ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?

စာဖတ်သူတချို့ကလာမေးကြလို့ နည်းနည်းရှင်းပြရင်း စာတပုဒ်ရေးပေးလိုက်ပါတယ်။

လူ့ခန္ဓာကိုယ်ကို ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်က အခြေခံအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်တွေစုပေါင်းပြီးရင် ပိုကြီးတဲ့ တစ်ရှူး (tissues) ဆိုတာဖြစ်လာပါတယ်။ တစ်ရှူးတွေစုပေါင်းပြီးရင် ကိုယ်အင်္ဂါအစိတ်အပိုင်း (organ) ဆိုတာဖြစ်လာပါတယ်။

Organ ဆိုတာ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ ခြေလက် စသဖြင့် မျက်လုံးနဲ့မြင်ရတဲ့အရာတွေဖြစ်ပါတယ်။ Organs တွေအချင်းချင်းချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါ စနစ်ဆိုတဲ့ system ဖြစ်လာပါတော့တယ်။
ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ သွေးလှည့်အဖွဲ့အစည်း၊ အစာအိမ်နဲ့အစာခြေအဖွဲ့အစည်း စသဖြင့်ဖြစ်လာပါတယ်။

ကျနော်တို့ရဲ့ ဆဲလ်တွေက ပြန်ပွားနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အမျိုးအစား ၃ မျိုးခွဲလို့ရပါတယ်။

  1. Labile cells (ကြိုက်သလိုပြန်ပွားနိုင်သော အချိန်မှန်အသစ်လဲနေသောဆဲလ်များ)
  2. Stable cells (လိုအပ်တဲ့အချိန်ရောက်မှပွားပြီး မလိုရင် အေးဆေးငြိမ်နေသောဆဲလ်များ)
  3. Permanent cells (မွေးကတည်းက မပြောင်းလဲပဲ အသစ်ထပ်မဖြစ်တော့သော ဆဲလ်များ) ဆိုပြီး ၃ မျိုးခွဲထားပါတယ်။

ဆံပင်တို့ အရေပြားတို့မှာရှိတဲ့ cell တွေက labile cells တွေဖြစ်လို့ အမြဲတမ်းပြန်ပြန် ပွားနိုင်ပြီး အသစ်လဲနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါကြောင့် ဆံပင်ကပြန်ပေါက်ပြီး လက်သည်းကပြန်ရှည်ကြသလို အရေပြားကလဲ ပေါက်ပြဲတိုင်း အသစ်ပြန်ဖြစ်ကြပါတယ်။

အရပ်ရှည်ခြင်းကတော့ အရိုးနဲ့ဆိုင်ပါတယ်။

အရိုးတချောင်းမှာဆိုရင် အဖျားပိုင်းမှာ growth plate လို့ခေါ်တဲ့ နေရာရှိပါတယ်။ အဲ့ growth plate က အရိုးနုလေးတွေနဲ့ ဖွဲ့စည်းထားပြီး လိုအပ်တဲ့အရွယ်ရောက်ရင် ရှည်လာပါတယ်။

အရိုးနုအပြားရှည်လာရင် အရိုးလဲရှည်လာလို့ အရပ်ထွက်လာပါတယ်။ အထူးသဖြင့် လူပျိုအပျိုဖော်ဝင်ချိန် puberty အရွယ်မှာ ဟော်မုန်းတွေရဲ့လှုံ့ဆော်မှုကြောင့် အရိုးနုအပြားလေးက ရှည်လာပါတယ်။

ဒါကြောင့် အရပ်က အသက် ၁၂နှစ်ကနေ ၁၆နှစ်အတွင်းမှာ မတရားရှည်ထွက်လာကြပါတယ်။ နောက်ပိုင်းမှာတော့ အရပ်ရှည်နှုန်းကတဖြေးဖြေးကျလာပြီး အသက် ၁၈နှစ်နဲ့ ၂၁နှစ်ကြားဆိုရင် အဲ့ဒီအရိုးနုပြားက ပိတ်သွားပါတယ်။

ဒီလိုပိတ်သွားတဲ့အတွက် အရပ်ကဆက်မရှည်တော့ပါဘူး။ အရိုးနုဆဲလ်တွေက stable cells တွေဖြစ်လို့ လိုတဲ့အချိန်မှာပဲ ပွားပြီး မလိုရင် ဆက်မပွားတော့တဲ့အတွက် အရပ်က တသက်လုံးမရှည်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ အရပ်ရှည်ဖို့အဓိကကျတာက ပေါင်ရိုး (femur) နဲ့ ခြေသလုံးရိုး (tibia and fibula) ဖြစ်ပါတယ်။

မိမိအရပ်ကဘယ်လောက်ထိထွက်နေမှာလဲဆိုတာ အဖြေအတိအကျမရှိပါဘူး။ အကြမ်းဖျင်းပြောရရင် အသက် ၂၀အထိ အရပ်ကနည်းနည်းရှည်နိုင်သေးပါတယ်။ ဒါကလဲ လူတိုင်းအတွက်မဟုတ်ပါဘူး။

မိဘမျိုးရိုး၊ အစားအသောက်၊ အိပ်စက်ခြင်း၊ ကိုယ်ဟန်အနေအထား၊ အားကစား စတာတွေပေါ်မူတည်နေပါတယ်။ မျိုးရိုးဗီဇက ၈၀% လောက်အထိအရေးပါပြီး ကျန်တဲ့အရာတွေက ၂၀% ပဲ အရေးပါပါတယ်။

မိမိဖြစ်လာနိုင်တဲ့ အရပ်အမြင့် အကြမ်းဖျင်းကို တွက်ကြည့်လို့ရပါတယ်။ အဖေရဲ့အရပ်နဲ့ အမေရဲ့အရပ်ကို လက်မနဲ့တိုင်းပြီး ပေါင်းလိုက်ပါ။ ပြီးရင် ၂ နဲ့စားလိုက်ပါ။ ရလာတဲ့အဖြေကို ယောကျ်ားလေးဆိုရင် 2.5 လက်မပေါင်းထည့်ပေးပါ။
မိန်းကလေးဆိုရင် 2.5 လက်မပြန်နုတ်ပေးပါ။

ဒါကအကြမ်းဖျင်းတွက်ကြည့်တာဖြစ်ပြီး ပျမ်းမျှအရပ်ကိုသိနိုင်ပါတယ်။ အတိအကျကတော့ မိမိရဲ့ခန္ဓာကိုယ်ပေါ်မူတည်ပါသေးတယ်။

ကိုယ်လုံးအနေအထားကို မတ်မတ်ရပ်ခြင်း၊ ရင်အုပ်ဖွင့်ပြီး ခါးမတ်မတ်ထိုင်ခြင်း၊ ကုန်းကုန်းကွကွ မနေခြင်း စတာတွေနဲ့လဲ အရပ်ပိုရှည်တယ်လို့ ခံစားရအောင် လေ့ကျင့်လို့ရပါတယ်။

အရပ်ရှည်အောင်ခွဲစိတ်မှုတွေ၊ ဆေးသောက်တာတွေကို တချို့လုပ်ကြပေမယ့် ဒီနည်းလမ်းတွေကိုတော့ အားမပေးပါဘူး။ အန္တရာယ်လဲများသလို ငွေကုန်ကြေးကျလဲများလွန်းပါတယ်။ အာဟာရပြည့်အောင်စားသောက်ပြီး အိပ်ရေးဝအောင်အိပ်ပေးခြင်းကသာ ကျန်းမာသောအရပ်ကိုပိုင်ဆိုင်ရမှာပါ။

Dr. Venice

Next Post, Previous Post မနှိပ်ဘဲ OUO Link ကနေ ၁ပုဒ်ချင်းဝင်ဖတ်ပြီး ကူညီပါ။
အသိအမြင်၊ အတွေးအခေါ် အသစ်တစ်ခုခုရသွားလို့ လှူဒါန်းလိုပါက Science Nuts (Facebook Page) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
လှူသမျှငွေအကုန်လုံးကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းပေးသွားမှာပါ။

Leave a comment

Design a site like this with WordPress.com
Get started