မနေ့က Facebook ပွတ်ရင်းနဲ့ Detox လုပ်ဖို့ လိုကြောင်း ပြောနေကြတာတွေ့လိုက်လို့ ဒီစာကို ရေးဖို့အကြံရသွားတာပါ။ Detox က မြန်မာပြည်မှာ ခေတ်မစားဘူးလို့ ထင်ခဲ့ပေမယ့် ရှာကြည့်လိုက်တော့မှ တော်တော်များများရှိနေပါလားဆိုတာ သိလိုက်ရပါတယ်။ အဲ့တော့ Detox လုပ်တဲ့ဖျော်ရည်တွေ၊ ကပ်ခွာတွေ၊ ခြေထောက်စိမ်တဲ့ဟာတွေက ထိရောက်လားဆိုတာ ပြောပြချင်ပါတယ်။

Detox Foot Baths အကြောင်းပထမဦးဆုံး ပြောပြချင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။

ဒီပုံအရ လုပ်ပြီး (After) ရေဟာ မလုပ်ခင် (Before) ရေထက် သိသိသာသာ မဲလာတာကို တွေ့ရမှာပါ။ ဒီတော့ တကယ်ပဲ ခန္ဓာကိုယ်က အဆိပ်တွေ (Toxin) ထွက်သွားတာလို့ ထင်စရာရှိပါတယ်။
Detox ကိုညွှန်းထားတဲ့ Interview တစ်ခုကို ပြောပြချင်ပါတယ်။ “ပထမဦးဆုံး စလုပ်တဲ့နေ့ကဆိုရင် ရေက လုံးဝကို မဲနက်သွားတာပဲ။ သုံးရက်မြောက်မှာတော့ အရောင်နည်းနည်းဖျော့သွားတယ်။ ဒါတွေဟာ အဆစ်တွေမှာရှိတဲ့ Toxins တွေထွက်လာတာပါ။ ဒီ Toxin တွေကြောင့် အဆစ်အမြစ်ရောင်ရောဂါ (Arthritis) ဖြစ်နေတာ” လို့ ပြောပါတယ်။

ဒီတော့ Toxin ဆိုတာကို ထပ်ခါတလဲလဲ ပြောပါတယ်။ ခန္ဓာကိုယ်ဟာ Toxin တွေနဲ့ပြည့်နေတဲ့အကြောင်း၊ ဒါကြောင့် အရေပြားမှာရှိတဲ့အပေါက်တွေကနေ (ချွေးပေါက်ကို ပြောတာမဟုတ်ပါဘူး၊ ရှေးခေတ်တရုတ်သမားတော်တွေ ရှာတွေ့ခဲ့တဲ့ အထူးအပေါက်တွေပါ…) Toxin တွေထွက်ကုန်တာဖြစ်ကြောင်း ပြောကြပါတယ်။

ကိုယ်က ဘူမသိ ကိုးမသိဆိုရင်တော့ မျက်စိရှေ့မှာ ရေတွေမဲကုန်တာ ယုံစရာကြီးပေါ့။ ဒါပေမယ့် မယုံတဲ့သူတွေက မယုံကြပါဘူး။ ဒီတော့ ဟုတ်မဟုတ် နည်းပညာမလိုဘဲ ကိုယ့်ဘာသာစမ်းကြည့်ချင်ရင် စမ်းကြည့်ဖို့နည်းလမ်းတွေကို ရေးထားကြပါတယ်။
ခြေထောက်စိမ်လို့ မဲတယ်ဆိုရင် ခြေထောက်မစိမ်ပါနဲ့တဲ့…။

ဒါလက်ခံနိုင်စရာပါပဲ။ ခြေထောက်မစိမ်ဘဲ မဲတယ်ဆိုရင် ဒီရေတွေမဲလာတာ အဆိပ်ကြောင့် မဖြစ်နိုင်ပါဘူး။ ဒါကို သိပ္ပံပညာမှာတော့ Controlled Experiment လို့ခေါ်ပါတယ်။ အရာရာဟာ အတူတူပါပဲ။ မတူတာက ကိုယ့်ခြေထောက် စိမ်ထားခြင်း၊ စိမ်မထားခြင်းပဲ ကွာတာပါ။
ပညာရှင်တွေက Toxin ဆိုတာကို စိတ်ဝင်စားကြပါတယ်။ ဘာလို့လဲဆိုတော့ ဆေးကျောင်းမှာ ခန္ဓာကိုယ်ကထွက်တဲ့ Toxin တွေကိုသင်ခဲ့ရပါတယ်။ ဒီတော့ ဘယ်ဟာကို ဒီနည်းနဲ့ထွက်သွားအောင် လုပ်နေတာလဲဆိုတာ သိချင်တာပေါ့။ Detox Products တွေရောင်းတဲ့ ကုမ္ပဏီတွေကို မေးရင် အဖြေတိတိကျကျ မရပါဘူး။ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်လို့ ဆိုတယ်။ ကုမ္ပဏီတွေ အလွတ်ကျက်ထားကြတာက “ဒီနေ့ခေတ်မှာ Stress တွေအရမ်းများကြောင်း၊ လေထုညစ်ညမ်းမှုတွေ ပိုဆိုးလာကြောင်း၊ Fast Food တွေစားတာများလာကြောင်း” စတာတွေပါပဲ။

ဒါနဲ့ ပညာရှင်တစ်ယောက်က Detox သွားလုပ်ပြီး ရေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖို့ ပြန်သယ်လာပါတယ်။ သူတွေ့တာကတော့ သံချေးတွေပါပဲ။ ဒါကို Electrolysis နည်းနဲ့ရှင်းပြလို့ရပါတယ်။ (Chemistry မှာသင်ခဲ့ရတာတွေကို ပြန်ပြောရမှာမို့ ချန်ခဲ့ပါပြီ)
အဲ့တော့ သူတို့ထွက်တယ်ပြောတဲ့ Toxin ဟာ သံချေးဖြစ်နေပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ ခြေထောက်က ထွက်လာတာမဟုတ်ပါဘူး။

နောက် Detox လုပ်တဲ့ပစ္စည်းတစ်ခုက ခြေထောက်မှာကပ်တဲ့ ကပ်ခွာပါ။ ကျွန်တော့အမေကိုတောင် ဒူးနာတာပျောက်တယ်ဆိုပြီး လိမ်ရောင်းလိုက်ပါသေးတယ်။ သူ့ပုံစံက လက်ဖက်ခြောက်အိတ်နဲ့ တူပါတယ်။ ဒါကို ညဘက်မှာ ကိုယ့်ခြေဖဝါးကို ကပ်ပြီးအိပ်ရတာပါ။ မနက်လင်းလာရင် အနံ့တစ်မျိုးဖြစ်နေတဲ့ ခပ်ညိုညိုအဖတ်တစ်ခု ခြေဖဝါးမှာကပ်နေတတ်ပါတယ်။ ဒါကို Toxin လို့ သူတို့ကခေါ်ကြတာပေါ့။

ပညာရှင်တွေက ဒီကပ်ခွာကိုလည်း ဖောက်ပြီးစစ်ဆေးကြပါတယ်။ ဘာပါလဲဆိုတော့ Pyroligneous Acid ပါပါတယ်။ ဒါက ရေစုပ်ယူမှုအရမ်းကောင်းပါတယ်။ သူ့ပတ်ဝန်းကျင်မှာ စိုစွတ်မှုတစ်ခုရှိတာနဲ့ စုပ်ယူပေးပါတယ်။ အဲ့တော့ အထုတ်ထဲမှာ နဂိုပါတဲ့အမှုန့်တွေကို ရေနဲ့ဖျော်လိုက်သလိုဖြစ်ပြီး မည်းမည်းအဖတ်ကြီးဖြစ်လာတာပေါ့။
နောက်တစ်ခုကတော့ Hydrolyzed Carbohydrate ပါပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဘာများလဲပေါ့။ တကယ်တော့ သကြား (Sugar) ကိုပြောတာပါ။ Next Level အတွေးအခေါ်နဲ့ရေးထားသလား၊ လူနားမလည်အောင်ပဲ လုပ်ထားသလားတော့ မပြောတတ်ပါဘူး။ သကြားနဲ့ချွေးနဲ့ တွေ့သွားရင် ချွဲပျစ်ပျစ်ဖြစ်သွားပါတယ်။ အဲ့တော့ ဒါကလည်း သူ့ပစ္စည်းနဲ့သူ ဂျင်းပြန်ထည့်နေတာပါ။ ဘာမှ Detox မဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုကတော့ Detox Water ပါ။ Facebook ပေါ်မှာ ဒါတွေ အတွေ့အများဆုံးပါပဲ။ အသီးအနှံတွေကို ရေထဲထည့်ပြီး သောက်နေကြတာပါ။ ဒါကို ရောင်းစားနေတဲ့ လူတွေအများကြီးပါပဲ။ အဲ့ဒါသောက်ရင် ဘာမှမစားရပါဘူး။ အနည်းဆုံး ၃ရက်လောက် သောက်ကြပါတယ်။ ဒါကို Cleanse လုပ်တယ်လို့ ခေါ်ကြပါတယ်။ ရည်ရွယ်ချက်ကတော့ အစာချေလမ်းကြောင်း တစ်လျှောက်ကို Detox လုပ်တာပါ။


တချို့ကတော့ ဝိတ်ကျချင်လို့ ဒါကိုသောက်ကြပါတယ်။ ဘာမှမစားဘဲ ဒါကိုသောက်မှတော့ ကျတာပေါ့။ တခြားဘာမှ မစားဘဲ ဒါကို သောက်ရင် တစ်ရက်ကို Calories ၁၂၀၀ အောက်ရောက်သွားပါတယ်။ တချို့ဆိုရင် ဝိတ်ပိုကျအောင်လို့ ဝမ်းနှုတ်ဆေးတွေပါသောက်ကြပါတယ်။
ဒီတော့ Detox က မမှန်ရင်တောင် ဝိတ်ကျတာကောင်းတာပေါ့လို့ ပြောစရာရှိပါတယ်။ ဒါပေမယ့် သူကျတဲ့ဝိတ်က အဆီကျတာမဟုတ်ပါဘူး။ ကြွက်သားတွေမှာသိမ်းထားတဲ့ ရေတွေ၊ Glycogen တွေကုန်သွားတာပါ။ GYM မှာတော့ ရေဝိတ်ကျသွားတယ်လို့ ပြောတတ်ပါတယ်။ လေ့ကျင့်ခန်းစလုပ်ခါစမှာ ကိုယ်ရေစစ်လာသလိုပေါ့။
ဘာအစာမှ မစားမှတော့ သိမ်းထားတဲ့ Glycogen တွေကို ခန္ဓာကိုယ်က ထုတ်သုံးတာ မထူးဆန်းပါဘူး။ အဆီမကျသေးသရွေ့ ကိုယ်လုပ်နေတာတွေဟာ စိတ်ဖြေရုံသက်သက်ပဲ ဖြစ်နေမှာပါ။

ဒါ့အပြင် အူမှာရှိတဲ့ အညစ်အကြေးတွေ စင်ကြယ်သွားအောင် ဒီရေကို သောက်ပါလို့ ပြောတာဟာလည်း မမှန်ပါဘူး။ ဘာလို့လဲဆိုတော့ အူမှာ ရှိသမျှက ချီးဖြစ်သွားပါတယ်။ အူတစ်လျှောက်မှာ သူစုပ်လို့ရတဲ့ဟာကို စုပ်ပြီး သွေးထဲပို့လိုက်ပါတယ်။ စုပ်လို့မရတဲ့ဟာတွေကိုတော့ အိမ်သာတက်တဲ့အခါ ခန္ဓာကိုယ်အပြင်ကို ပြန်ထုတ်ပါတယ်။
အညစ်အကြေးဆိုတာ ချေးပဲရှိတာပါ။ ကိုယ်က အသက် ၂၀ ဖြစ်နေလို့ အနှစ် ၂၀ မျိုဆို့ထားသမျှ (ဥပမာ မာလကာစေ့တို့၊ ငယ်ငယ်က မျိုချခဲ့တဲ့ ပီကေတို့) အူထဲမှာ ကျန်နေတာမဟုတ်ပါဘူး။ ဒီတော့ အူလမ်းကြောင်းကို Detox လုပ်ချင်ရင် ချီးပုံမှန်ပါပေးပါ။

တကယ်တော့ ဒီပြဿနာက ခန္ဓာကိုယ်ရဲ့အလုပ်လုပ်ပုံကို သေချာနားမလည်လို့ ဖြစ်နေတာပါ။ (သေချာနားလည်အောင် သင်ခဲ့ရတဲ့ ဆေးကျောင်းက လူတွေလည်း ဒါတွေကို Share နေတာမြင်ဖူးပါတယ်…)
ခန္ဓာကိုယ်က အချိန်ပြည့် Detox လုပ်နေတာပါပဲ။ ကျွန်တော်တို့မှာ အမြဲ Detox လုပ်ပေးနေတဲ့ အသည်းနဲ့ ကျောက်ကပ်ရှိပါတယ်။ ဒါကြောင့် သေးပုံမှန်ပေါက်ပေးတာဟာလည်း Detox လုပ်တာပါပဲ။
Detox Water ကိုသောက်ချင်သပဆိုရင် ကိုယ့်ဘာသာလုပ်သောက်ကြပါ။ စျေးကြီးပေးပြီး ဝယ်မသောက်သင့်ပါဘူး။
အဆီကျတဲ့ ကော်ဖီတို့၊ ခါးပတ်တို့ စတာတွေဟာလည်း လူတွေရဲ့အပျင်းထူမှု၊ အလွယ်လမ်းလိုက်မှုတို့ကို အသုံးချပြီး လုပ်စားနေတာတွေပါပဲ။ ဒါတွေက Google ခေါက်ကြည့်လိုက်ရုံနဲ့ မှန်လား၊ မှားလားသိနိုင်နေတဲ့ ကိစ္စတွေပါ။ Rocket Science တွေမဟုတ်ပါဘူး။ ဒါပေမယ့် နေရာတိုင်းမှာ လူတွေက စျေးကြီးပေးပြီး ဒါတွေကို ဝယ်သောက်ကြ၊ ဝယ်ဝတ်ကြ လုပ်နေဆဲပါ။


Psychology အရတော့ လူတွေက အသီးအနှံတွေနဲ့ ကျန်းမာခြင်းကို တွဲမြင်တယ်လို့ဆိုတယ်။ ကျွန်တော်တို့သိတဲ့ ကျန်းမာတဲ့အစားအစာတွေမှာ အသီးအနှံတွေက အဓိကပါနေတာကြောင့်ပါ။ အဲ့တော့ စီးပွားရေးသမားတွေက သူတို့ရဲ့ Product တွေကို ဒီအမြင်နဲ့လိုက်ပြီး ချိတ်ဆက်ပါတယ်။
ဥပမာ ကျွန်တော်တို့သုံးနေတဲ့ Shampoo တွေ၊ မျက်နှာသစ်ဆေးတွေ၊ လက်ဆေးရည်တွေ၊ Cosmetics တွေမှာ အသီးအနှံတွေက တော်တော်နေရာယူထားပါတယ်။ သံပုရာနံ့တို့၊ Natural Extract တို့တွေဟာ ဒီသဘောပါပဲ။
Detox လုပ်တယ်ဆိုတာ ကျန်းမာချင်လို့ဆိုပြီး ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါပေမယ့် အလွယ်လမ်းလိုက်လွန်းနေတာ ဖြစ်နိုင်ပါတယ်။ အကြောက်လွန်တာလည်း ဖြစ်နိုင်ပါတယ်။
အဲ့တော့ အနှစ်ချုပ်ပေးပါမယ်။ ကိုယ့်ရဲ့ အသည်း၊ ကျောက်ကပ်၊ အစာချေလမ်းကြောင်း ကောင်းနေသရွေ့ Detox မလိုပါဘူး။ မကောင်းတော့ရင်လည်း ကုသမယ့် နည်းလမ်းတွေရှိပါတယ်။ (Detox ကတော့ အဲ့ဒီအထဲမှာ မပါပါဘူး…)
စျေးကြီးပေးပြီး ဒါတွေလုပ်မယ့်အစား အစားအသောက်ကို မှန်မှန်ကန်ကန် ရွေးချယ်စားသုံးပါ။ ဝမ်းအချုပ်မခံပါနဲ့။
ဒီလိုပြောလို့ ဝမ်းချုပ်တဲ့အခါ ဝမ်းနှုတ်ဆေးတွေ စားခိုင်းတာမဟုတ်ပါဘူး… သူ့ဘာသာ ဝမ်းသွားအောင် အမျှင်ဓာတ်များတဲ့ အစာတွေ များများစားခိုင်းတာပါ။

နောက်ဆုံးပိတ်ပြောချင်တာကတော့ ပညာရှင်တွေဘာပြောလဲဆိုတာ နားထောင်ပါ။ Detox ကိစ္စဆိုရင် ဆရာဝန်အများစုက ဘယ်လိုအမြင်ရှိလဲ နားထောင်ကြည့်သင့်ပါတယ်။ (အနည်းစုကတော့ ကိုယ်တိုင်တောင် Detox လုပ်နေနိုင်ပါတယ်…)
စာရှည်ပြီမို့ ရပ်လိုက်ပါပြီ။ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
SAGAN
Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။