပါတယ်။

What is beautiful is good, and
who is good will soon be beautiful” တဲ့။

ကြည့်လို့လှနေရင် အလိုလိုကောင်းတယ်ထင်မိတယ်၊ ကောင်းတာလုပ်နေရင်လဲ အလိုလိုလှလာတာပါပဲတဲ့။

ဒီစာကြောင်းကို စာဖတ်သူတို့ သဘောတူပါသလား။ ရုပ်ရည်ချောမောမှုက လူမှုဘဝမှာ ဘယ်လောက်အထိ အရေးပါနိုင်တယ်လို့ ထင်ပါသလဲ။

၁၉၇၂ ခုနှစ်တုန်းက စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ လုပ်အားပေးမယ့်လူတွေကိုခေါ်လိုက်ပြီး စာအိတ် ၃ အိတ်စီပေးလိုက်ပါတယ်။ စာအိတ်တအိတ်စီမှာ ဓာတ်ပုံတပုံစီပါပြီး ရုပ်ချောတဲ့သူ၊ ရုပ်ရည်အသင့်တင့်ရှိသူနဲ့ ရုပ်ဆိုးသူ ၃ဦးရဲ့ ဓာတ်ပုံတွေထည့်ထားပါတယ်။

ဒီဓာတ်ပုံ ၃ပုံကိုကြည့်ပြီး ဒီဓာတ်ပုံထဲကသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကောင်းမကောင်း ခန့်မှန်းခိုင်းပါတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေကိုပဲကြည့်ခိုင်းပြီး သူတို့နှင့်ကိုက်ညီမယ့် အလုပ်ရာထူးနှင့် အဲ့ဒီလုပ်ငန်းခွင်မှာသူတို့ဘယ်လောက်အတိုင်းအတာ အထိ ပျော်ရွှင်မလဲဆိုတာကိုပါ ခန့်မှန်းခိုင်းပါတယ်။

ဒီစမ်းသပ်ချက်ရဲ့အဖြေကတော့ ရုပ်အချောဆုံးဓာတ်ပုံပိုင်ရှင်က ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ထားကောင်းမယ်လို့ အမှတ်ပေးထားကြပါတယ်။
ဒါ့အပြင် ရုပ်အချောဆုံးသူကိုပဲ တကယ့်ရာထူးကြီးကြီးရမယ်လို့ ခန့်မှန်းပေးကြပြီး အလုပ်မှာလဲ ဝန်ထမ်းတွေနဲ့ အဆင်ပြေမယ်လို့ ရွေးပေးကြပါတယ်။

ဒီစမ်းသပ်ချက်မှာ ပေးထားတာဆိုလို့ ဓာတ်ပုံလေးပဲရှိပြီး ဓာတ်ပုံထဲကလူအကြောင်း တလုံးမှမသိသေးတာတောင်မှ ဘက်လိုက်မှုတွေက စရှိနေပါပြီ။

စာဖတ်သူတို့အနေနဲ့ ဒီစမ်းသပ်ချက်ကို သိပ်အားမရသေးရင် နောက်ထပ်တခု စမ်းထားတာရှိပါသေးတယ်။

၁၉၇၄ ခုနှစ်မှာ ကျောင်းဆရာဆရာမတွေကို စာစစ်ပေးဖို့ဆိုပြီး ခေါ်ယူကာ အဖွဲ့၂ဖွဲ့ခွဲလိုက်ပါတယ်။ ပထမတဖွဲ့ကို Essay တပုဒ်ပေးစစ်ပါတယ်။ Essay စာရွက်မှာ ရုပ်ချောတဲ့မိန်းကလေးပုံကိုညှပ်ထည့်ပေးထားပါတယ်။
(ဓာတ်ပုံကိုဒီအတိုင်းပဲ မသိမသာညှပ်ထည့်ပေးတာဖြစ်ပြီး ဒီဓာတ်ပုံပိုင်ရှင်က ဒီ Essay ရေးတာတို့ဘာတို့ဆိုတာတွေ ဘာမှထည့်မပြောထားပါဘူး။)

နောက်တဖွဲ့ကိုလဲ တူညီတဲ့ တပုံစံတည်း Essay ကိုပဲပေးစစ်ပါတယ်။ဒါပေမယ့် ရုပ်ဆိုးဆိုးကောင်မလေးဓာတ်ပုံကို ကပ်ထည့်ပေးထားပါတယ်။ Essay ကရေးထားတာချင်း တလုံးမကျန်တူနေပေမယ့် စာစစ်သူတွေရဲ့ သဘောထားကတော့ ရေနဲ့ဆီလိုကွာနေပါသတဲ့။

ရုပ်ချောတဲ့ဓာတ်ပုံရတဲ့အဖွဲ့က ဒီ Essay ရေးတဲ့သူက အလွန် idea ကောင်းပြီး creative ဖြစ်တယ်လို့ ချီးကျူးကြပါတယ်။ ရုပ်ဆိုးတဲ့ဓာတ်ပုံရထားတဲ့အဖွဲ့ကကျ ဒီ Essay ကသာမန်ထက်မပိုဘူး အရေးအသားအစွမ်းမပြနိုင်ဘူးလို့မှတ်ချက်ချပါသတဲ့။

သိပ္ပံပညာရှင်တွေက မကျေနပ်ဘဲ နောက်ထပ် Essay တပုဒ်ထပ်စစ်ခိုင်းပါတယ်။ ဒီတခါကျ Essay ကို တမင်စုတ်ပြတ်နေအောင် ကပေါက်တိကပေါက်ချာရေးပြီး ရုပ်ချောတဲ့ဓာတ်ပုံနဲ့တွဲစစ်ခိုင်းပြန်ပါတယ်။

အဲ့အခါမှာလဲ ရုပ်ချောတဲ့ဓာတ်ပုံရတဲ့အဖွဲ့က ဒီEssay ကိုအရမ်းအပြစ်မပြောဘဲ သက်သက်ညှာညှာ အမှတ်ပေးထားတာကို ထပ်တွေ့ရပြန်ပါတယ်။

ဓာတ်ပုံလေးတပုံပဲ မတူအောင်ပေးထားပေမယ့် ရလာဒ်တူတူမထွက်ဘဲ ချောတဲ့သူက အလေးသာနေတာကိုတွေ့ရပါတယ်။

ဒီလိုဖြစ်တာကို “Halo effect” လို့ ခေါ်ပါတယ်။
Halo ဆိုတာက တိုက်ရိုက်ဘာသာပြန်ရင် သူတော်စင်တွေ နတ်သားတွေရဲ့ ဦးခေါင်းထက်က ကွင်းအဝိုင်းလေးကိုဆိုလိုတာဖြစ်ပြီး ကိုယ်ရောင်ကိုယ်ဝါ၊ နတ်ကျက်သရေ လို့လဲဘာသာပြန်နိုင်ပါတယ်။

ရုပ်ချောတဲ့သူဟာ ကိုယ်ရောင်ကိုယ်ဝါ ရုပ်ထွက်ပိုကောင်းတော့ လူတွေက တခြားနေရာတွေမှာလဲ ရုပ်ရည်လိုပဲ ထူးခြားမယ် ကောင်းမွန်မယ်ထင်ကြတာပါ။

ရုပ်ချောတာနဲ့ စာလဲတော်မှာပဲ။ စည်းကမ်းလဲရှိမှာပဲ။ စိတ်ထားလဲကောင်းမယ်ထင်တယ်။ လူကြီးမိဘကိုလဲရိုသေမှာပဲ။ အားကစားလဲတော်မယ်ထင်တယ်နော်ဆိုပြီး ရုပ်ရည်ကိုကြည့်ကာ အရာရာဆုံးဖြတ်လိုက်ကြတာကို Halo effect လို့ဆိုပါတယ်။

တရားရုံးမှာလဲ ရုပ်ချောတဲ့သူက ပြစ်ဒဏ်ကြီးကြီးမားမားမကျတတ်ဘဲ လျှော့လျှော့ပေါ့ပေါ့အပြစ်ပေးခံရတာကိုတွေ့ရပါတယ်။ ဒါကိုလဲ စမ်းထားတာရှိပါသေးတယ်။

၁၉၇၅ခုနှစ်မှာ တရားသူကြီးနဲ့ ဂျူရီအဖွဲ့ကို အစမ်းတရားရုံးပုံစံဖွဲ့ပြီး စီရင်ချက်ချတဲ့ စမ်းသပ်မှုငယ်ပြုလုပ်ခဲ့ပါတယ်။ ဓားပြမှုနဲ့ စွပ်စွဲခံရတဲ့ အမျိုးသမီးတွေကို စီရင်ချက်ချတဲ့အခါ ဓာတ်ပုံတွေမသိမသာပြထားပါတယ်။ ဥပဒေအရ ထောင်ဒဏ် ၁နှစ်ကနေ ၁၅နှစ်အထိအများဆုံးချပိုင်ခွင့်ရှိပါတယ်။

ရုပ်ချောတဲ့မိန်းကလေးတွေက ပျမ်းမျှ ထောင်ဒဏ်၃နှစ်သာ အချခံရပြီး ရုပ်ဆိုးတဲ့မိန်းမတွေကကျ ထောင်ဒဏ် အနည်းဆုံး ၅နှစ်အချခံရပါတယ်။ Control အဖွဲ့ကတော့ ဘာဓာတ်ပုံမှမပြထားတဲ့မိန်းကလေးတွေဖြစ်ပြီး သူတို့လဲ ၅နှစ်စီအချခံရတာမို့လို့ ရုပ်ချောရင်ကို ပြစ်ဒဏ်နည်းတာသိသာနေပါတယ်။

အလားတူစမ်းသပ်ချက်တွေ တပုံတပင်ကျန်ပါသေးတယ်။ ဘယ်လိုပဲစမ်းစမ်း လူတွေက ရုပ်ချောတဲ့သူကို မသိစိတ်ကဖြစ်စေ သိသိကြီးဖြစ်စေ ဘက်လိုက်တတ်ကြပါတယ်။

Halo effect ကိုရေးပြရခြင်းက ရုပ်ချောတဲ့သူနဲ့ မချောတဲ့သူကို ရန်တိုက်ပေးဖို့မဟုတ်ပါဘူး။
လူတွေက တခုခုကိုသဘောကျရင် စုံလုံးကန်းတတ်ကြပါတယ်။ ကိုယ်သဘောကျတဲ့ celebrity ဆိုရင် အမှားလုပ်မိရင်တောင် ခွင့်လွှတ်တတ်ကြပါတယ်။ Favourite အဆိုတော်ကြီး သီချင်းတစ်ပုဒ် ညံ့တူးနေရင်တောင် ဖြစ်တတ်ပါတယ်လေ… ဆိုပြီးအကောင်းမြင်ပေးတတ်ပါတယ်။

Halo effect ကရုပ်ရည်တင်မဟုတ်ပါဘူး။ လူ့စိတ်က သဘောကျတဲ့စိတ်ဝင်သွားရင် ဘာမဆို ကောင်းတယ်ပဲထင်သွားတတ်ပါတယ်။

ဒီကောင်မလေးချောတယ်… ဉာဏ်လဲကောင်းမှာပဲဆိုပြီး စိတ်က judge လုပ်သလို ဒီကောင့်ကိုကြည့်ရတာ ရုပ်ဆိုးလိုက်တာ… ကြပ်မပြည့်ဘူးထင်တယ်ဆိုပြီး အပေါ်ယံဆုံးဖြတ်နေကြတာကို သတိထားမိစေချင်လို့ပါ။

အရပ်ရှည်ရင် စာတော်မယ်… အပေါင်းအသင်းကောင်းမယ်…. အလုပ်ကြိုးစားမယ်ဆိုပြီး လူတွေထင်ကြလို့ အရပ်မြင့်တဲ့သူတွေက အလုပ်ပိုရတယ်ဆိုတဲ့လေ့လာချက်တွေရှိပါတယ်။ အရပ်အမြင့်စင်တီမီတာနဲ့အလိုက် လစာလဲတိုးလာတာကို လေ့လာထားတဲ့ တွေ့ရှိချက်တွေ ရှိပါတယ်။

ရုပ်ရည်ဟာ အပြင်လောကမှာရော လူတွေရဲ့မသိစိတ်ထဲမှာပါ အတော်အရေးပါတာကို လက်မခံချင်ပေမယ့် လက်ခံရမှာပါ။ ဘယ်လောက်ပဲ ရုပ်ရည်ကသာမည စိတ်ဓာတ်ကအဓိကဆိုပြီးဆိုပေမယ့် ရုပ်ရည်ကလဲ အလေးသာတာကို မြင်မိမှာပါ။
တကယ်က ရုပ်ရည်ချောတဲ့သူရော မချောတဲ့သူရောရဲ့ အပြစ်မဟုတ်ဘဲ အလွယ်တကူအပေါ်ယံဆုံးဖြတ်တတ်တဲ့လူ့စိတ်ကိုပဲ အပြစ်ပုံချရမှာပါ။

Halo effect ကိုသိထားခြင်းဖြင့် မိမိလူကြီးဖြစ်လာတဲ့အခါ (သို့) ရွေးချယ်မှုတခုခုလုပ်ရမယ့်အခါ ဘက်လိုက်မှုကင်းစွာနဲ့ အစွဲကင်းကင်း စဥ်းစားဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူကောင်းတိုင်းက မချောနိုင်သလို လူချောတိုင်းကလဲ မကောင်းနိုင်ပါဘူး။
လူဆိုးတိုင်းကလဲ ရုပ်မဆိုးသလို ရုပ်ဆိုးတိုင်းလဲ လူဆိုးမဟုတ်ကြပါဘူး။
သင့်အမြင်ပေါ်ပဲ အရာရာမူတည်နေတာပါ။

Thanks for your time!

လင်းမူ

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started