လူတွေရဲ့စိတ်ခံစားချက်တွေဟာ ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း ကြားဖူးကြမယ်ထင်ပါတယ်။ အခုပြောချင်တာက စိတ်ခံစားချက်တွေအတွက် အရေးပါတဲ့ဟော်မုန်းတွေ အကြောင်းပါ။

ဒါတွေကို မပြောခင်ဦးနှောက်က Information တွေကို ဘယ်လိုသယ်ဆောင်လဲဆိုတာ အရင်ပြောချင်ပါတယ်။ လျှပ်စီးကြောင်းတွေနဲ့ သယ်တာကိုတော့ သိကြမှာပါ။ အာရုံကြောတွေနေတစ်ဆင့် လျှပ်စီးကြောင်းတွေက စီးဆင်းကြပါတယ်။ သူတို့တစ်ခုနဲ့တစ်ခုကြားမှာ Synapse တွေနဲ့ ဆက်ထားပါတယ်။

မြင်အောင်ပြောရရင် ဟိုအရင်ခေတ်က မြင်းတစ်စီးနဲ့ အပြေးအလွှားသတင်းပို့ကြသလိုပါပဲ။ ဒါပေမယ့် တစ်နေရာအရောက်မှာ တံတားတစ်ခုက ပျက်စီးနေပါတယ်။ ဒီတော့ ဟိုဘက်ကမ်းကို ဒီ Message ရောက်အောင်ပို့ဖို့ စဉ်းစားရပြီပေါ့။ အဲ့ဒီအခါ မြားမှာ Message ကိုချိတ်ဆွဲလိုက်ပြီး တဖက်ကမ်းကို လှမ်းပစ်တယ်ဆိုပါစို့။

ဒါကို ဦးနှောက်နဲ့ပြန်ချိတ်ရရင် အာရုံကြောတွေဟာ လမ်းမတွေပါပဲ။ တံတားပျက်ကြီးက Synapse ပါ။ Message ကိုသယ်သွားပေးတဲ့ မြားကတော့ Neurotransmitter တွေပါ။ ဟော်မုန်းတွေက Neurotransmitter တွေများပါတယ်။
ပထမတစ်ခုကတော့ Dopamine ပါ။ သူ့ရဲ့ Role က Pleasure နဲ့ Reward လို့ လက်ခံထားကြပါတယ်။

ဦးနှောက်က သူသဘောကျတဲ့ကိစ္စတွေကို ကိုယ်လုပ်မိရင် ဆုချီးမြှင့်တဲ့အနေနဲ့ Dopamine ထုတ်ပေးပါတယ်။ သူသဘောကျတာကတော့ Survival အရ အရေးပါတဲ့ကိစ္စတွေပါ။ အရသာရှိပြီး ဆီ၊ ဆား များများပါတဲ့ အစာတွေစားရင်၊ လိင်ဆက်ဆံရင်၊ ရေဆာတုန်းရေသောက်လိုက်ရင် Dopamine ထွက်လာပါတယ်။
ကိုယ့်ရဲ့အကျင့်တွေဖြစ်လာအောင် သူက လုပ်ပေးတယ်လို့ ယူဆကြပါတယ်။ အဝလွန်တဲ့သူတွေနဲ့ ဥပမာ ပေးချင်ပါတယ်။ Fast Food တွေစားလိုက်တဲ့အခါ ဦးနှောက်က Dopamine ထွက်လာပါတယ်။ ဦးနှောက်မှာ Pleasure ခံစားရတဲ့အတွက် နောက်တစ်ခါထပ်ပြီး စားချင်စိတ်ဖြစ်လာပါတယ်။ (အရမ်းအရသာရှိတဲ့ အစာတစ်ခုစားလိုက်တဲ့အခါ ကောင်းလိုက်တာဆိုပြီး အာမေဋိတ်သံတစ်ခု ထွက်လာတာခြင်းဟာ Dopamine ကြောင့်ပါ)
ဒီလောက်တောင် ကောင်းနေမှတော့ နောက်တစ်ခါဆက်စားဖို့ ဝန်မလေးတော့ပါဘူး။ ဒါကြောင့် Fast Food စွဲသွားပါတယ်။ တရားခံက Dopamine ပါ။
ဒါ့အပြင် Dopamine က Surprise ဖြစ်ရင်လည်း ထွက်လာပါတယ်။ (ဝမ်းသာစရာ Surprise ကိုပြောတာပါ… မင်းခွေးလေးသေရှာပြီ လိုမျိုး ဝမ်းနည်းစရာ Surprise တွေနဲ့မဆိုင်ပါဘူး…)
ဥပမာ ကိုယ်ရမယ့် လစာက ၃သိန်းဆိုပါတော့။ ဒါကို ကြိုသိတဲ့အတွက် ဘာမှထူးထူးခြားခြား မဖြစ်ပါဘူး။ ဒါပေမယ့် Bonus ကြေးတစ်ခု မထင်မှတ်ဘဲ ရလာတဲ့အခါ Dopamine ထွက်လာပါတယ်။
Bonus ရမယ်လို့ထင်နေပြီး ရမလာရင်တော့ Dopamine Level က ထိုးကျသွားပါတယ်။
နောက်ထပ် ဟော်မုန်းတစ်ခုကတော့ Endorphins ပါ။ ဆေးကျောင်းမှာတော့ ဒါကို ခန္ဓာကိုယ်ကနေထွက်တဲ့ ဘိန်းဆိုပြီး သိကြပါတယ်။ ပြောရရင် လူတွေသုံးကြတဲ့ ဘိန်းဖြူ (Heroin) တောင်မှ Natural Endorphins ရဲ့ ၂၀% လောက်ပဲပြင်းပါတယ်။ ဘယ်လောက်တောင် အားကောင်းလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။
ဒါပေမယ့် ဘိန်းတွေက ခန္ဓာကိုယ်မှာဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ Endorphins ကတော့ အဲ့လိုမဖြစ်စေပါဘူး။

Endorphins က “ကောင်းလိုက်တာ…” ဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ ဒီတော့ ကိုယ့်မှာ ဒီဟော်မုန်းထွက်လာအောင် ဘယ်လိုလုပ်ရမလဲလို့ မေးချင်မှာပါ။ သတင်းဆိုးကတော့ အားတိုင်းယားတိုင်း ဦးနှောက်က ဒါကိုထုတ်မပေးပါဘူး။ ဘယ်အချိန်မှာ ထွက်လဲဆိုတော့ အရမ်း Stress များပြီး အရမ်းနာကျင်နေတဲ့အချိန်မျိုးမှာ ဝေဒနာ သက်သာအောင် ထုတ်ပေးတတ်ပါတယ်။

ဥပမာပြရရင် ကလေးမွေးတာပါ။ ကလေးမွေးတာ တော်တော်နာတယ်ဆိုရင် ဘာလို့များ နောက်ကလေးတွေကို ဆက်မွေးနေတာလဲလို့ မေးရင်ရပါတယ်။ အဓိကကတော့ အဲ့ဒီအချိန်မှာ Endorphins တွေထွက်လို့ပါ။ အဲ့တော့ ကလေးမွေးတဲ့ Experience က နာပေမယ့် Enjoyable ဖြစ်သွားပါတယ်။
ကလေးမွေးစမှာ အရမ်းကိုပျော်ရွှင်သွားတဲ့ စိတ်ခံစားမှု ဖြစ်လာတာဟာလည်း Endorphins ကြောင့်ပါပဲ။
ဒီဟော်မုန်းသာမထွက်ရင် လူတွေသဘာဝအတိုင်း ကလေးမွေးကြပါဦးမလားဆိုတာ စဉ်းစားစရာပါပဲ။
ဒီလိုပြောလို့ ယောက်ျားလေးတွေအနေနဲ့ “ငါတို့မှာ Endorphins မထွက်တော့ဘူး” ဆိုပြီး စိတ်ဓာတ်မကျကြပါနဲ့။ နာကျင်မှုနဲ့ Stress ကိုပေးတဲ့ဘယ်ကိစ္စကိုမဆိုလုပ်လို့ရပါတယ်။ ဥပမာ အလေးမတာ၊ မာရသွန်ပြေးတာ၊ လက်ဝှေ့ထိုးတာတွေကို လုပ်ကြည့်လို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျေနပ်မှုတစ်ခု ရလာတာဟာလည်း Endorphins ကြောင့်ပါပဲ။

နောက်ဟော်မုန်းတစ်ခုကတော့ Oxytocin ပါ။ ပေါင်းသင်းဆက်ဆံရေးမှာ Social Bonds တွေဖြစ်အောင် သူက အားပေးပါတယ်။ လိင်ဆက်ဆံတဲ့အခါလည်း ထွက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးမွေးပြီးခါစမှာလည်း အမေနဲ့ကလေးကြား Bonding ဖြစ်စေတာလည်း သူ့ကြောင့်ပါပဲ။
သူ့ရဲ့အဓိက Role က လူနှစ်ယောက်ကြားမှာ Bonds တွေဖြစ်စေတယ်လို့ ပြောလို့ရပါတယ်။
ဒီဟော်မုန်းကြောင့်ပဲ Friends with Benefits ဆိုတာ ထိန်းသိမ်းဖို့ မဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ လိင်ဆက်ဆံပြီးတိုင်း Oxytocin ထွက်နေတဲ့အတွက် Bonding ဖြစ်သွားတာမို့ပါ။

ဒီတော့ Oxytocin ဟာသစ္စာရှိတဲ့ဟော်မုန်းလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ယောက်ျားတွေမှာ ဒီ Effect ကိုတွေ့ရပါတယ်။ အိမ်ထောင်ရှိတဲ့ ယောက်ျားတွေကို သူတို့မသိအောင် Oxytocin နဲ့ Dosed လုပ်လိုက်ပါတယ်။ ပြီးတော့ ခပ်ချောချောအမျိုးသမီးတစ်ယောက်နဲ့ စကားပြောခိုင်းတယ်။ အဲ့ဒီအခါမှာ သူတို့က Single ယောက်ျားတွေတွေထက်ပိုပြီး အမျိုးသမီးနဲ့ ခပ်ဝေးဝေးနေပါတယ်။
Conclude လုပ်လိုက်တဲ့အခါ ယောက်ျားတွေမှာ Oxytocin များရင် သစ္စာပိုရှိတယ်လို့ ဆိုပါတယ်။

ဒါက စမ်းသပ်ချက်တစ်ခုကို ပြောပြတာပါ။ လူတစ်ယောက်ရဲ့ အပြုအမူတွေကို ဒီလိုခပ်လွယ်လွယ်တော့ ပြောမရပါဘူး။ အဓိကကတော့ Oxytocin ဟာ Bonding ဖြစ်စေတာပါပဲ။
သူက အကောင်းတွေချည်းပဲ ဖြစ်စေတယ်တော့ မထင်ကြပါနဲ့။ ကိုယ့်ရဲ့မိသားစု၊ အဖွဲ့အစည်းပေါ်မှာ ချစ်တတ်ပေမယ့် သူများတွေကိုတော့ သဘောမကျဘူးလို့ လေ့လာမှုတစ်ခုအရ ဆိုပါတယ်။ ရှင်းအောင်ပြောရရင် Racist ဖြစ်စေပါတယ်။
နောက်ဆုံးဟော်မုန်းတစ်ခုကတော့ Serotonin ပါ။ လူတွေစိတ်ခံစားချက်ကောင်းအောင် သူက လုပ်ပေးတယ်လို့ ယူဆကြပါတယ်။ စိတ်ကျရောဂါ (Depression) ဖြစ်ရင် သောက်ကြတဲ့ SSRI (Selective Serotonin Reuptake Inhibitor) တွေဟာ ဦးနှောက်ထဲမှာ Serotonin ကိုများလာစေပါတယ်။

Depression ဖြစ်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ ဦးနှောက်ထဲမှာ Serotonin တွေနည်းနေတာ တွေ့ရတတ်လို့ SSRI တွေပေးပြီး ကုကြည့်တာပါ။ ဒါပေမယ့် Serotonin က ခေါင်းထဲမှာ ဘာတွေ ဘယ်လိုလုပ်နေလဲဆိုတာ သေချာမသိကြပါဘူး။
လူတွေမှာ ဟော်မုန်းတွေရဲ့ကြိုးကိုင်မှုတော်တော်များများ ရှိနေပါတယ်။ ဟော်မုန်းပေါင်းများစွာ ခန္ဓာကိုယ်မှာ ရှိပါတယ်။ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ၄ခုအကြောင်း ရေးပြတာပါ။ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

