ဟိုတလောက Messenger ကနေ လွတ်တဲ့ငါးကြီးနေရခြင်းအကြောင်းကို စိတ်ပညာအရရှင်းပြဖို့ လာပြောပါတယ်။ အရင်ကလည်း အဲ့ဒီအကြောင်း နည်းနည်းရေးခဲ့ဖူးပေမယ့် ဘယ်မှာရေးခဲ့လဲမမှတ်မိတော့ပါဘူး။ ဒါကြောင့် သီးသန့်တစ်ပုဒ်ထပ်ရေးလိုက်ပါတယ်။
တခါတုန်းက ဘောလုံးပွဲတစ်ခုကို ကြည့်ဖို့လက်မှတ်တွေ ရောင်းပါတယ်။ ကံစမ်းမဲလိုလုပ်ပြီး ပေါက်တဲ့လူက ဝယ်ခွင့်ရတာပါ။ ဒီတော့ ကံကောင်းတဲ့သူက လက်မှတ်ရပြီး ကံသိပ်မကောင်းတဲ့သူက ဘောလုံးပွဲမကြည့်ရတော့ဘူးပေါ့။
ပညာရှင်တွေက လက်မှတ်မဲပေါက်တဲ့သူတွေ သူတို့လက်မှတ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိချင်တော့ စမ်းသပ်ကြည့်ကြပါတယ်။ ဖုန်းလှမ်းဆက်ပြီး စကားပြောကြည့်တာပါ။

“မင်းရဲ့လက်မှတ်ကို ပြန်ရောင်းချင်ရင် ရောင်းလို့ရတယ်။ အနည်းဆုံးဘယ်လောက်နဲ့ ရောင်းနိုင်မလဲ” လို့ မေးပါတယ်။ လက်မှတ်ရှင်က “အနည်းဆုံးစျေးဆိုတာ မရှိဘူး” ဆိုပြီး ပြန်ပြောပါတယ်။
လူတိုင်းမှာ စျေးနှုန်းတစ်ခုတော့ ရှိပါတယ်လို့ ပြောတော့မှ သူက ဒေါ်လာ ၃၀၀၀ ဆိုပြီး ပြန်ပြောပါတယ်။ လက်မှတ်က ရွှေထွက်နေတာမဟုတ်တော့ အဲ့ဒီစျေးက တော်တော်များပါတယ်။
ဒီလိုနဲ့ ညှိကြရင်း ဒေါ်လာ ၂၄၀၀ နဲ့စျေးတည့်သွားပါတယ်။ နောက်ဆုံးမှာ ပညာရှင်က “ဘာကြောင့် အဲ့ဒီစျေးနှုန်းကို ပြောရတာလဲ” လို့ မေးကြည့်ပါတယ်။
သူက “ဘောလုံးက ငါ့ရဲ့ဘဝကြီးပဲ။ ငယ်ငယ်လေးကတည်းက ဝါသနာပါတာ။ ကလေးတွေမွေးလာရင်တောင် ဘောလုံးသမားပဲဖြစ်စေချင်တယ်။ ဒီတော့ ငါ့ရဲ့ Memories တွေကို စျေးနှုန်းကပ်လို့မရဘူး” ဆိုပြီး ပြန်ဖြေပါတယ်။

ဒီလိုနဲ့ ကံစမ်းမဲမပေါက်တဲ့ လူတွေဆီကို ဖုန်းဆက်ကြည့်ပါတယ်။ “လက်မှတ်ရောင်းဖို့ ရှိတယ်။ ဘယ်လောက်နဲ့ဝယ်မလဲ” ဆိုပါတော့။ တော်တော်များများက ဒေါ်လာ ၁၀၀ လောက်နဲ့ စကြပါတယ်။ ဒီလိုနဲ့ စျေးညှိကြရင်း ၁၇၅ ဒေါ်လာမှာ စျေးတည့်သွားပါတယ်။
ပညာရှင်က “ဘာကြောင့် ဒီစျေးနှုန်းကို ပြောရတာလဲ” ပြန်မေးပါတယ်။ ၁၇၅ ဒေါ်လာဆိုတာ စားဖို့သောက်ဖို့၊ ဝတ်ဖို့၊ လိုချင်တာဝယ်ဖို့ အများကြီးသုံးလို့ရကြောင်း၊ ဒါပေမယ့် ဘောပွဲက စိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်း၊ ဒါကြောင့် ၁၇၅ ဒေါ်လာပေးတာဖြစ်ကြောင်း ပြန်ဖြေပါတယ်။
ဒီတော့ ရောင်းလိုစျေးနဲ့ ဝယ်လိုစျေးက ၁၄ ဆလောက်ကွာနေပါတယ်။ ဒါဟာ ကျောင်းသားပေါင်း ၁၀၀ ကျော်ကိုဖုန်းဆက်ပြီး ရလာတဲ့ပျမ်းမျှစျေးပါ။ ရောင်းချင်တဲ့သူက ဝယ်ချင်တဲ့သူတွေ ဘယ်လောက်နဲ့ဝယ်နိုင်မလဲဆိုတာကို မစဉ်းစားပါဘူး။ သူတို့ရဲ့ Memories တွေကိုပဲ တွေးပြီး စျေးကိုစွတ်တင်ပစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဟာ ကံစမ်းပေါက်တာဆိုဦးတော့ တန်ဖိုးတက်သွားပါတယ်။
ဒါကို Endowment Effect လို့ခေါ်ပါတယ်။

လူတွေက ဘဝမှာ တစ်ခုခုကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတာနဲ့ပဲ အလုပ်ရှုပ်နေတတ်ပါတယ်။ ဒီလိုအိမ်မျိုးနဲ့နေလိုက်ရလို့ကတော့… ဒီလိုကားမျိုးစီးလိုက်ရလို့ကတော့… ဆိုပြီး အမြဲစိတ်ကူးယဉ်နေကြပါတယ်။ ဒီတော့ ဒါတွေကို ပိုင်ဆိုင်ရရင် ဘယ်လောက်ပျော်မလဲဆိုတာ မပိုင်ဆိုင်ခင် တိတိကျကျသိထားသင့်တယ်မဟုတ်ဘူးလား?

အဲ့လောက်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေရဲ့သဘာဝကိုက အဲ့လိုမဟုတ်နေလို့ပါ။ ပထမအချက်ကတော့ ကိုယ့်မှာ ရှိတာကို ကိုယ်သဘောကျသွားတာ များပါတယ်။
ဥပမာ လူတစ်ယောက်နဲ့ ရည်းစားမဖြစ်ခင်တော့ အင်တင်တင်ဖြစ်နေတတ်ပေမယ့် ရည်းစားဖြစ်သွားတဲ့အချိန်မှာ မကောင်းတာတွေရှိနေရင်တောင် သည်းခံလိုက်သလိုမျိုးပေါ့။ တခါတခါလည်း အပြစ်အနာအဆာတွေကို မမြင်တာဖြစ်နိုင်ပါတယ်။ ကိုယ်ပိုင်ဆိုင်လိုက်တဲ့အရာက ကောင်းတယ်လို့ စိတ်က တွေးလိုက်တာပါ။
ဒုတိယအချက်က လူတွေဟာ ဆုံးရှုံးရမှာကို ပိုင်ဆိုင်ရမှာထက် ပိုကြောက်ကြပါတယ်။ ဥပမာ ရည်းစားက ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့သူဖြစ်ပေမယ့် မပြတ်နိုင်ဘဲ သည်းခံနေသလိုပေါ့။ အကြောင်းကတော့ Memories တွေရှိနေတာကြောင့် ဒါတွေကို မဆုံးရှုံးချင်တာပါ။
အိမ်မှာအသုံးမလိုဘဲ သိမ်းထားတဲ့ပစ္စည်းတွေ ဘယ်လောက်တောင်များနေပြီလဲ စဉ်းစားကြည့်ပါ။ ဒါတွေကို လွှင့်ပစ်ဖို့ စဉ်းစားမိတိုင်း ဆုံးရှုံးသွားသလိုခံစားရလို့ မလွှင့်ပစ်နိုင်သေးပါဘူး။ (ကျွန်တော်ဆို ဆယ်တန်းကနေ စပြီး တက္ကသိုလ်ရောက်တဲ့အထိ အတန်းလိုက်သင်ခဲ့ရတဲ့ စာအုပ်တွေကို မလွှင့်ပစ်သေးပါဘူး… ပြန်ဖတ်ဖြစ်မှာ မဟုတ်တာတော့ သေချာပါတယ်… ဒါပေမယ့် လိုရမယ်ရပေါ့လို့ ကိုယ့်ဘာသာပြောပြီး သိမ်းထားပါတယ်…)

တတိယအချက်ကတော့ ရောင်းသူက ဝယ်သူကို သူ့ဒီပစ္စည်းအပေါ်မြင်သလိုမျိုး၊ မြတ်နိုးသလိုမျိုး ပြုမူစေချင်တာပါ။ ဥပမာ ကိုယ်က နှစ် ၂၀ လောက်နေလာတဲ့ အိမ်ကို ရောင်းမယ်ဆိုရင် ကိုယ့်အတွက်တော့ နေရာတိုင်းမှာ Memories တွေအပြည့်ပါပဲ။ ဒါကြောင့် စျေးကိုလိုတာထက်ပိုပြီး တင်ထားတတ်ပါတယ်။ ဝယ်တဲ့သူဘက်ကကြည့်ရင် Memories တွေကို သူမမြင်ပါဘူး။ သူမြင်တာက ဟိုနားက ရေယိုနေတယ်၊ ဒီကြမ်းပြင်က မခိုင်တော့ဘူး၊ အမိုးကပျက်စီးနေပြီ စသဖြင့် အပြစ်အနာအဆာတွေပဲ မြင်မှာပါ။

ဒါကြောင့် တစ်ခုခုကို ပိုင်ဆိုင်လိုက်ရတဲ့အခါ ကိုယ့်စိတ်ထဲမှာ တန်ဖိုးတက်သွားတာပါ။ အခုနောက်ပိုင်း Furniture ပစ္စည်းတော်တော်များများဟာ တစ်စစီ လာကြပါတယ်။ အိမ်ရောက်မှ ကိုယ့်ဘာသာ Manuel ကြည့်ပြီး ပြန်ဆင်ရပါတယ်။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် “ငါလုပ်ထားတာ…” ဆိုတဲ့ ပိုင်ဆိုင်စိတ်မျိုးဖြစ်လာပါတယ်။ လေ့လာမှုတွေအရ ခက်ခက်ခဲခဲလုပ်ရလေလေ ဒီပစ္စည်းကို တန်ဖိုးထားလေလေပါပဲ။
ဒါတွေကို နေ့စဉ်ဘဝမှာလဲတွေ့ရတာပါပဲ။ သမီးရည်းစားတွေကနေစပြီး အခုခေတ်စားနေတဲ့ COVID အတွက် Teleconsultation အဆုံးပေါ့။ လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားတတ်ကြတာ လူတွေရဲ့သဘာဝပါ။

ဒီပစ္စည်းတစ်ခုဟာ ကိုယ်အပိုင်ပဲလို့ မပိုင်ခင်ကတည်းက တွေးထားမိရင်လည်း ပိုင်ဆိုင်တဲ့စိတ်မျိုး ဝင်လာတတ်ပါတယ်။ ဥပမာ အွန်လိုင်းလေလံပွဲတွေမှာ လေလံဆွဲခွင့်ပေးတာ ၅ရက်လို့ သတ်မှတ်ထားရင် ပထမရက်ကတည်းက လေလံဝင်ဆွဲကြတဲ့သူတွေ ရှိပါတယ်။ ကိုယ်က နာရီတစ်လုံးကို လေလံဝင်ဆွဲတယ် ဆိုပါတော့။
ပထမရက်မှာ ကိုယ်က အများဆုံးပေးထားတယ်။ နေ့တိုင်းဝင်ကြည့်တဲ့အခါ ကိုယ်က ထိပ်ဆုံးမှာရှိတယ်။ အဲ့တော့ ကိုယ်ပိုင်ပြီဆိုပြီး တွေးထားတာပေါ့။ ညစာစားပွဲတွေ သွားရင် ဒီနာရီလေးပတ်သွားမယ်… မုန့်သွားစားရင်လည်း ဒါလေးပတ်လို့ရတယ်… ဆိုပြီး တကယ်မဖြစ်လာသေးပေမယ့် စိတ်ကူးယဉ်နေမိတတ်တယ်။
ဒါပေမယ့် နောက်ဆုံးရက်မှာ ဒီနာရီကို တစ်ယောက်ယောက်က ကိုယ့်ထက်ပိုပေးပြီး လေလံဆွဲထားတာမြင်လိုက်တယ်ဆိုရင် ကိုယ်ဘာလုပ်မလဲ။ တော်တော်များများကတော့ ဒီပစ္စည်းကို ပိုင်ဆိုင်ရအောင် စျေးပိုပေးပြီး ဝယ်တတ်ကြပါတယ်။

အဲ့တော့ လွတ်တဲ့ငါးကြိးရခြင်းဟာလည်း ဒီသဘောပါပဲ။ ဒီကောင်လေးငါ့ကို လာကြိုက်နေတာပဲ… ငါမှောက်လိုမှောက်… လှန်လိုလှန်… လက်ခုပ်ထဲက ရေပဲ… လို့ အစပိုင်းမှာ တွေးထားမိမှာပါ။ ဒါဟာ လေလံပွဲမှာ ကိုယ်မပိုင်သေးပေမယ့် ပိုင်တယ်လို့ အပိုင်တွက်ပြီး စိတ်ကူးယဉ်နေသလိုပါပဲ။
အဲ့ဒီအခါမှာ တစ်ဖက်လူက ကိုယ့်ကို စိတ်ကုန်လာလို့ ဖြစ်ဖြစ်၊ ဒီသဘောကိုနားလည်လို့ Manipulate လုပ်ချင်လို့ပဲဖြစ်ဖြစ် ရှောင်ထွက်သွားတဲ့အခါ၊ ကိုယ့်ကိုပစ်ပယ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မနေနိုင်မထိုင်နိုင်ဖြစ်တတ်ပါတယ်။ အပိုင်တွက်ထားရင် ဒီလိုပဲဖြစ်တတ်ပါတယ်။

Ownership ပြဿနာကို Counter လုပ်ဖို့နည်းလမ်းမရှိသေးပါဘူး။ လူမှန်ရင် ဒီလိုစိတ်မျိုးတော့ ရှိကြတာပါပဲ။ အိမ်ကြီးအိမ်ကောင်းမှာ နေပြီး အိမ်ခပ်သေးသေးတစ်လုံးကို ပြောင်းသွားရရင် စိတ်ထိခိုက်မှာပါပဲ။ ဒါကို စိတ်က ဆုံးရှုံးမှုတစ်ခုအဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် လူတွေက အမြဲတမ်း ပိုကောင်းတဲ့အရာတွေကို ပိုင်ဆိုင်ချင်ကြတာပါ။
ဒါကို မထိန်းသိမ်းနိုင်တဲ့အခါ အသုံးအဖြုန်းကြီးပြီး သုံးသလောက်မရှာနိုင်တဲ့ အထည်ကြီးပျက်တွေ ဖြစ်လာတာပေါ့။
သေချာတွေးကြည့်ရင်တော့ ဒါတွေအကုန်လုံးဟာ Perspective ပြဿနာပါပဲ။
လိုက်ရင်ပြေးတယ်၊ ပြေးရင် ပြန်လိုက်ချင်တယ် ဆိုတာဟာလည်း ကိုယ့်စိတ်ကပဲဖြစ်နေတာပါ။
ကျွန်တော့ Opinion ကိုပြောရရတော့ ဒီစိတ်ကို Counter လုပ်ဖို့နည်းက တစ်နည်းပဲ ရှိပါတယ်။ ဘယ်ဟာကိုမှ ငါ မပိုင်ဘူးလို့ တွေးထားလိုက်တာပါ။ ကိုယ်နဲ့ကိုယ်လိုချင်တာနဲ့ ကြားမှာ စည်းတစ်ခုခြားထားလိုက်တာမျိုးပေါ့။

ဥပမာ ပြောရရင် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သွားကြိုက်တယ်ဆိုပါတော့။ ကောင်မလေးအနေနဲ့ ပြန်မကြိုက်ချင်တာ သေချာတယ်ဆိုရင် စိတ်ထဲမှာ “သူက ငါ့ကိုကြိုက်နေတဲ့ကောင်လေးပဲ” လို့ မတွေးသင့်ပါဘူး။ အဲ့လိုတွေးလိုက်ရင် ပိုင်ဆိုင်စိတ်ဖြစ်လာပါပြီ။
တချိန်မှာ ကောင်လေးက နောက်တစ်ယောက်ပြောင်းကြိုက်သွားရင် ကိုယ်နဲ့မဆိုင်ဘူး… ကိုယ်မပိုင်ဘူး… တွေးထားတာကြောင့် ခံစားချက်တစ်ခု ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
စဉ်းစားကြည့်ရင် Facts တွေက တူတူပါပဲ။ ကိုယ့်ရဲ့ Perspective ကပဲ အခြေအနေတစ်ခုကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်လို့ရအောင် လုပ်နေတာပါ။ လွတ်တဲ့ငါးမကြီးစေချင်ရင် အစကတည်းက အမိအရယူလိုက်ပါ။ ကိုယ် မယူချင်လို့ လွတ်သွားတဲ့ငါးတွေအတွက် လိုက်မခံစားနေသင့်ပါဘူးခင်ဗျာ။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။